Home » » မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ်

မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ်

Written By နေဇော်လင်း1 on Sunday, May 9, 2010 | 2:21:00 PM


မလေးရှားနိုင်ငံရှိ လုပ်သက် (၅) နှစ် ပြည့်သွားသော မြန်မာအပါအ၀င် နိုင်ငံခြားသား ရွှေ့ ပြောင်း
အလုပ်သမားများအား မလေးရှားအစိုးရက အလုပ်လုပ်ခွင့်သက်တမ်းများထပ်တိုးမပေးတော့ဟု
သိရသည်။

လူဦးရေ (၂၅) သန်းရှိသော မလေးရှားနိုင်ငံတွင် (၂.၂) သန်းရှိနေသော နိုင်ငံခြားသား ရွှေ့ ပြောင်းအလုပ်သမား
များအား (၁.၅) သန်းအထိ လျှော့ချရန် ရည်ရွယ်၍ မလေးရှားအစိုးရက သက်တမ်းတိုးခွင့်
ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ယင်းသို့ ပြုလုပ်မည့်အကြောင်းကို ယခုနှစ်ဦးပိုင်းတွင် အလုပ်သမားဝန်ကြီးနှင့်
ပြည်ထဲရေးဝန်ကြီးတို့က တရားဝင်ပြောကြားခဲ့သော်လည်း ယခုရက်ပိုင်းမှစ၍ သက်တမ်းတိုးပေးမှုများကိုစတင်ရပ်ဆိုင်းလာခြင်းဖြစ်သည်။



မလေးရှားမှ သက်တမ်းတိုးရန် ငြင်းပယ်ခံရသူတဦးက “ကျနော့်နာမည် စောလှမြင့်ပါ၊
ဧရာဝတီတိုင်းက ကရင်လူမျိုးပါ၊
ဒီမှာ စတီးဂဟေဆော်တဲ့ အလုပ်လုပ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်လို့ တနေ့ကို (၅၀)
ရင်းဂစ်ရပါတယ်။ အိုဗာတိုင်ရှိရင် တနေ့ကို ပျမ်းမျှ (၇၅)
ရင်းဂစ်လောက်ရပါတယ်။ သက်ဆိုင်ရာ လ၀ကကို အရင်အပတ်က သူဌေးကသွားတယ်။ လ၀က က
သက်တမ်းတိုးလို့မရပါ၊ (၅) နှစ်ပြည့်သွားပြီ၊ ပြန်ပို့ဖို့အတွက် စီစဉ်ပါလို့
ပြောတယ်လို့သိရတယ်။ ကျနော့်သက်တမ်းက (၆) လပိုင်းဆိုရင် ကုန်ပြီ။

သူဌေးကတော့ ပြောပါတယ်၊ နေရဲရင် အလုပ်ဆက်ခန့်မယ်လို့ ပြောတယ်။ ပြန်သွားရင်
စုဆောင်းထားတာ မရှိတော့ ပြန်လာဖို့မလွယ်ဘူး။ ရွာမှာလည်း အလုပ်အကိုင်တွေ
အဆင်မပြေတော့ မိသားစုကလည်း နေလို့ရသလောက်နေပါလို့ ပြောနေတော့ မပြန်ဘဲ
အိုဖို့ဆုံးဖြတ်လိုက်တာပါ။ ကံမကောင်းလို့ ရဲအဖမ်းခံရမှပဲ ပြန်တော့မယ်ဗျာ”
ဟုဆိုသည်။

သက်တမ်းဆက်တိုးမပေးတော့သော်လည်း မြန်မာပြည်သားအများစုသည် နေရပ်ရင်းသို့ မပြန်လိုသူများထဲတွင်
ထိပ်ဆုံးမှ ရှိနေပြီး ဒုက္ခသည်အဖြစ် ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) သို့လျှောက်ထားမည့်သူ
များလာနေသည်ဟု သိရသည်။

မလေးရှားနိုင်သို့ လာရောက် အလုပ်လုပ်ကိုင်သူများသည် (၃) နှစ် စာချုပ်ဖြင့် ပထမဦးစွာ အလုပ်လုပ်ရပြီး
အလုပ်ရှင်က နှစ်သက်ပါက ထပ်မံ၍ (၂) နှစ်ဆက်လက် လုပ်ကိုင်ခွင့်ရှိသည်။
ထို့နောက် လုပ်ငန်းရှင်မှ ထပ်မံခန့်ထားလိုပါက လုပ်ငန်းကျွမ်းကျင်လက်မှတ်လျှောက်ရပြီး ရခဲ့လျှင်
ထပ်မံ၍ (၅) နှစ် နေခွင့်ရှိပြီး စုစုပေါင်း(၁၀) နှစ် နေထိုင် လုပ်ကိုင်နိုင်ခွင့်ရှိသည်။

ယခုအခါတွင် အိုဗာစတေးဖြင့် နေထိုင်သော အလုပ်သမားများအား မလေးအစိုးရကလည်း
နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

မလေးရှားတွင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိန်းရေးစခန်း (၁၃) ခုရှိပြီး တခုလျှင် အနည်းဆုံး
လူဦးရေ (၁,၀၀၀) ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကာ ထိုသူများထဲတွင် မြန်မာနိုင်ငံသား
(၃,၀၀၀)မှ (၅,၀၀၀) အထိ အထိန်းသိမ်းခံနေရသည်။

မလေးရှားနိုင်ငံအတွင်း အလုပ်သမားအရေး လုပ်ကိုင်ဆောင်ရွက်နေသော Burma Campaign Malaysia မှ
ကိုထွန်းထွန်းက“အခုကိစ္စနဲ့ပတ်သက်ပြီး မလေးအစိုးရအနေနဲ့ မှားယွင်းတဲ့ ပေါ်လစီလို့မြင်တယ်။
ဘာကြောင့်လဲဆိုတော့ လက်ရှိလုပ်ငန်း ကျွမ်းကျင်သူတွေကို ပြန်ပို့ပြီးအသစ်တွေကို ခေါ်ယူခွင့်ပေးထားတော့
လုပ်ငန်းရှင်တွေအနေနဲ့နစ်နာတယ်။ တဖက်ကလည်းပို့ကုန်လုပ်ငန်းတွေကို ထိခိုက်နိုင်တယ်။ ဒါကြောင့်
အလုပ်ရှင် အလုပ်သမားနှစ်ဖက်နစ်နာမှုတွေ ဖြစ်စေတယ်။ အကျိုးအမြတ် ရသူတွေကတော့ အလုပ်သမား
ခေါ်ယူပေးတဲ့ ပွဲစား (အေးဂျင့်) တွေပဲ ဖြစ်တယ်” ဟု ဆိုသည်။

မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား (၇) သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး
သံပန်းသံတခါး လုပ်ငန်း၊အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ပလတ်စတစ်လုပ်ငန်း၊
အီလက်ထရောနစ် အပိုပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း စသည်တို့တွင်
မြန်မာအလုပ်သမားအများစု လုပ်ကိုင်လေ့ရှိကာ ယခင်က တနေ့လျှင် (၁၈.၅)
ရင်းဂစ်အနည်းဆုံး ရရှိကြပြီး ယခုနောက်ပိုင်း ဝင်ရောက်လာသူများသည် လ၀က၏
အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကြောင့် တနေ့လျှင် (၂၁) ရင်းဂစ် ရရှိကြသည်။
မြတ်ခိုင်ဦး/ ၇ မေ ၂ဝ၁ဝ
ဟစ်တိုင်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။