Home » » ထိုင်းတောင်ပိုင်းရှိ မြန်မာအလုပ်သမားများ ရေဘေးဒုက္ခကြုံနေ

ထိုင်းတောင်ပိုင်းရှိ မြန်မာအလုပ်သမားများ ရေဘေးဒုက္ခကြုံနေ

Written By မောင်စေတနာ on Monday, April 11, 2011 | 9:59:00 PM

ထိုင်းတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာ အလုပ်သမား တသောင်း ခန့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အလုပ်သမား အကူအညီပေးရေး အဖွဲ့များက ပြောသည်။

စက်ရုံ၊ အလုပ်ရုံများ ရေလွှမ်းမိုးမှုကြောင့် အလုပ်သမားများအနေဖြင့် နီးစပ်ရာ ဆွေမျိုး၊ သူငယ်ချင်းများ နေထိုင်ရာ စက်ရုံ အလုပ်ရုံများနှင့် ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေရကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ အဓိက ဆောင်ရွက်ပေးနေသော(GHRED) အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က ဆို သည်။

flood-thai-2011

စူရဌာနီ၌ ရေလွှမ်းနေသည်ကို ဧပြီ ၄ ရက်နေ့က ဝေဟင်မှ မြင်တွေ့ရစဉ် (ဓာတ်ပုံ - Getty Images)

“တချို့စက်ရုံတွေက ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေကို လက်ခံပေမယ့် တချို့ကမလက်ခံဘူး၊ အလုပ်သမား တွေက ကျနော်တို့ အဖွဲ့ကိုလာဆက်သွယ်တယ်။ သူတို့ အဓိက လိုအပ်နေတာကတော့ ဆန်ပါ၊ ဒီကနေ့ ထမင်း ၂ ရက် လောက် မစားရတဲ့ အလုပ်သမားတွေလည်း တွေ့တယ်”ဟု ဦးထူးချစ်က ပြောသည်။

ရေဘေးဒုက္ခသည်များအတွက် ဆန်နှင့် အခြေခံ စားသောက်ကုန်များ၊ သောက်ရေသန့် စသည်တို့ကို GHRE အဖွဲ့ မှ လှူဒါန်း ပေးခဲ့သည်ဟု သိရသည်။

ထိုင်းတောင်ပိုင်းရှိ စူရဌာနီ၊ ဘဘီ၊ နခွန်ဆီထာမရ၊ ပါတလန်၊ ချုံဖော်၊ တရန်၊ ဖန်င၊ စေတန်၊ ဆုန်ခလာနှင့် နာရာ သီ ၀တ် စသော ခရိုင် ၁၀ ခုတွင် မတ်လ၂၃ ရက်နေမှ စတင်၍ ရေလွှမ်းမိုးမှုကြောင့် ဒေသခံ ၄၇ ဦး အသက် ဆုံးရှုံးခဲ့ပြီး မိသားစုပေါင်း ၅၇၉ ၀၀၀ အခက်အခဲဒုက္ခကြုံနေရကြောင်း ထိုင်းသတင်းများက ဆိုသည်။

စူရဌာနီ Asian Sea Food ကုမ္ပဏီတွင် အလုပ်လုပ်နေသည့် ကိုမောင်ဇော်က“စက်ရုံက ပေးထားတဲ့ အခန်းတွေက ရေမြုပ်ကုန်လို့ နေလို့မရတော့ဘူး၊ အခုတော့ သူငယ်ချင်း အိမ်တွေမှာပဲနေပြီး ရှိတာတွေကို အတူစားနေရတယ်”ဟု ပြော သည်။

စူရဌာနီသည် ပင်လယ်သို့ ရေများ စီးဆင်းသည့် လမ်းကြောင်းပေါ်တွင် တည်ရှိသဖြင့် ဒေသခံကိုများ သတိထားရန် အာဏာပိုင်များ က နှိုးဆော်ထားသည်။

“ရေကြီးတော့ အလုပ်မလုပ်နိုင်ဘူး၊ ရှိတာလေးနဲပဲ ချွေတာ စားနေကြရတယ်၊ အလုပ်မလုပ်ရတဲ့ ရက်အတွက် လုပ် အားခပြန်ပေးမယ်လို့ပြောတာ ကြားပေမယ့် မသေချာဘူး”ဟု မြန်မာအလုပ်သမား တဦးဖြစ်သည့် ဦးမြင့်သန်းကလည်း ပြောသည်။

ထိုင်းတောင်ပိုင်း၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရက်လျှင် ထိုင်းဘတ် ၁၇၂ ဘတ်ရရှိကြပြီး အချိန်ပို လုပ်ပါက တနာရီလျှင် ၃၂ ဘတ်ရကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ မိကျောင်းမွေးမြူရေး ကန်များမှ မိကျောင်းများလည်း ရေလွှမ်းမိုးမှုကြောင့် လွတ်မြောက်ကုန် သဖြင့် ဒေသခံများကို အပြင်ထွက်ပါက သတိရှိကြရန် အာဏာပိုင်များက နှိုးဆော်ထားသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများက ခန့်မှန်းထားသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။