Home » » (၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပ

(၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပ

Written By မောင်စေတနာ on Wednesday, July 21, 2010 | 1:37:00 PM



၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက (၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်ရှိ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်အသီးသီးတွင် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းများကို လုပ်ဆောင်ခဲ့ကြပါသည်။

အခမ်းအနားကို နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့တော်ဝန် တက်ရောက်၍ လွမ်းသူပန်းခွေချ အလေးပြုခြင်းများကို လုပ်ဆောင်ခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို တိုင်ဝက်သို့ လျှော့ချလွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်အလေးပြုခြင်း၊ စစ်ခရာအဖွဲ့က အလေးပြုခရာမှုတ်ခြင်းများကို ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသူများက အာဇာနည်ခေါင်းဆောင်ကြီးများအား မေတ္တာပို့အမျှဝေရန် နှစ်မိနစ် ငြိမ်သက်စွာ နေခဲ့ကြပါသည်။ ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက ဂူဗိမာန်အသီးသီးတွင် လွမ်းသူပန်းခွေချ ကန်တော့ခဲ့ကြပါသည်။


အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးနှင့်ဇနီးတို့ တက်ရောက်ခဲ့သလို သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွား၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့၏ မိသားစုဝင်များက အသီးသီး လွမ်းသူပန်းခွေချ ကန်တော့ခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။

ထို့အပြင် (၆၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများလည်း တစ်ပါတီလျှင် ခုနစ်ဦးနှုန်းဖြင့် တက်ရောက်ခွင့်ရရှိခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော အာဇာနည်ခေါင်းဆောင်များ

စဉ် အမည် ရာထူး
၁။ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ၀န်ကြီးချုပ်
၂။ သခင်မြ (၁၈၉၇-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
၃။ ဦးဘချို (၁၈၉၄-၁၉၄၇) ပြန်ကြားရေးဝန်ကြီး
၎။ ဦးရာဇတ် (၁၈၉၈-၁၉၄၇) ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန၀န်ကြီး
၅။ ဦးဘ၀င်း (၁၉၀၁-၁၉၄၇) ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
၆။ မန်းဘခိုင် (၁၉၀၃-၁၉၄၇) စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၀န်ကြီး
၇။ မိုင်းပွန်စော်ဘွားစပ်စံထွန်း (၁၉၀၇-၁၉၄၇) အတိုင်ပင်ခံတောင်တန်းဒေသရေးရာဝန်ကြီး
၈။ ဦးအုန်းမောင် (၁၉၁၃-၁၉၄၇) လမ်းပန်းဆက်သွယ်ရေးဌာနအတွင်းဝန်
၉။ ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇) ပညာရေးဝန်ကြီး၏သက်တော်စောင့်

ကိုးကား- ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများအထ္ထုပ္ပတ္တိစာစောင် (၁၉၇၁)၊
၂၀ ရာစုမြန်မာ့သမိုင်းကို ပြောပြနေသောနေ့စွဲများ စာအုပ်မှ

၆၃ ခုနှစ်မြောက် အာဇာနည်နေ့ သတင်းဓါတ်ပုံများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။