Home » , » မြန်မာသံရုံး ကွာလာလမ်ပူမြို့မှ ကူညီ လုပ်ဆောင်မှုများ

မြန်မာသံရုံး ကွာလာလမ်ပူမြို့မှ ကူညီ လုပ်ဆောင်မှုများ

Written By မောင်စေတနာ on Thursday, July 30, 2015 | 10:04:00 AM



မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ KLIA လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများအား သွားရောက်တွေ့ဆုံခဲ့ခြင်း

၁။ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ မိမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံရုံးဝန်ထမ်းများသည် သက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းများသို့ သွားရောက်၍ လူတွေ့စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။

၂။ ၂၁-၇-၂၀၁၅ ရက်နေ့တွင် မြန်မာသံရုံးမှ သံအရာရှိများသည် KLIA Camp သို့ သွားရောက်၍ ထိန်းသိမ်းခံထားရသည့် အမျိုးသား (၂၂၂) ဦး၊ အမျိုးသမီး (၂၂) ဦး၊ ကလေး (ကျား) (၁၃) ဦး၊ စုစုပေါင်း (၂၅၇) ဦးတို့အား တွေ့ဆုံကာ ၎င်းတို့၏ အခက်အခဲများ၊ ကျန်းမာရေးအခြေအနေများကို မေးမြန်း၍ မြန်မာနိုင်ငံသားဖြစ်ကြောင်း မှန်ကန်မှုရှိ/မရှိ လိုအပ်သည့်အချက်များကို စိစစ်ခဲ့ပါသည်။

၃။ ယင်းသို့ လူတွေ့ တွေ့ဆုံမေးမြန်းခဲ့ကြသူများအနက် အောက်ဖော်ပြပါ ထိန်းသိမ်းခံထားရသူများမှာ နေထိုင်ရေး အခက်အခဲများ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်-

(က) မဇူဟူးထန်ဧ (ကိုယ်ပိုင်နံပါတ် ၁၆၈၁)
ချင်းလူမျိုးဖြစ်သည့် မဇူဟူးထန်ဧသည် ကိုယ်ဝန် (၅) လခန့် လွယ်ထားရပြီး နာမကျန်းဖြစ်ကာ Camp ထဲတွင် နေထိုင်ရေး အခက်အခဲ ဖြစ်နေပါသဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုပါကြောင်း စိစစ်တွေ့ရှိရပါသည်။

(ခ) ဦးကိုကိုတင် (ကိုယ်ပိုင်နံပါတ် ၁၉၄၇)
ကိုအောင်စိုး (ကိုယ်ပိုင်နံပါတ် ၃၈၅)
ဗမာလူမျိုးဖြစ်သည့် ဦးကိုကိုတင် (အသက် - ၄၂ နှစ်) နှင့် ဟိန္ဒူလူမျိုးဖြစ်သည့် ကိုအောင်စိုး (အသက် - ၂၃ နှစ်) တို့သည် စိတ်ကျန်းမာရေး ချို့ယွင်းလျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

(ဂ) ကိုအောင်ကိုဝင်း (ကိုယ်ပိုင်နံပါတ် ၂၆၃၈)
ဗမာလူမျိုးတစ်ဦးဖြစ်သည့် ကိုအောင်ကိုဝင်း (အသက် - ၂၉ နှစ်) သည် ကျန်းမာရေးချို့ယွင်းလျက်ရှိပြီး Camp ထဲတွင် နေထိုင်ရေး အခက်အခဲ ဖြစ်နေပါသဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုပါကြောင်း စိစစ်တွေ့ရှိရပါသည်။

(ဃ) ခန္ဓာကိုယ်ဖောယောင်နာမကျန်းသူ - (၇) ဦး
KLIA Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် ကျန်းမာရေး ဖောက်ပြန်ပြီး ခန္ဓာကိုယ်ဖောယောင်နေသူ (၇) ဦးတို့ကို စိစစ်တွေ့ရှိရပြီး ယင်းသို့ ခန္ဓာကိုယ်ဖောယောင်မှုမှာ ထိန်းသိမ်းရေးစခန်း၌ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ကာ စုစုပေါင်း (၇)ဦး သေဆုံးခဲ့ပြီးဖြစ်ပါသဖြင့် ယခုဖြစ်ပွားနေသူများအတွက်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိသောကြောင့် ၎င်းတို့မှာ မြန်မာနိုင်ငံသို့ အမြန်ပြန်၍ ဆေးကုသမှုခံယူရန် လိုအပ်ပါကြောင်း စိစစ်တွေ့ရှိရပါသည်။

(င) အသက် (၁၈)နှစ်အောက်လူငယ် - ၁၃ ဦး
KLIA Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် အသက်မပြည့်သူ/ အသက် (၁၈) နှစ်အောက် လူငယ် (၁၃) ဦး ပါဝင်နေကြောင်း စိစစ်တွေ့ရှိရပါသည်။ အများစုမှာ ချင်းတိုင်းရင်းသားများဖြစ်ကြောင်း တွေ့ရှိရပါသည်။

(စ) အမျိုးသမီး - ၂၁ ဦး
KLIA Camp တွင် ထိန်းသိမ်းခံထားရသူများအနက် အများစုမှာ အမျိုးသားများ ဖြစ်ကြကာ ကျန်ရှိသည့် အမျိုးသမီး စုစုပေါင်း (၂၁) ဦး သည်လည်း ရောဂါဝေဒနာများ ခံစားနေရခြင်း၊ အခြားထိန်းသိမ်းရေးစခန်းတစ်ခုမှ ပြောင်းရွှေ့လာကြရပြီး Camp ထဲတွင် ကာလရှည်ကြာထိန်းသိမ်းခံထားရခြင်းနှင့် နေထိုင်ရေးအခက်အခဲများ ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လိုပါကြောင်း စိစစ်တွေ့ရှိရပါသည်။

(ဆ) ကိုလှသွန်း (ကိုယ်ပိုင်နံပါတ် ၂၂၂၅)
ကိုလှသွန်းအား သံရုံးမှ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံသားစိစစ်ထားပြီး အချက်အလက် မပြည့်စုံသည့်အတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့အတည်ပြုရာတွင် ကိုလှသွန်းမှ ၎င်း၏ ဆက်သွယ်ရမည့် နေရပ်လိပ်စာတို့ကို ကောင်းစွာမမှတ်မိသဖြင့် နိုင်ငံသားအတည်ပြုရန် ခက်ခဲလျက်ရှိပြီး Camp ထဲတွင် (၈)လကျော်ခန့် ကြာမြင့်နေသည်ကို စိစစ်တွေ့ရှိရပါသည်။ ၎င်းနှင့်အတူ အခြားထိန်းသိမ်း ခံထားရသူ (၄) ဦးမှာလည်း Camp ထဲတွင် နေထိုင်ရေး အခက်အခဲ ဖြစ်နေပါသောကြောင့် မြန်မာနိုင်ငံသို့ ပြန်လိုပါကြောင်း မှတ်ပုံတင် အထောက်အထား အပြည့်အစုံနှင့်တကွ တင်ပြလာပါသည်။

၎။ အထက်ဖော်ပြပါ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ဦး၊ စိတ်ကျန်းမာရေးချို့တဲ့သူ (၂) ဦး၊ ကူးစက်ရောဂါရှင် (၁) ဦး၊ ခန္ဓာကိုယ်ဖောယောင်နာမကျန်းသူ (၇) ဦး၊ အသက် (၁၈) နှစ်အောက် လူငယ် (၁၃) ဦး၊ အမျိုးသမီး (၂၁) ဦးနှင့် စခန်းတွင် ကာလကြာထိန်းသိမ်းခံထားရသူ (၅) ဦး၊ စုစုပေါင်း (၅၀) ဦးတို့သည် ဒုက္ခဝေဒနာများ ခံစားရလျက်ရှိပြီး မိမိနိုင်ငံသို့ မဖြစ်မနေ အမြန်ပြန်ရန် လိုအပ်နေသူများဖြစ်သောကြောင့် မြန်မာသံရုံးအနေဖြင့် ၎င်းတို့အား ဦးစားပေးအနေဖြင့် အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၅။ အလားတူ မြန်မာသံရုံးမှ ယခုကဲ့သို့ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သူများအနက် စနစ်တကျ စိစစ်ပြီးနောက် အချက်အလက် ပြည့်စုံစွာ တင်ပြနိုင်သည့် မြန်မာနိုင်ငံသား မှန်ကန်သူများ၊ မြန်မာနိုင်ငံသို့ ပြန်လိုသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ C of I အမြန်ဆုံး ထုတ်ပေး၍ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အချက်အလက် ပြည့်စုံစွာ မတင်ပြနိုင်သဖြင့် လတ်တလော နိုင်ငံသားမှန်ကန်ကြောင်းစိစစ်နိုင်ခြင်း မရှိသူများအတွက်လည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်း၍ အတည်ပြုချက် ဆောလျင်စွာရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

လေးစားစွာဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့။

မူရင်းသတင်း = Myanmar Embassy in Kuala Lumpur, Malaysia
https://www.facebook.com/pages/Myanmar-Embassy-in-Kuala-Lumpur-Malaysia/1532321607022165

NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (ALL IN ONE)
Followed Facebook - www.facebook.com/nay.zawlin1
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Acc - www.facebook.com/nay.zawlin1
Free Health Facebook Page - www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။