ထိုင်းနိုင်ငံ စမွတ်စခွန် ခရိုင် အဟာချိုင်ဒေသတွင် တနင်္လာနေ့က ယာဉ်တိုက်မှု ဖြစ်ပွား၍ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို မြန်မာသံရုံးမှ တာဝန်ရှိသူများက လိုအပ်သည့် အကူအညီများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်း စာတွင် ဖော်ပြထားသည်။
မဟာချိုင်တွင် မြန်မာအလုပ်သမားများ စီးလာသည့် ကြိုပို့ကား အတိုက်ခံရပြီးနောက် တွေ့ရစဉ်
ထိခိုက် ဒဏ်ရာရရှိသူများက ယင်းဒေသရှိ မဟာချိုင်၊ စမွတ်စခွန်၊ Srivichai 5 စသည့် ဆေးရုံများတွင် ဆေးကုသမှု ခံယူခဲ့ပြီး အတွင်းလူနာ ၇ ဦးအနက် တစ်ဦးမှာ စိုးရိမ်ရကြောင်း ဒဏ်ရာပြင်းထန်မှု မရှိသည့်လူနာများကို ဧပြီလ ၆ ရက်နေ့၌ ဆေးရုံမှ ဆင်း ခွင့်ပြုခဲ့ကြောင်း အစိုးရ သတင်းစာတွင် ရေသားထားသည်။
မြန်မာအလုပ်သမားများသည် စက်ရုံသို့ အလုပ်ဆင်းရန် ကြိုပို့ယာဉ်မှ လာရောက် ကြိုဆိုတင်ဆောင်စဉ် နောက်မှ ၁၀ ဘီး ကား တစီး လမ်းချော်ပြီး ၀င်ရောက်တိုက်မိခဲ့သောကြောင့် အမျိုးသမီး ၆ ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးကာ ၆၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
အစိုးရ သတင်းစာတွင် မြန်မာ အလုပ်သမား ၇ ဦး သေဆုံးသွားကြောင်း ဖော်ပြခဲ့သော်လည်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ် သမားအရေး ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတချို့က ၁၆ ဦး သေဆုံးသွားကြောင်း ဆိုသည်။
ထိုင်းနိုင်ငံ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့များကလည်း အလုပ်သမားများ၏ လုံခြုံရေးနှင့် ယခုဖြစ်ဖွားခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် ထိုင်းအစိုးရထံသို့ ယခုရက်ပိုင်း တောင်းဆိုခဲ့ကြသည်။
“ထိုင်းအစိုးရနှင့် သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် ဘတ်(စ်)ကားများ လုံခြုံရေး ဥပဒေကို လေးစားလိုက်နာ အောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်၊ အထူးသဖြင့် သတ်မှတ်ချက်ထက် ကျော်လွန်ပြီးတော့ ခရီးသည်များကို တင်ဆောင် နေတာတွေကို ထိထိရောက်ရောက် တားမြစ်ဖို့လိုတယ်”ဟု ထိုင်းအလုပ်သမား ကာကွယ် စောင့်ရှောင့်ရေး အဖွဲ့များ၏ ထုတ် ပြန်ချက်တွင် ရေးသားထားသည်။
ထိုင်းနိုင်ငံ ဥပဒေအရ သယ်ယူပို့ဆောင်ရေး ယာဉ်များတွင် မောင်းသူအနေဖြင့် သတ်မှတ်ခုံ အရေအတွက်ထက်ကျော်လွန်၍ ခရီးသည်တင်ဆောင်ခြင်းကို တားမြစ်ထားသည်။
မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော ယာဉ်သည် ခုံ ၂၄ ခုရှိ သော်လည်း ခရီးသည် ၇၀ ကျော် တင်ဆောင်ထားပြီး ယာဉ် မရပ်နားရသည့် နေရာတွင် ရပ်တန့်၍ ခရီးသည်များကို ထပ်မံ တင်ဆောင်နေကြောင်းလည်း အလုပ်သမား ကာကွယ် စောင့် ရှောင့်ရေး အဖွဲ့များက ထုတ်ပြန်သည့် ကြေညာချက်တွင် ရေးသားထားသည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင်လည်း ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ ဘန်ကောက်မြို့သို့လာသော မြန် မာ နိုင်ငံသား ၄၀ ခန့် တင်ဆောင်လာသည့် ကားတစီး မဟာချိုင်မြို့အနီးရှိ မဲ့ကလောင် မြို့နယ်တွင် တိမ်းမှောက်မှု ဖြစ်ပွားရာ ၁၀ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများ ၂ သန်းခွဲမှ ၄ သန်းဝန်းကျင် ရှိကြောင်း အလုပ်သမား အဖွဲ့ အစည်းများက ခန့်မှန်းထားကြသည်။

Source by :http://www.irrawaddy.org/
0 comments:
Post a Comment