Home » » အီလက်ထရိုမြူးဇစ်ကို ဖန်တီးခဲ့သူ သားစိုးရဲ့ ငယ်ဘဝ

အီလက်ထရိုမြူးဇစ်ကို ဖန်တီးခဲ့သူ သားစိုးရဲ့ ငယ်ဘဝ

Written By မောင်စေတနာ on Tuesday, April 12, 2011 | 12:09:00 AM

e4211

“မြန်မာဂီတပညာရှင်တွေ ကိုယ်ပိုင်ဂီတဖန်တီးမှု အားနည်းနေပြီး ကော်ပီသီချင်းတွေ အရမ်းများနေလို့ ကျွန်တော်က နိုင်ငံတကာအလည်မှာ ကိုယ့်ဂီတကို လိပ်ပြာသန့်သန့်နဲ့ချပြ၊ ဖွင့်ပြနိုင်မယ့် ကိုယ်ပိုင်ဂီတတစ်ခု ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂီတလမ်းကြောင်းသစ်ကို ဖောက်လုပ်ခဲ့တာပါ” လို့ဆိုလာသူက သားစိုးပါ။ သူက ခေတ်နဲ့အညီ ပေါ်ထွက်လာတဲ့ အမျိုးစုံတဲ့ ဂီတများစွာ အနက်ကမှ ရိုးရာနတ်ဒိုးကို အခြေခံတဲ့ အီလက်ထရိုမြူးဇစ် ပုံစံသစ်ကို ဖန်တီးပြီး ၂၀၀၆ နှစ်မှာ မြန်မာပရိသတ်များနဲ့ ထိတွေ့ခွင့်ပေးခဲ့သူပေါ့။

သူဖန်တီးတဲ့ အီလက်ထရိုနတ်ဒိုး ဂီတတေးသံစဉ်များက ခေတ်နဲ့ အညီ စီးမျောနေတဲ့ လူငယ်တွေကြား မှာ အတာသင်္ကြန်ရက်များနဲ့အတူ လေဟုန်မှာ ပျံ့လွင့်လေ့ရှိပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဆိုင်းကြိုက်တဲ့မောင်၊ တောင်ပေါ်ကရှမ်းကလေး၊ Remix ကိုမှကြိုက်တယ်ဗျာ စတဲ့တေးသီချင်း တွေက သင်္ကြန်မှာ လွှမ်းမိုးမှုကောင်း ခဲ့တဲ့တေးသီချင်းတွေ ဖြစ်ခဲ့သလို ၂၀၀၇ ခုနှစ်မှာလည်း သူဖန်တီးတဲ့ နပန်းစံ၊ ရေခဲရေ စတဲ့ တေးသံစဉ် တွေက လူငယ်တွေ မြူးကြွကခုန်နေတဲ့ သင်္ကြန်မဏ္ဍပ်တိုင်းမှာ ပျံ့လွင့်အောင်မြင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၀၈ သင်္ကြန်ရက်တွေမှာ ကိုကြီးကျော်၊ ပျော်ရဲ့လားဟေ့ မောင်တို့ရေ သီချင်း၊ ၂၀၀၉ သင်္ကြန်မှာ၂၀၀၉ စာဥအလွမ်း သီချင်း၊ ၂၀၁၀ သင်္ကြန်မှာ အာရာပါး စတဲ့စတဲ့ သီချင်းများက သင်္ကြန်ရက်များနဲ့ တွဲဖက်လို့ သူ့ရဲ့ဂီတဖန်တီးမှု ကိုတစ်နှစ်ပြီး တစ်နှစ် အောင်မြင်စေခဲ့ တဲ့သီချင်းတွေပါ။

သူဖန်တီးတဲ့ ဂီတအပေါ် “လူငယ်ပီပီ လမ်းကြောင်းသစ်ဖောက်ပြီး ကြိုးစားဖန်တီးထားတာ လေးစား ဖို့ကောင်းတယ်”ရယ်လို့ လက်ခံချီး ကျူးအားပေးကြတဲ့ ပရိသတ်များစွာ ရှိသလိုပဲ “ဘာတွေလျှောက်လုပ် နေတာလဲ။ ရိုးရာဂီတကို ဖျက်ဆီးနေတယ်” စတဲ့ ဝေဖန်မှုမျိုးစုံနဲ့ မနှစ်မြို့သူတွေလည်း ရှိပါတယ်။

သူရဲ့နှလုံးသားထဲမှာ ဂီတမြတ်နိုးမှုတွေကို စတင် သန္ဓေတည်စေခဲ့တာက သူ့အသက် ဆယ်နှစ်အရွယ် ၅ တန်းကျောင်းသားလေး စိုးမွန်အောင် ဘ၀မှာပါ။ စီးပွားရေးရပ်ဝန်း က ဖခင်ဖြစ်သူ ဦးအောင်စန်းတင့်က သားကြီးဖြစ်တဲ့ သူ့ကို ကက်ဆက် တစ်လုံး လက်ဆောင် ၀ယ်ပေးခဲ့တယ်။ အဲဒီခေတ် အဲဒီအချိန်မှာ ရေဒီယိုက ထုတ်လွှင့်တဲ့ အင်္ဂလိပ်တေးသံတွေကို နားသောတဆင်ရင်း ဂီတကပေးစွမ်း တဲ့ ကြည်နူးမှုရသတွေကို နှစ်သက် ကျွမ်းဝင်လာခဲ့တဲ့အပြင် ဂီတသံစဉ် များကို ၀ါသနာပါတဲ့ မိဘနှစ်ပါးရဲ့ နေ့စဉ်ဖွင့်လှစ်နားဆင်ခဲ့တဲ့ တေးသံစဉ်တွေကလည်း သူတို့ညီအစ်ကို သုံးယောက်ရဲ့ရင်ကို ဂီတမြတ်နိုးစိတ်တွေ မွေးဖွားပေးခဲ့ပါတယ်တဲ့။

သူ ၇ တန်းကျောင်းသားအရွယ် ရောက်တော့ ၀ါသနာတူ သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး ဂီတအဖွဲ့အဖြစ် လှုပ်ရှားမှုတွေ စတင်ခဲ့တယ်။ အဲဒီအချိန်တွေက ပညာရေးတစ်ဖက်နဲ့ ၀ါသနာရှင်အဖြစ်သာ လှုပ်ရှားခဲ့ပေမယ့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန် မှာတော့ သူငယ်ချင်းဖြစ်သူ သုတအေး၊ ပြည်သာတို့နဲ့တွဲပြီး W.Y.W ဆိုတဲ့ ဂီတအဖွဲ့လေး ဖွဲ့ခဲ့တယ်။ အဲဒီ အဖွဲ့အနေနဲ့ အနည်းငယ် ကြမ်းတမ်းသယောင်ရှိတဲ့ ဟစ်ဟော့ပ်ဂီတသံစဉ် တွေကို Underground ရပ်ဝန်းမှာ ဟစ်ကြွေးခဲ့ကြပါတယ်။ အဲဒီအချိန် က Underground ရပ်ဝန်းမှာ သူတို့ အဖွဲ့နဲ့အတူ အက်စစ်အဖွဲ့ဖြစ်လာတဲ့ အနဂ္ဂတို့အဖွဲ့ကလည်း အက်စစ်မဟုတ်သော အမည်နဲ့ လှုပ်ရှားနေ သလို တခြားဂီတ အဖွဲ့ငယ်တွေလည်း များစွာရှိခဲ့တာပေါ့။ Underground ရပ်ဝန်းမှာ W.Y.W အဖွဲ့ရဲ့ရပ်တည်မှု က သိပ်မကြာခဲ့ပါဘူး။ အကြောင်းကြောင်းတွေကြောင့် ပြိုကွဲခဲ့ပြီးသားစိုး က ၁၉၉၇ ခုနှစ်မှာ ခင်မင်ခဲ့တဲ့ သူငယ်ချင်း ဘာဘူ ဖွဲ့စည်းထားတဲ့ Fi Gi- D အဖွဲ့ထဲ ၀င်ရောက် လှုပ်ရှားခဲ့တယ်။

၁၉၉၈ ခုနှစ်ဝန်းကျင်မှာ ဘာဘူဖွဲ့စည်းခဲ့တဲ့ Fi Gi- D ဂီတအဖွဲ့ မှာ သီရိဆွေ နုတ်ထွက်အပြီး သားစိုး နဲ့ကွိကွိတို့ အဖွဲ့ဝင်ဖြစ်လာချိန် နောက် ပိုင်း ၂၀၀၀ ပြည့်နှစ်မှာတော့ အဆိုရှင် အဲလက်စ်နဲ့တွေ့ဆုံပြီး အဲလက်စ်ရဲ့ ကူညီမှုတွေနဲ့ အဖွဲ့အမည်ကို Theory အဖွဲ့အဖြစ် ပြောင်းခဲ့ပြီး သားစိုး၊ ဘာဘူ၊ ကွိကွိနဲ့အဲလက်စ်တို့ ပါဝင်သီဆိုထားတဲ့ Theory စီးရီးကို၂၀၀၀ ပြည့်နှစ်မှာ စတင်ထွက်ရှိနိုင်ခဲ့ပါတယ်။ Theory မှာ သီဆိုခဲ့တဲ့သားစိုးရဲ့ ဟစ်ဟော့ပ် ဂီတသံစဉ်တွေက W.Y.W အဖွဲ့မှာ ဟစ်ကြွေးခဲ့တဲ့ သံစဉ်တွေထက်တော့ နူးညံ့ခဲ့ပါပြီ။

“Underground ရပ်ဝန်းမှာ နှစ် တော်တော်ကြာ လှုပ်ရှားဖြစ်တယ်။ ကျွန်တော်ဆယ်တန်းအောင်တော့ အင်္ဂလိပ်စာအဓိကနဲ့ ဒဂုံတက္ကသိုလ်မှာ ဒုတိယနှစ်ထိ တက်ခဲ့တယ်။ ဒုတိယနှစ်ဖြေပြီးတော့ နိုင်ငံခြားမှာ ဂီတနဲ့ ပတ်သက်တဲ့ ပညာရပ်သွားချင်တဲ့ အတွက် ၂၀၀၀ ပြည့်နှစ်မှာ လန်ဒန်ကိုသွားပြီး အဲဒီက SAE (School of Audio Engineering) ကျောင်းမှာ Audio Engineering ဘာသာကို သင်ယူခဲ့တယ်။ အဲဒီမှာစပြီး အီလက်ထရိုဂီတကို ကျွမ်းဝင်သိရှိပြီး ဆရာရှင်းပြတဲ့ DanceMusic ဂီတအကြောင်း ကိုစိတ်ဝင်စားခဲ့တယ်။

အဲဒီအချိန်က အင်္ဂလန်မှာ ဟစ်ဟော့ပ်တွေ ခေတ်မစားဘူး။ DanceMusic ဂီတက ခေတ်စားနေတဲ့ အချိန်ပေါ့။ ဒါကြောင့် ကျွန်တော်တို့ဂီတကိုလည်း တခြားနိုင်ငံတွေလို ဖန်တီးချင်စိတ်ဖြစ်ပြီး အင်္ဂလန်က အကြီးဆုံး စာကြည့်တိုက် မှာ မြန်မာနတ်ဒိုးနဲ့ ပတ်သက်တာတွေ နဲ့ ရှေးခေတ်ဂီတနဲ့ ပတ်သက်တာ တွေကို ဝေဖန်မှုတွေပါ ဖော်ပြထားတဲ့ စာအုပ်တွေအများကြီးမှာ ရှာဖွေဖတ် ရှုခဲ့ရတယ်”လို့ အီလက်ထရိုနတ်ဒိုး ဂီတအား ဖန်တီးလိုစိတ် ဖြစ်လာပုံကို သားစိုးက ဆိုပါတယ်။

အင်္ဂလန်မှာ သုံးနှစ်ခွဲဝန်းကျင် ပညာသင်ယူအပြီး ၂၀၀၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ ပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာပရိသတ်တွေနဲ့ ရင်းနှီးမှုမရှိသေးတဲ့ ဂီတပုံစံသစ်ကို စွန့်ဦးတီထွင်ဖန်တီး ဖို့အတွက် တစ်ကိုယ်တော်စွန့်စားမှု ကို အစပြုခဲ့ပါတယ်။ သူယုံကြည်တဲ့ လမ်းကြောင်းသစ်ကို လျှောက်လှမ်း နိုင်ဖို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း စတဲ့ ဒေသတွေမှာရှိတဲ့ ရိုးရာနတ်ပွဲတွေကို တစ်ကိုယ်တော်ခရီးစဉ်နဲ့ လေ့လာမှတ်တမ်းတင် ခဲ့ပါတယ်။

ူ့ရဲ့ဂီတဖန်တီးမှု ရုပ်လုံးပေါ်ဖို့အတွက် မြန်မာ့ဆိုင်းပညာရှင် စိန်လှငွေနဲ့ စိန် မြိုင်တို့ရဲ့ အကူအညီအပါအ၀င် Remix ကျွမ်းကျင်သူ ဥက္ကာဦးသာရဲ့ ကူညီပံ့ပိုး ဖန်တီးပေးမှုတွေနဲ့ ၂၀၀၆ ခုနှစ်မှာ ရောသမမွှေစီးရီးကို ပရိသတ်ရှေ့ တင်ပြနိုင်ခဲ့ပါတယ်။ ရောသမွှေစီးရီး ထွက်ရှိပြီးနောက်ပိုင်းမှာတော့ မြန်မာ့ဂီတနဲ့ ပေါင်းစပ်တဲ့ ဂီတလမ်းကြောင်းသစ်ကို တီထွင်ခဲ့တဲ့ သားစိုးကို နိုင်ငံတကာ သတင်းမီဒီယာကြီးတွေက အလေးထားမေးမြန်း ဖော်ပြခြင်းခံခဲ့ရပါ တယ်။ ရောသမမွှေစီးရီးထွက်ရှိ ပြီးနောက် ၂၀၀၇ ခုနှစ်မှာ ရောချင်ရောမရောချင်နေ၊ ၂၀၀၈ ခုနှစ်မှာ အမွှေစီးရီးနဲ့ ဖအေတူ မအေတူ စီးရီး (ညီဖြစ်သူ ဗုံဘုံနှင့်သီဆိုထားသည်)၊ ၂၀၀၉ ခုနှစ်မှာ မွှေလို့မ၀လို့၊ ၂၀၁၀ ပြည့်နှစ်မှာ ရောတယ်မွှေတယ် စီးရီး တွေကို နှစ်စဉ် ထွက်ရှိနိုင်ခဲ့ပါတယ်။ ၂၀၁၁ မှာတော့ အဲဒီစီးရီးတွေထဲက ဂီတပုံစံနဲ့ နွယ်တဲ့ ဂီတပုံစံသစ်အဖြစ် ဖန်တီးထားတဲ့ ငွေမြင်လျှင်လင်လုပ်မည် စီးရီးသစ်ကိုထွက်ရှိဖို့ စီစဉ်လျက် ရှိပါတယ်။ တစ်ကိုယ်တော်ခွေငါးခွေနဲ့ အတွဲခွေခုနစ်ခွေ ၀န်းကျင်ကို ဖြန့်ချိထားပြီးဖြစ်တဲ့ သားစိုးက ၂၀၀၉ ခုနှစ်မှာ မထက်ထက်ခိုင်နဲ့ လက်ထပ်ခဲ့ပါတယ်။

“လူဆိုတာမွေးကတည်းက သေဖို့မွေးလာတာပါ။ မသေခင် ကောင်းတာတွေလုပ်တာဟာ အကောင်းဆုံး ဖြစ်မှာပါ။ ကျွန်တော်က ကျွန်တော့် လမ်းကို ပုံမှန်လျှောက်လှမ်းမယ်။ ဘ၀မှာ မုန်တိုင်းလာလာ လေပြေလာ လာ အရာအားလုံးကို ကြံ့ကြံ့ခံနိုင်တဲ့ လူသားတစ်ယောက်အနေနဲ့ ရပ်တည် နေပါတယ်” လို့ဆိုလာသူ သားစိုးရဲ့ ရှေ့ဆက်မယ့်ခရီးကတော့ . . .

“ရှေ့ဆက်မယ့်ခရီးမှာ တီထွင်စရာတွေ အများကြီး ကျန်ရှိနေသေးတယ်လို့ ယူဆတဲ့အတွက် အခုလုပ်ဆောင်နေတဲ့ ဂီတနဲ့နွယ်တဲ့ ဂီတပုံစံ သစ်တွေကို ကျွန်တော်နဲ့အတူ လိုက်ပြီး တီထွင်မယ့် လူငယ်တွေလည်းရှိတဲ့အတွက် သူတို့တွေနဲ့တွဲပြီး တီထွင်မှုတွေ လုပ်ဆောင်သွားမယ်။ နောက် ပိုင်းမှာ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို ပိုလုပ်ဖြစ်မယ်”တဲ့ . . .

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။