Home » » အလုပ်ချိန်၌ Chatting ၀င်ခြင်းဖြင့် ၀န်ထမ်းများ၏ လုပ်အားကျဆင်း စေသည့်အပြင် လုပ်ငန်းခွင်ပြီး မြောက်မှုတွင် ကြန့်ကြာစေကြောင်း လုပ်ငန်းရှင် အများစု ရှုမြင်

အလုပ်ချိန်၌ Chatting ၀င်ခြင်းဖြင့် ၀န်ထမ်းများ၏ လုပ်အားကျဆင်း စေသည့်အပြင် လုပ်ငန်းခွင်ပြီး မြောက်မှုတွင် ကြန့်ကြာစေကြောင်း လုပ်ငန်းရှင် အများစု ရှုမြင်

Written By မောင်စေတနာ on Monday, July 19, 2010 | 2:04:00 PM



အလုပ်ချိန်၌ အွန်လိုင်းအသုံးပြုမှု အများဆုံးရှိကြသော လုပ်ငန်းခွင်များရှိ ၀န်ထမ်းများသည် Chatting ကို အလွဲသုံးစား ပြုမူသုံးစွဲနေခြင်းများကြောင့် ယင်းလုပ်သားများ၏ လုပ်သားအင်အား ကျဆင်းမှုများ ဖြစ်ပေါ်စေသည့်အပြင် လုပ်ငန်းခွင်ပြီးမြောက်မှုတွင် မလိုလားအပ်သော ကြန့်ကြာမှုများရှိနေသည်ဟု လုပ်ငန်းရှင်များက ရှုမြင်ကြကြောင်း သိရှိရပါသည်။

နိုင်ငံတကာနှင့် ဆက်စပ်လုပ်ကိုင်ရသော လုပ်ငန်းခွင်များ၊ အွန်လိုင်း မှ သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ရယူရသည့်လုပ်ငန်းများ၊ နိုင်ငံတကာ ဈေးကွက်များနှင့် ချိတ်ဆက် လုပ်ကိုင်ကြရသည့် လုပ် ငန်းခွင်များ၌ ယင်းကဲ့သို့အွန်လိုင်းမှ အပြန်အလှန် စကားပြောဆိုခြင်းအား ခွင့်ပြုထားခြင်းရှိသော်လည်း လုပ်ငန်းခွင်သီးသန့် အသုံးပြုနိုင်သည့် အီးမေးလ်များသုံးစွဲခြင်း၊ ကိုယ်ရေးကိုယ်တာ ကိစ္စများပါဝင်မှုမရှိသည့် အသုံးပြုမှု များဖြင့်သာ ထိန်းချုပ်သုံးစွဲခွင့်ပြုထားကြောင်း KMD ကွန်ပျူတာ ကုမ္ပဏီမှ ဒါရိုက်တာ ဦးဘိုဘိုလွင်က ရှင်းပြခဲ့သည်။


" ဒီနိုင်ငံမှာမှ မဟုတ်ပါဘူး။ နိုင်ငံတကာက ဘယ်လုပ်ငန်းခွင်မှာမဆို အလုပ်ချိန်အတွင်းမှာ ၀န်ထမ်းတွေပုဂ္ဂိုလ်ရေးရာကိစ္စနဲ့ Chatting ထိုင်တာကို လုံးဝခွင့်မပြုထားပါဘူး။ အဓိက က အလုပ်ပြီးမြောက်မှုမှာ ကြန့်ကြာစေပြီး ဒီအပေါ်မှာ စီးမျောသွားခြင်းအားဖြင့် တခြားဝန်ထမ်းတွေရဲ့လုပ်ဆောင်မှုတွေပါ ထိခိုက်စေလို့ပါ။ ကျွန်တော်တို့အနေနဲ့ကတော့ လုပ်ငန်းခွင်မှာဝန်ထမ်းတွေကို စည်းကမ်းထိန်းသိမ်းမှု အနေနဲ့အမှတ်ပေး အရေးယူတာတွေရှိတယ်။ သင်ကြားရေး စင်တာမှာလည်း ကျောင်းသားတွေကို Intranet အဖြစ်အသုံးပြု ခွင့်ပေးထားတယ်။ လိုအပ်မှအင်တာနက် ချိတ်ဆက်ပေးတယ်။ ၀န်ထမ်းတွေမှာလည်း မသုံးမဖြစ်သုံးရတဲ့သူတွေကိုသာ အသုံးပြုခွင့်တွေပေးပြီး စည်းကမ်းထိန်းသိမ်းမှုတွေ ပြုလုပ်ထားပါတယ်"ဟု KMD ကွန်ပျူတာ ကုမ္ပဏီမှ ဒါရိုက်တာဦးဘိုဘိုလွင်က ဆက်လက်ပြောပြခဲ့သည်။

ဘယ်လုပ်ငန်းခွင်မှာမဆို အလုပ်ချိန်အတွင်းမှာ ၀န်ထမ်းတွေ ပုဂ္ဂိုလ်ရေးရာ ကိစ္စနဲ့ Chatting ထိုင်တာကို လုံးဝခွင့် မပြုထားပါဘူး။ အဓိကက အလုပ်ပြီးမြောက်မှုမှာ ကြန့်ကြာစေပြီး ဒီအပေါ်မှာ စီးမျောသွားခြင်းအားဖြင့် . . .

ပြည်တွင်းရှိ INGO တစ်ခုမှ Country Director တစ်ဦးက '၀န်ထမ်းအများစုက လုပ်ငန်းနဲ့သက်ဆိုင်တဲ့မေးလ်တွေ စစ်ဆေးကြသလို ကိုယ်ကိုယ်တိုင်အင်တာနက် အသုံးပြုတာ ကို စည်းကမ်းတကျ လုပ်ထားမယ် ဆိုရင် ကောင်းပါတယ်။ အလုပ်ချိန်မှာ မသုံးမဖြစ် အသုံးပြုရမယ်ဆိုရင်တော့ အလုပ်နဲ့ပတ်သက်တာပဲသုံးတာ ကောင်းပါတယ်။ အလုပ်ချိန်ပြင်ပဆိုရင်တော့ ကိုယ်ပိုင်ချိန်ဖြစ်တဲ့အတွက် ကိုယ်ရေးကိုယ်တာကိစ္စ အသုံးပြုခြင်းကို ဘယ်သူကမှ အပြစ်ပြောမှာ မဟုတ်ပါဘူး။ လုပ်ငန်းမှာဆိုရင်တော့ လုပ်ငန်းကသတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာဖို့တော့ လိုပါတယ်။ အခုနောက်ပိုင်း လုပ်ငန်းအားလုံးနီးပါးမှာ အင်တာနက်အသုံးပြုလို့ ရနေတဲ့အတွက် အလုပ်နဲ့ကိုယ် ရေးကိုယ်တာ ရောထွေးအသုံးပြုတာမျိုးတွေ လုပ်လာကြတော့ စည်းကမ်းပိုင်းဆိုင်ရာမှာ အလုပ်ချိန်အတွင်း Chatting မ၀င်ရဆိုပြီး သတ်မှတ်ချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ထည့်သွင်းလာကြတာ ဖြစ်ပါတယ်' ဟု ပြောကြားခဲ့ပါသည်။

ပြည်ပရှိ လုပ်ငန်းခွင်များတွင်လည်း အင်တာနက်ချိတ်ဆက် အသုံးပြုရာ၌ ၀န်ထမ်းရေးရာ သတ်မှတ်စည်းကမ်းများ ထုတ်ပြန်ထားရှိ၍ သုံးစွဲခွင့်ပြုခြင်း ရှိစေသော်လည်း လုပ်ငန်းခွင်အချိန်တွင်း ပုဂ္ဂိုလ်ရေးရာသုံးစွဲခြင်းကိုမူ မည်သည့်နေရာတွင်မှ ခွင့်ပြုထားခြင်းမရှိကြောင်း နိုင်ငံတကာ အတွေ့အကြုံရှိ ၀ါရင့်အိုင်တီပညာရှင်တစ်ဦးက ပြောပြခဲ့သည်။



"အွန်လိုင်းမှာ Gtalk အသုံးပြုတယ်ဆိုတာမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ Information ဆိုရင် ချက်ချင်းသိနိုင်စွမ်းရှိတယ်။ နောက်ပြီး Language လုပ်မယ်ဆိုရင်လည်း ကောင်းတယ်။ နောက်တစ်ပိုင်းအ နေနဲ့ အကျိုးမရှိဘဲ အသုံးပြုမိမယ်ဆို Chatting က အသုံးပြုသူကို နစ်နာစေနိုင်သလို အလုပ်ရှင်ကိုလည်း ထိခိုက်စေပါတယ်။ အလုပ်ရှင် တော်တော်များများကလည်း အလုပ်ချိန်မှာ Chatting မသုံးဖို့ကို ၀န်ထမ်းစည်းကမ်းတွေထဲမှာ တားမြစ်ထားကြပါတယ်"ဟု မြန်မာအင်န်ဖိုတက်မှ Deputy Managing Director ဦးစိန်ဝင်းက ရှင်းပြခဲ့သည်။

ထို့ပြင် လုပ်ငန်းခွင်အသီးသီးရှိ လျှို့ဝှက်သတင်း အချက်အလက်များဆိုင်ရာ ထိန်းသိမ်းထားရသော ၀န်ထမ်းများအနေဖြင့် ယင်းကဲ့သို့ Chatting အသုံးပြုခြင်းသည် သတင်းလုံခြုံမှုပိုင်းဆိုင်ရာ အားနည်းချက်များ ရှိနိုင်ကြောင်း ၎င်းက ထင်မြင်ချက်ပေးခဲ့သည်။

' ဥပမာ Trading ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်ဆိုပါတော့။ စကားပြောတာထက် Chatting ထဲမှာ ပြောမိလိုက်တာက ပိုမြန်တယ်။ သတင်းကို လုံခြုံစိတ်ချချင်ရင်၊ ကိုယ့်သတင်း သူများဆီကို မပေါက်ကြားစေချင်ရင် Chatting အသုံးမပြုတာ အကောင်းဆုံးပဲ။ သုံးစွဲတဲ့သူတွေအနေနဲ့လည်း ကျင့်ဝတ်တွေ စောင့်ထိန်းတတ်ဖို့တော့ လိုပါတယ်။ ဒါတွေဟာ မိမိကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် အပိုင်းတွေပါ" ဦးစိန်ဝင်းက ဆက်လက် ပြောကြားခဲ့သည်။


နိုင်ငံ၌ အင်တာနက် အသုံးပြုခွင့်ရခြင်းသည် အများအားဖြင့် အကန့်အသတ်ဖြင့်သာ ရှိနေသေးသည့်အပြင် မိမိအိမ်၌ တပ်ဆင်အသုံးပြုနိုင်သူ ပမာဏမှာလည်း အနည်းငယ် သာရှိကြသည်။ ထို့ပြင် ဆိုက်ဘာ ကဖေးများ၊ အင်တာနက်ဆိုင်များ၌ အချိန်ပိုင်းသုံးစွဲရသည့် ငွေပမာဏမှာလည်း အတိုင်းအတာတစ်ခုအထိ သိသာစွာ ကျဆင်းသွားခြင်းမရှိခြင်းကြောင့် သုံးစွဲသူအများစုအနေဖြင့် ငွေကြေးအရ သုံးစွဲနိုင်ခွင့်ကန့်သတ်ချက်များ ရှိနေကြသည်ဟု အင်တာနက်ဆိုင်သို့ ပုံမှန်သွားရောက် သုံးစွဲလေ့ရှိသူ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက ပြောပြခဲ့သည်။

ထို့ပြင် ကမာရွတ်မြို့နယ်ရှိ Empyrean ဆိုက်ဘာကဖေးဆိုင်မှ ကိုကျော်မိုးဟန်က " မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲခက အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်မယ်ဆို နည်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့်အိမ်မှာ ကိုယ်ပိုင်ချိတ်ဆက် အသုံးပြုမယ်ဆိုရင်တော့ နိုင်ငံတကာထက် ကနဦး ပေးသွင်းရငွေက ဒီနိုင်ငံမှာ အရမ်းများသေးတယ်။ ဒါကြောင့် Usersတွေက အင်တာနက်ကို အကန့်အသတ်နဲ့ပဲ သုံးစွဲနိုင်ကြသေးတာပါ။ ဆိုင် ကိုလာပြီးသုံးတဲ့သူတွေမှာလည်း အများဆုံးက Chatting ထိုင်မယ်။ Social Site တွေ ၀င်မယ်ပဲရှိသေးတယ်" ဟု ပြောပြခဲ့သည်။

" မြန်မာနိုင်ငံမှာက အင်တာနက် အသုံးပြုတာမျိုးက အဆင့်တစ်ခုအနေနဲ့ပဲ ရှိနေသေးတယ်။ အိမ်တိုင်းနေရာတိုင်းမှာလည်း အသုံးပြုလို့မရသေးတော့ ငွေကြေးပေးပြီး အသုံးပြုကြရတယ်။ နေရာဒေသ အကန့်အသတ်လည်း ရှိနေသေးတဲ့အတွက် လူတိုင်းနေရာတိုင်းမှာ အသုံးပြုလို့မရသေးပါဘူး။ ဒီနိုင်ငံမှာလည်း တခြားနိုင်ငံတွေလို အိမ်တိုင်းနေရာတိုင်းမှာ အသုံးပြုလို့ရနေမယ်ဆိုရင် ဒီလိုကိစ္စအတွက် အလုပ်ရှင်တွေ အပြစ်ပေးရတာမျိုးတွေလည်း လျော့ကျသွားမှာပါ။ လုပ်ငန်းခွင်မှာ အင်တာနက်အသုံးပြုတာ၊ Chatting အသုံးပြုတာမျိုးတွေကို နောက်ပိုင်းစည်းကမ်းတစ်ခု အနေနဲ့ အလုပ်ရှင်တွေ က ထုတ်လာကြရတယ်ဆိုတာတွေကလည်း လုပ်ငန်းခွင်မှာ အင်တာနက်ကို လုပ်ငန်းအတွက်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ အသုံးပြုမှု များလာတာကြောင့် ဖြစ်မယ်လို့ထင်ပါတယ်"ဟု အိုင်တီပညာပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ ဒေါက်တာဦးဇော်မိုးအောင်က ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးပေါဟိန်း က "လုပ်ငန်းခွင်မှာ အင်တာနက်ကို အကျိုးမရှိတဲ့ အလွဲသုံးစားကိစ္စရပ်တွေမှာ ပြုလုပ်မယ်ဆိုရင် ကိုယ့်လုပ်ငန်းရဲ့ စွမ်းဆောင်ရည်တွေ ကျလာနိုင်ပါတယ်။ စည်းကမ်းလည်း ပျက်တယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်ကျင့်တရားနဲ့ ကြည့်ရင်လည်း ဖောက်ဖျက်ရာရောက်တဲ့အတွက် ကိုယ်လုပ်ချင်တာကိုပဲ မလုပ်သင့်ပါဘူး။ ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိတဲ့ Data တွေကိုယူပြီး အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ ပြောချင်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့ ကုမ္ပဏီမှာတော့ အင်တာနက် သုံးစွဲခွင့် ပေးထားပါတယ်။ ၀န်ထမ်းတွေဘက်က အလုပ်ချိန်တွင်းမှာ Chatting ကို မလုပ်ဖို့နဲ့ အင်တာနက်သုံးစွဲခွင့်ကို ပေးထားတာ က အလုပ်ကိစ္စ အများစုက အင်တာ နက်နဲ့ ချိတ်ဆက်ပြုလုပ်ရတာကြောင့် အသုံးပြုခွင့် ပေးထားတာပါ။ အဓိကကတော့ ကိုယ့်ဘက်ကလည်း အင်တာနက်သုံးစွဲခွင့် ပေးထားသလို ၀န်ထမ်းတွေဘက်ကလည်း အလွဲသုံးစားမလုပ်ဖို့ အရေးကြီးပါတယ်" ဟု ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ ဆယ်စုနှစ် တစ်ခုကာလမတိုင်မီ အချိန်မှပင် စတင် သုံးစွဲခွင့်ရရှိခဲ့သည့် အင်တာနက်အား Chatting ၀င်ခြင်းဖြင့် စိတ်ဖျော်ဖြေမှု သဘောဆောင်
ရန် မသင့်လျော်ကြောင်းနှင့် အလုပ်ချိန်များ၌ ယင်း ကဲ့သို့ပြုမူခြင်းသည် လုပ်ငန်းခွင်ပြီးမြောက်မှုကို ကြန့်ကြာစေနိုင်သည့် အပြင် ၀န်ထမ်းများ၏ လုပ်အား ကျဆင်းစေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။