Home » » 'အကယ်ဒမီဆုရလိုက်ခြင်းဟာ နောက်ပိုင်းမှာ ဒီထက်ပိုပြီးကြိုးစားဖို့ အတွက် တွန်းအားတစ်ခုလို့ မြင်ပါတယ်' ၊အကယ်ဒမီဆုရှင် စိုးပြည့်သဇင်နှင့် တွေ့ဆုံခြင်း ...

'အကယ်ဒမီဆုရလိုက်ခြင်းဟာ နောက်ပိုင်းမှာ ဒီထက်ပိုပြီးကြိုးစားဖို့ အတွက် တွန်းအားတစ်ခုလို့ မြင်ပါတယ်' ၊အကယ်ဒမီဆုရှင် စိုးပြည့်သဇင်နှင့် တွေ့ဆုံခြင်း ...

Written By မောင်စေတနာ on Tuesday, March 1, 2011 | 9:06:00 PM

၂၀၀၇ ခုနှစ်မှာ 'တော်မ၀င်ပါ သို့သော်' ဒီဗီဒီဇာတ်ကားနဲ့ သရုပ်ဆောင်ရပ်ဝန်းမှာ စတင်ခြေချလာခဲ့သူ စိုးပြည့်သဇင်က၂၀၀၉ ခုနှစ်မှာ ကြိုးစားအားထုတ်ခဲ့တဲ့ရလဒ်အဖြစ် အနုပညာရှင်တိုင်း မျှော်လင့်ကြတဲ့ အကယ်ဒမီရွှေစင်ရုပ်ထုကို အသက်ငယ်ငယ်နဲ့ ရယူနိုင်ခဲ့ပါတယ်။ အသက်၁၄နှစ်အရွယ်မှာ သရုပ်ဆောင်စိုးပြည့်သဇင်ဖြစ်ခဲ့တဲ့ သူမက အသက် ၁၈ နှစ်အရွယ် အနုပညာသက်တမ်း ၄ နှစ်ဝန်းကျင်အကြာမှာ အကယ်ဒမီဆုရှင် စိုးပြည့်သဇင် ဖြစ်ခဲ့ခြင်းပါ။ ၂၀၁၁ ခုနှစ်နှစ်ဆန်းပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားများစွာကို လက်ခံရိုက်ကူးနေရသလို ရုပ်ရှင်ကားကြီးနှစ်ကားကိုလည်း ရိုက်ကူးဖို့ ပြင်ဆင်နေပြီး သူမရဲ့ တစ်ကိုယ်တော်တေးစီးရီးကိုလည်း ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အနုပညာသက်တမ်းနုနုအတွင်းမှာ အကယ်ဒမီစိုးပြည့်သဇင် ဖြစ်ခဲ့တဲ့သူမကို ရှေ့ဆက်မယ့် အနုပညာခရီး၊ မျှော်လင့်ချက်နဲ့ ဘယ်လိုဖြတ်သန်းသွားမယ် ဆိုတာတွေကို သိခွင့်ရဖို့ ကြိုးစားကြည့် မိခဲ့ပါတယ် . . .



မေး- အနုပညာလှုပ်ရှားမှု ဘယ်လိုရှိနေတယ် ဆိုတာကစပြီး ပြောကြရအောင်။

ဖြေ- စိုးပြည့် ၂၀၁၀ မှာကားရိုက်ပုံမှန်ရှိခဲ့တယ်။ ရုပ်ရှင်ကားကြီးတွေရော ဗီဒီယိုကားတွေရောပေါ့။ ၂၀၁၁ မှာ ရုပ်ရှင်ကားကြီး ၂ ကားရိုက်ဖို့ လက်ခံထားပါတယ်။ တစ်ကားက ဖေဖော်ဝါရီလမှာ ရိုက်ရမယ်။ နောက်တစ်ကားက မတ်လထဲမှာရိုက်ရမှာပါ။ တစ်လမှာ ပုံမှန် ဗီဒီယို ၄ ကား ၀န်းကျင်လောက် ရိုက်ဖြစ်ပါတယ်။

မေး- ၂၀၁၀ မှာ ရုပ်ရှင်ဘယ်နှစ်ကားရိုက်ဖြစ်လဲ။

ဖြေ- ၂၀၁၀မှာ ၃ ကားလောက်ရိုက် ဖြစ်ခဲ့တယ်။ အားလုံးကဟာသကား တွေကြီးပါပဲ။ စိုးပြည့်ပါရတဲ့ရုပ်ရှင် ကားတွေထဲမှာ မိုးညအိပ်မက်မြူ တစ်ကားပဲ ဒရာမာပါတာပါ။

မေး- ၂၀၁၁ နှစ်ဆန်းမှာရိုက်ရမယ့် ရုပ်ရှင် ၂ ကားမှာ ဒရာမာပါတယ်ဆို။

ဖြေ- ဟုတ်ကဲ့။ ဖေဖော်ဝါရီမှာရိုက်ရမယ့် ကားကတော့ ဟာသကားပါ။ မတ်လမှာရိုက်ရမယ့် 'ကမ္ဘာမကျေတဲ့ အမုန်း' ကားကတော့ ဒရာမာကားပါ။

မေး-အဲဒီကားမှာ နောက်ထပ်ရွှေစင်ရုပ်ကို မျှော်မှန်းနိုင်ချေရှိလား။

ဖြေ- လုပ်ကွက်တော့ရှိပါတယ်။ အကယ်ဒမီတွေ ပိုပြီးပိုင်ဆိုင်ခွင့်ရနိုင်ဖို့ စိုးပြည့်ကြိုးစားမှာပါ။

မေး- စိုးပြည့်ရဲ့ အနုပညာလှုပ်ရှားမှုတွေက တစ်နှစ်ထက်တစ်နှစ်ပိုပြီး စိပ်လာတယ်နော်။

ဖြေ- ဟုတ်ပါတယ်အစ်မ။ စိုးပြည့်ကိုကားရိုက်ဖို့ ကမ်းလှမ်းမှု တစ်နှစ်ထက်တစ်နှစ် ပိုလာပါတယ်။

မေး- အနုပညာသက်တမ်း ၄ နှစ်ဝန်းကျင်မှာ ဇာတ်ရုပ်စုံအောင် သရုပ်ဆောင်ပြီးပြီလား။

ဖြေ- အနုပညာသက်တမ်းက သိပ်မကြာသေးတော့ သူ့အနေအထားနဲ့သူ စုံသင့်သလောက်တော့ စုံပေမယ့်မလုပ်ဖူးတာတွေလည်း ရှိပါသေးတယ်။ အခုနောက်ပိုင်းမှာတော့ ဒီထက်ပိုပြီး စုံအောင်လုပ်ချင်ပါတယ်။

မေး- စိုးပြည့်ဇာတ်လမ်းနဲ့ ရွေးချယ်လေ့ရှိလား။

ဖြေ- ရွေးပါတယ်။ ကိုယ်နဲ့အဆင်ပြေမယ့် ဇာတ်လမ်းမျိုးကို ရွေးတယ်။ ဇာတ်လမ်းမကြိုက်ရင်တော့ လက်မခံ ဖြစ်ပါဘူး။

မေး- အကယ်ဒမီမရခင်က စိုးပြည့်သဇင်နဲ့ အကယ်ဒမီရပြီး စိုးပြည့်သဇင် ကွာခြားချက်ရှိနိုင် မလား။

ဖြေ- အရမ်းထူးခြားမှု ရှိသွားတာမျိုးတော့ မရှိပါဘူး။ စိုးပြည့်ဒီထက် ပိုကြိုးစားရမှာပေါ့။ တစ်နှစ်ထက် တစ်နှစ်၊ တစ်ရက်ထက်တစ်ရက် တိုးတက်မှုရှိအောင် ကြိုးစားရမယ်ဆိုတဲ့ စကားအတိုင်း ၂၀၁၁ က စိုးပြည့်က ၂၀၁၀ စိုးပြည့်ထက်ပိုပြီး တိုးတက်ရမယ်။ ၂၀၀၇ ကနေ ၂၀၁၁ ဖြစ်သွားတော့ စိုးပြည့်ပိုပြီးကြိုးစားရမှာပါ။

မေး- အကယ်ဒမီရုပ်ထုကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ရပ်တည်မှုနဲ့ လျှောက်လှမ်းရမယ့် ပုံစံကရော ဘယ်လိုရှိနိုင်မလဲ။

ဖြေ- ပိုပြီးတာဝန်ယူရမှာပါ။ ကိုယ်လုပ်ရမယ့်အပိုင်းမှာ ပိုပြီးတာဝန်ကြီး လာတာပေါ့။ အခုလို အကယ်ဒမီဆု ရလိုက်ခြင်းဟာ နောက်ပိုင်းမှာ ဒီထက် ပိုပြီးကြိုးစားဖို့အတွက် တွန်းအားတစ်ခုလို့မြင်ပါတယ်။

မေး -ဆယ်ကျော်သက်အရွယ် အနုပညာသက်တမ်းနှစ် အနည်းငယ်အတွင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူခွင့်ရတဲ့အတွက် ခံစားမှုဆိုရင်ရော။

ဖြေ- အကယ်ဒမီကို အရမ်းလိုချင်တာပါ။ သက်တမ်းတိုတိုလေးအတွင်း မှာ ရယူနိုင်ခဲ့တဲ့အတွက် ပီတိဖြစ်ရ ၀မ်းမြောက်ရသလိုတစ်ဖက်မှာလည်း တာဝန်တစ်ခု တိုးပေးလိုက်သလိုခံစား မိပါတယ်။

မေး- မိုးညအိပ်မက်မြူဇာတ်ကားနဲ့ အကယ်ဒမီ ရနိုင်တယ်လို့ ရေပန်းစားခဲ့သူတွေလည်းရှိတော့ အဲဒီလူတွေထဲမှာမှ စိုးပြည့်ပိုင်ဆိုင်ခွင့်ရတာ ဘာကြောင့်လို့ ထင်လဲ။

ဖြေ- မိုးညဇာတ်ကားမှာ စိုးပြည့်နဲ့အတူ အကယ်ဒမီရေပန်းစားခဲ့သူတွေ ရှိပါတယ်။ စိုးပြည့်မှန်တာပြောတာပါ။ အရမ်းမျှော်လင့်မထားခဲ့ပါဘူး။ စိုးပြည့်မရခဲ့ရင်လည်း ရတဲ့သူအတွက် ၀မ်းသာပေးမှာပါ။ ဒီကားလေးမှာ စိုးပြည့်ကြိုးစားထားတယ်။ အခုရလိုက်တဲ့ဆုက စိုးပြည့်ရဲ့ ကြိုးစားမှု နဲ့ထိုက်တန်မှုရှိလား မရှိဘူးလားဆိုကတော့ ပရိသတ်ဆုံးဖြတ်ရမှာပါ။

မေး- ဒီကားမှာ လုပ်ကွက်အနေအထားက စိုးပြည့်ကို ကံကောင်းစေတယ်လို့ ပြောနိုင်မလား။

ဖြေ- ဟုတ်ပါတယ်။ မိုးညအိပ်မက်မြူဇာတ်ကားမှာ ထားဇာတ်ကောင်ကို ယုံကြည်ပြီးလုပ်ခွင့်ပေးခဲ့တဲ့ မကြည်ဖြူကို အရမ်းကျေးဇူးတင်မိပါတယ်။ ရရှိလာတဲ့လုပ်ကွက်လေးထဲမှာ အံဝင်ခွင်ကျဖြစ်အောင် မကြည်ဖြူက သွန်သင်ဆုံးမ လမ်းညွှန်မှုပေးခဲ့သလို စိုးပြည့်ကိုယ်တိုင်လည်း မရိုက်ခင်ကတည်း က အိမ်မှာကြိုပြီးလေ့ကျင့်ခဲ့ပါတယ်။

မေး- စိုးပြည့်ရဲ့ စီးရီးခွေလည်း မကြာခင် ထွက်နိုင်တော့မယ်ဆို။

ဖြေ- သင်္ကြန်မတိုင်ခင်လောက် ထွက်ဖြစ်မှာပါ။ စိုးပြည့်အဲဒီအခွေကို ထွက်နိုင်ဖို့ကြိုးစားနေတာ တော်တော်ကြာပါပြီ။ ဒီနှစ်မှာတော့ ထွက်ဖြစ်မှာပါ။

အခုထွက်မယ့်စီးရီးမှာ ကိုယ်ပိုင်သံစဉ်သီချင်းငါးပုဒ်လောက် ပါပါတယ်။

မေး- အဲဒီအခွေနဲ့ ပတ်သက်ပြီး စိုးပြည့်ရဲ့မျှော်လင့်ချက်ကရော။

ဖြေ- အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။ ကံဆိုတာပြောလို့မရပါဘူး။ ဂီတဘက်မှာ မျှော်လင့်ချက် က သီချင်းဆိုရင်း ပရိသတ်တွေနဲ့ ဆုံချင်တာပါ။

မေး- အကယ်ဒမီဆုပိုင်ဆိုင်ခွင့်ရပြီဆိုတော့ ရှေ့ဆက်မယ့်ခရီးမှာ အနုပညာအောင်မြင်မှုတွေ ထပ်ဆင့်တိုးပြီး ပရိသတ်လက်ခုပ်သံကို ထပ်တိုးရယူနိုင်ဖို့ ဘာတွေလိုမလဲ။

ဖြေ- ရိုးရိုးသားသားနဲ့ ကြိုးစားမှုမလျှော့ပဲ အလုပ်ကိုတန်ဖိုးထားပြီး သေချာလုပ်ကိုင်ရမှာပါ။

Source by : http://www.news-eleven.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။