Home » » ကမ္ဘာတစ်ဝန်းတွင် အွန်လိုင်း DOS စနစ်ဖြင့် တိုက်ခိုက်မှုများကို ရင်ဆိုင်လာရသည် နှင့်အမျှ ပြည်တွင်း၌လည်း ရင်ဆိုင်လာရ

ကမ္ဘာတစ်ဝန်းတွင် အွန်လိုင်း DOS စနစ်ဖြင့် တိုက်ခိုက်မှုများကို ရင်ဆိုင်လာရသည် နှင့်အမျှ ပြည်တွင်း၌လည်း ရင်ဆိုင်လာရ

Written By မောင်စေတနာ on Wednesday, July 21, 2010 | 2:14:00 PM



ကမ္ဘာတစ်ဝန်းတွင် အွန်လိုင်းDOS သို့မဟုတ် DDOS (Distributed Denial of Service) တိုက်ခိုက်မှုများကို ရင်ဆိုင်လာရသည်နှင့်အမျှပြည်တွင်း၌လည်း ရင်ဆိုင်ဖြေရှင်းလာရကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများမှာ ကွန်ပျူတာကွန်ရက်နှင့် သက်ဆိုင်ရာအဖွဲ့အစည်း၊ ကုမ္ပဏီများမှ ပေးထားသော ၀န်ဆောင်မှုများကို နှောင့်ယှက်ဖျက်ဆီးခြင်းဖြစ်ပြီး ဆိုက်ဘာလုံခြုံရေးကို ချိုးဖောက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

''ပုံမှန်အားဖြင့်တော့ ၀က်ဘ်ဆာဗာကြီးတွေ၊ ဘဏ်စနစ်တွေ၊ အွန်လိုင်းငွေချေစနစ်တွေ၊ Payment Gateway တွေနဲ့ DNSလို့ အားလုံးနားလည်ထားတဲ့ Naming Server တွေဟာ DOS ရဲ့အကြိုက်ပစ်မှတ်တွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဥပမာတစ်ခု ပြောရရင် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလတုန်းက ဖြစ်ပွားခဲ့တဲ့ Yahoo Attack ပါ။ Yahoo ဆိုက်ရဲ့ ၀န်ဆောင်မှုတွေကို Yahoo Router ကနေ တစ်ဆင့်နာရီပေါင်းများစွာ အွန်လိုင်းပေါ်က ဆွဲချသွားတာပါ။ ဒီတိုက်ခိုက်မှုမှာ ကွန်ရက်တွေ၊ ဆာဗာတွေ၊ Router, Firewall တွေရဲ့ ဟာကွက်တစ်ခုခု၊ အားနည်းချက်တစ်ခုခုကို ရှာမယ်၊ Fake IP တွေကို သုံးမယ်၊ အဆက်မပြတ်တော့တဲ့ IP Packing Forwarding တွေလုပ်မယ်၊ ကွန်ရက်မှာ Traffic တွေ တစ်ပုံတစ်ပင်နဲ့ ထားခဲ့မယ်၊ ဒီလိုနဲ့ပေးထားတဲ့ ၀န်ဆောင်မှုတွေ ရပ်သွားပါတယ်။ ဒါက အခြေခံကျတဲ့ DOS တိုက်ခိုက်မှု သဘောတရားပါပဲ''ဟု မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဝင် ကွန်ရက်ပညာရှင်တစ်ဦး ဖြစ်သူ ဦးအောင်ဇော်မြင့်က ပြောကြားခဲ့ပါသည်။




တိုက်ခိုက်သူများ အသုံးပြုသော နည်းလမ်းမှာ ဆာဗာနှင့်ကွန်ရက်၏ Bandwidth, Diskspace, Processing Time တို့ကို ၀င်ရောက်နှောင့်ယှက်ခြင်း၊ သတ်မှတ်ထားသော လမ်းကြောင်း ရွေးချယ်မှုစနစ်ကို ကမောက်ကမ ဖြစ်အောင်လုပ်ခြင်း၊ TCP Session ၏ သတ်မှတ်ထားမှုကို ပြင်ဆင်ရန်ကြိုးပမ်းခြင်း၊ အသုံးပြုသူနှင့် Victim ဆာဗာကြားရှိ မီဒီယာကို ၀င်ရောက်နှောင့်ယှက်ခြင်းတို့မှာ DOS Attack လုပ်ရန် ပြင်ဆင်သောခြေလှမ်းများပင် ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပါက ကွန်ရက်အတွင်းဖိုင် ဖွင့်ခြင်းမှအစ ၀က်ဘ်ဆိုက်များ အသုံးပြုခြင်း၊ ရင်းမြစ်များ အသုံးပြုရာတွင် အလွန်နှေးကွေးသွားခြင်း၊ အသုံးပြု၍မရတော့ခြင်း၊ မလိုလားအပ်သော Spam မေးလ်များ အဆက်မပြတ်ဝင်လာခြင်း၊ Traffic Load အလွန်များပြားနေခြင်းတို့ကို ကြုံတွေ့နိုင်သည်။

''DOS တိုက်ခိုက်မှုတွေကို ကာကွယ်တားဆီးဖို့ဆိုရင် ကွန်ရက်တွေမှာ Firewall, Switch, Router တွေရဲ့ ACL Setting သတ်မှတ်ချက်တွေ စနစ်တကျဖန်တီးထားရပါမယ်။ ဒီတိုက်ခိုက်မှုမျိုးဟာ IP packet forwarding ဖြစ်နေတဲ့အတွက် ကိုင်တွယ်ရခက်ပါတယ်။ လိုအပ်မယ်ဆို ရင် IPS(Intrusion Prevention System)တွေကနေ တစ်ဆင့် စောင့်ကြည့်ရပါလိမ့်မယ်။ ဒီတိုက်ခိုက်မှုဟာ သူ့သားကောင် Host ကို သူ့ရဲ့ ကိုယ်စားလှယ်အဖြစ်၊ တစ်နည်းပြော ရရင် Repeater အနေနဲ့ အသုံးပြုနေတာဖြစ်တဲ့အတွက် ပိုပိုလာတဲ့ Traffic တွေကို ပွားယူပစ်လိုက်တာပါ။ တကယ်တော့ သက်ဆိုင်ရာဆာဗာ တစ်လုံးကို တိုက်ခိုက်တယ်ဆိုပေမယ့် ကွန်ရက်တစ်ခုလုံးကို တိုက်ခိုက်လိုက်တာနဲ့ အတူတူပါပဲ။ အဆင့်မြင့်ကွန် ရက်ကြီးတွေမှာလည်း အားနည်းနေတဲ့ ဟာကွက်တွေကို စောင့်ဆိုင်းပြီး တိုက်ခိုက်တာပါ''ဟု ဦးအောင်ဇော်မြင့် က ဆက်လက်ပြောကြားခဲ့သည်။

DOS တိုက်ခိုက်မှုများမှာ လက်တည့်စမ်းခြင်းမှအစ အနှောင့်အယှက် ပေးလိုခြင်း၊ ဂုဏ်သိက္ခာကိုထိပါးလိုခြင်း စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ရှိနိုင်ပြီး ပြည်တွင်းပုဂ္ဂလိက အဖွဲ့အစည်းများ အနေဖြင့်လည်း ယင်းတိုက်ခိုက်မှုများနှင့် ရံဖန်ရံခါတွင် ရင်ဆိုင်ကြုံတွေ့ရကြောင်း သိရသည်။

''ကွန်ရက်တွေရဲ့ တည်ဆောက်ပုံချင်း မတူသလို တိုက်ခိုက်တဲ့ပုံစံလည်း ကွဲပြားတတ်တာကြောင့် ဖြေရှင်းတဲ့အခါမှာလည်း တစ်ခါနဲ့တစ်ခါ မတူနိုင်ပါဘူး။ တိုက်ခိုက်ခံရပြီဆိုရင် သူ့ရဲ့ဦးတည်ချက်က ဘာလဲ၊ ဘာနည်းလမ်းတွေကိုသုံးလဲ ကြည့်ပြီး လျော့သွားအောင်အရင် လုပ်ရတယ်။ သူ့ပစ်မှတ်ကိုနေရာရွှေ့ပြီး Mirror Server အစားထိုးလိုက်တာမျိုး စသည်ဖြင့် လုပ်ရပါတယ်။ ကွန်ရက်လုံခြုံရေးဆိုတာ သီးခြားပညာရပ်တစ်ခုဖြစ်ပြီး ပုဂ္ဂလိက အဖွဲ့အစည်းတွေမှာလည်း အမြင်တစ်ခုခုတော့ ရှိနေသင့်ပါတယ်''ဟု Myanmar Inspirations မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ် ကြားကာလတွင် DNS နှင့် Root Server များကို တိုက်ခိုက်မှုအများ အပြားဖြစ်ပွားခဲ့ပြီး ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် register.com တိုက်ခိုက်ခံရခြင်း၊ ၂၀၀၉ ခုနှစ် ဇွန် ၂၅ တွင် မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခြင်းကို အကြောင်းပြု၍ ဂူးဂဲတိုက်ခိုက်ခံရခြင်း၊ ၂၀၀၉ ခုနှစ် သြဂုတ်လတွင်လည်း Twitter, Facebook စသော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတိုက်ခိုက် ခံရခြင်းတို့မှာထင်ရှားသည်။

www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။