Home » , » ကျပ် ၅၀၀၀ တန်ငွေစက္ကူ အတုပြသနာများမှာ နယ်စပ်ဒေသများတွင် အများဆုံးဖြစ်ပွားနေ

ကျပ် ၅၀၀၀ တန်ငွေစက္ကူ အတုပြသနာများမှာ နယ်စပ်ဒေသများတွင် အများဆုံးဖြစ်ပွားနေ

Written By မောင်စေတနာ on Tuesday, September 11, 2012 | 1:59:00 PM



ကျပ် ၅၀၀၀ တန်ငွေစက္ကူအတု ပြသနာများမှာ နယ်စပ်ဒေသများတွင်သာ အများ ဆုံးဖြစ်ပွားနေပြီး မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားမှုနည်းပါး နေသော်လည်း ငွေတုများ အလုံးအရင်းဖြင့် ၀င်ရောက်နေကြောင်း စုံစမ်းသိရှိရပါက လက်ရှိညွှန်ကြားထားသည့် လုပ်ထုံး လုပ်နည်းများထက် ကျော်လွန်၍ စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“ငွေစက္ကူအတုတွေ အများဆုံး တွေ့နေတာက ထိုင်းနယ်စပ်မှာပါ။ ကျွန်တော်တို့ အနေနဲ့ ငွေစက္ကူ အတုတွေ တွေ့လာခဲ့ရင် ရဲစခန်းကို အကြောင်းကြားဖို့၊ စီအိုင်ဒီကို ပို့ပြီးစစ်ဆေးဖို့ လုပ်ထုံးလုပ်နည်း အရ ညွှန်ကြားထားတာတွေ ရှိ ပါတယ်။ ငွေစက္ကူအတုနဲ့ အစစ်ကလည်း တော်တော်ကွာခြားပါတယ်။ လက်ရှိတွေ့နေရတာက သာမန်တွေ့ ရှိမှုပါ။ သာမန်ထက်ပိုလာလို့ အလုံးအရင်းတွေ့လာပြီဆိုရင် လက်ရှိ ညွှန်ကြားထားတဲ့ လုပ်ထုံးလုပ်နည်း ထက်ပိုပြီး စုံစမ်းစစ်ဆေးသွားပါမယ်။ လက်ရှိအနေအထားက စိုး ရိမ်စရာ မဟုတ်သေးတဲ့ အတွက် ဗဟိုဘဏ်အနေနဲ့ အထူးတလည် စီစဉ်မှု မရှိသေးပါဘူး” ဟု ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပါသည်။

လက်တလောကာလတွင် ပြည် တွင်း ငွေစက္ကူ လည်ပတ်သုံးစွဲမှုများ၌ ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေသဖြင့် ငွေကျပ် ၅၀၀၀ တန် များအား ပြည်သူများ သုံးစွဲရာတွင် ခက်ခဲမှုများ ဖြစ်ပေါ်နေပြီး အချို့ သော နေရာများတွင် ငွေစက္ကူ ကျပ် ၅၀၀၀ တန်အား အထူးတလည် စစ်ဆေးမှုများနှင့် ကျပ် ၅၀၀၀ တန်အစား ကျပ် ၁၀၀၀ တန်ကိုသာ အထူးပြုတောင်းခံလေ့ ရှိနေကြောင်း ပြည်သူများထံမှ သိရှိရပါသည်။

“ငွေစက္ကူအတုပြသနာက အခုမှ မဟုတ်ပါဘူး ဟိုတုန်းကလည်း ရှိခဲ့ပါတယ်။ ၅၀၀၀ ကျပ်တန်တွေ မှာ အတုတွေ တွေ့နေတဲ့ ပြသနာ ကလည်း အခုမှ မဟုတ်ပါဘူး။ ၅၀၀၀ ကျပ်တန်စထုတ်ကတည်းက တွေ့နေတာပါ။ ဘာပဲပြောပြော ဒီလို ငွေတုပြသနာတွေမှာ အထိအနာဆုံး က နွမ်းပါးတဲ့ ပြည်သူတွေပါ။ လုပ်အားခ ရလာတဲ့ငွေ ၅၀၀၀ ကျပ်တန်ကို အတုအစစ်မခွဲနိုင်လို့ ယူလာပြီးမှ ရဲလက်အပ်ရမယ်ဆိုရင် သူ့စားဝတ်နေရေး ဘယ်လိုဖြေရှင်း မလည်း။ ကြပ်မတ်စစ်ဆေးနိုင်ရင် တော့ အကောင်းဆုံးပေါ့”ဟု ပုဂ္ဂလ ကဘဏ်အကြံပေးတစ်ဦးက ပြောကြားခဲ့ပါသည်။

မည်သူမဆို ငွေစက္ကူုကို ဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကို ဖြစ်စေ လိမ်လည်အတုပြုလျင်ဖြစ်စေ သို့မဟုတ် အတုပြုမှန်း မိမိသိလျက် နှင့် ထိုသို့လိမ်လည် အတုပြုလုပ်သည့် လုပ်ငန်း အဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပါဝင်ပြုလုပ်ပါက ထိုသူအား ရာဇသတ်ကြီးပုဒ်မ ၄၈၉(က)အရ ထောင်ဒဏ်တစ်သက် တစ်ကျွန်းကိုဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်ကိုဖြစ်စေ တစ်မျိုးမျိုး ကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်

အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ထို့ပြင်ငွေစက္ကူုကို ဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုမှန်းသိလျက် အစစ်အမှန်အဖြစ် အသုံးပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉(ခ)အရ ထောင်ဒဏ်တစ်သက် တစ်ကျွန်းကိုဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကို ဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေ ဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ်ထားမှန်း သိလျက် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ် ၇ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူနိုင် သည်ဟု ပြဋ္ဌာန်းထားကြောင်း တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပြခဲ့သည်။

ငွေစက္ကူအတုပြသနာ များ ကြောင့် ပြည်သူများအကြား ငွေသုံးစွဲမှု အခက်တွေ့နေခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ် သူ ဒေါ်ညိုညိုသင်းက” ငွေစက္ကူ အတုပေါ်တယ်ဆိုကတည်းက နိုင်ငံ တော်မှာ တာဝန်ရှိနေပြီ။ ဒီလိုငွေတု ပြသနာဟာ အခြေခံလူတန်းစား အပေါ် အဓိကရိုက်ခတ်နေမယ်၊ နစ် နာနေမယ်ဆိုရင် ငွေတုမပေါ်အောင် လုပ်ရမယ်။ မသိနားမလည်တဲ့ ပြည်သူ့ဆီက ငွေတုကို တန်ဖိုးတူ ပြန်လဲပေးတာမျိုးတွေ လုပ်ရမယ်။ နောက်ပြီး ငွေတုပြသနာကို ဖြေရှင်းဖို့အတွက် အဆင့်မြင့်နည်းပညာတွေ သုံးပြီး ငွေစက္ကူသစ် ထုတ်တာမျိုး၊ နိုင်ငံခြားကုမ္ပဏီကို မြန်မာနိုင်ငံသုံး ငွေစက္ကူအဆင့်မှ ထုတ်ဖို့အတွက် အပ်တာမျိုးတွေ လုပ်ရပါမယ်” ဟု သူမ၏ ယူဆချက်အား ပြောကြားခဲ့ ပါသည်။

မြန်မာနိုင်ငံတွင် ဒုတိယတန် ဖိုး အမြင့်ဆုံးငွေစက္ကူဖြစ်သည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူအား ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင် စတင်သုံးစွဲခဲ့ပြီး ၂၀၁၂ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည့် ကျပ် ၁၀၀၀၀တန် ငွေ စက္ကူမှာ ပြည်သူများအကြားတွင် လည်ပတ်သုံးစွဲနိုင်မှု မရှိသေးသဖြင့် ပြည်သူများလက်ရှိ သုံးစွဲနေသည့် တန်ဖိုးမြင့် ငွေစက္ကူမှာ ကျပ် ၅၀၀၀ တန်သာ ဖြစ်နေသဖြင့် ငွေတုပြသ နာများ မကြာခဏ ဖြစ်ပွားနေပြီး နောက် သုံးစွဲရပိုမိုခက်ခဲနေခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။