မြန်မာပြည်ကျောက်စိမ်း ဆိုသည့် ဆိုင်းဝိုင်းက ပရိသတ်များနှင့် စိမ်းသည့် နာမည်တစ်ခုတော့မဟုတ်။ မြန်မာ့ဆိုင်းပညာနှင့် ပတ်သက်၍ ပရိသတ်အသိများရုံသာမက ခေတ်ပေါ်တေးဂီတ၀ိုင်းများနှင့်လည်း တွဲဖက်ဖျော်ဖြေ တီးခတ်လေ့ရှိသူ ဖြစ်သည်။
ပြည်တွင်းပြည်ပ ဖျော်ဖြေပွဲများစွာ လိုက်ပါတီးခတ်လျက် ရှိသည့် မြန်မာပြည်ကျောက်စိမ်းက ပထမဆုံး ရုပ်ရှင်နောက်ခံ တေးဂီတ ဖန်တီးမှုအဖြစ် မြန်မာ့ရိုးရာ ဇာတ်သဘင်ကို အခြေခံ ဇာတ်အိမ်ဖွဲ့ထားသည့် ‘အငိုမျက်လုံး အပြုံးမျက်နှာ’ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်တီးခတ်ခဲ့သည်။ မြန်မာပြည်ကျောက်စိမ်း၏ ဆိုင်းပညာအတွေ့အကြုံ၊ ပထမဆုံး ရုပ်ရှင်နောက်ခံဂီတ ဖန်တီးမှု၊ အကယ်ဒမီ တစ်ကြို ရင်ခုန်သံတို့ကို မေးမြန်းဖြစ်ခဲ့ရာ . . .
မေး- မြန်မာ့ဆိုင်းပညာကို ဘယ်လိုစပြီး လေ့လာဆည်းပူး ဖြစ်ခဲ့တယ် ဆိုတာကနေ စပြီးပြောပြပေးပါလား။
ဖြေ- ငယ်ငယ်ကတည်းက ဆိုင်းသံကြားရင် မနေနိုင်ဘူး။ ဦးလေးတွေ အဖိုးတွေက သဘင်လောကက ဖြစ်တဲ့အတွက် ကျောင်းတက်လို့ ကစားရင်တောင် ဆိုင်းတီးတမ်းကစားခဲ့တာ။ အရွယ်ရောက်လာတဲ့ အခါကျတော့လည်း မြန်မာ့ဆိုင်းပညာကို ထိန်းသိမ်းရမယ်ဆိုတဲ့အသိ ၀င်လာခဲ့တယ်။ ဒါကြောင့် ခက်ခဲတဲ့ မြန်မာ့ဆိုင်းပညာကို မြတ်မြတ်နိုးနိုးနဲ့ ကြိုးစားပြီးသင်ယူခဲ့တယ်။ ဆက်လက်ပြီးတော့လည်း ကြိုးစားနေတုန်းပါပဲ။
မေး- ဆိုင်းပညာကို သင်ယူစဉ်မှာ လက်ဦးဆရာတွေ ဆိုရင်ရောဘယ်သူတွေနဲ့ တွေ့ကြုံသင်ယူခဲ့ရလဲ။
ဖြေ- ဆိုင်းပညာကို သင်ယူစဉ်မှာ လက်ဦးဆရာဆိုရင်တော့ ကျွန်တော့် ဦးလေးလို့ဆိုရမှာပါပဲ။ ၀ါရင့်ဆိုင်းဆရာကြီးတွေရဲ့ အကြားအမြင် သင်ကြားမှုတွေလည်း ရှိခဲ့ပါတယ်။ အနန္တဆရာတွေချည်းပါပဲ။ နာမည် ကြီးမှ ဆရာလည်း မဟုတ်ပါဘူး။ နာမည်ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ သင်ဆရာမြင်ဆရာကြား ဆရာတွေချည်းပါပဲ။ ငယ်ငယ်ကတည်းကလည်း ဦးလေးတွေ အဖိုးတွေနဲ့ဇာတ်ပွဲ၊ ဆိုင်းပွဲတွေထဲလိုက်ပြီး နားထောင်တော့ နားရည်တွေ ၀နေတာပေါ့လေ။
မေး- မြန်မာပြည် ကျောက်စိမ်းဆိုတဲ့ အမည်တစ်ခုကို ပရိသတ် မှတ်မှတ်ထင်ထင် ဖြစ်လာစေဖို့ ဘယ်လိုများ ကြိုးစား ခဲ့ရလဲ။
ဖြေ- ကျွန်တော့်အဖိုးက ငယ်စဉ်ကတည်းက ကျွန်တော့်ကို ဆိုင်းဆရာတစ်ယောက် ဖြစ်စေချင်ခဲ့တယ်။ အဲဒီအပေါ် ကျွန်တော်ကိုယ်တိုင်ကလည်း ဖြစ်ချင်ခဲ့တယ်။ ဒါကြောင့် မဖြစ်မနေ ကြိုးစားပြီး ဒီလိုရပ်တည်နိုင် လာခဲ့တာပါ။ ကျွန်တော်ငယ်စဉ်ကတည်းက ဖြစ်ချင်ခဲ့တာက မြို့ကြီးပြကြီးမှာ နာမည်ကြီးတဲ့ ဆိုင်းဆရာ ဖြစ်ချင်တာပေါ့လေ။ ဒီလိုမဖြစ်ခင်မှာတော့ နယ်လှည့် ဖျော်ဖြေရေးတွေ လုပ်ရတာပေါ့လေ။ ကံအားလျော်စွာပဲ ဆရာကောင်းတွေနဲ့ တွေ့ဆုံခွင့်လည်း ရတယ်ပေါ့လေ။ ပစ်တိုင်းထောင်ကို မွေးထုတ်ပေးခဲ့တဲ့ ဘားမားဒစ္စကို စိန်လှမောင်ဆီမှာလည်း သင်ယူခွင့်ရခဲ့ပါတယ်။ အဲဒီတော့သူက သူ့တပည့်တွေကို အရာဝတ္ထုတစ်ခုခုနဲ့ နှိုင်းယှဉ်ပြီးတော့ နာမည်လေးတွေ ပေးတယ်ပေါ့လေ။ ကျွန်တော်ဆိုင်းဆရာ မဖြစ်ခင် ပတ္တလားတီးနေကတည်းက ဘိုကလေးကျောက်စိမ်း ဆိုတဲ့ဆရာကြီးလည်း ရှိပါတယ်။
အဲဒီဆရာကြီးက မြန်မာတစ်ပြည်လုံးမှာ ခုနစ်သံချီတီးတာ တော်တော်ကောင်းတယ်လို့ ကြားဖူးရပါတယ်။ အဲဒီဆရာကြီးတွေကို အမှတ်တရဖြစ်တဲ့ အနေနဲ့ ကျောက်စိမ်းဆိုတဲ့ နာမည်ပေးဖို့ကို ဖြစ်လာတယ်ပေါ့ လေ။ မြန်မာပြည် အေးချမ်းအောင် ဆိုတဲ့အတိတ်နမိတ်နဲ့ မြန်မာပြည်ကျောက်စိမ်းဆိုတဲ့ အမည်လေး ပေးပါဆိုပြီး ဆရာကြီးစိန်လှမောင်က ရွေးပေးခဲ့တာပါ။
မေး- ဆိုင်းပညာကို professional တစ်ယောက်အဖြစ် လုပ်ဖြစ်စဉ်မှာ ခံယူထားတဲ့ ခံယူချက်ကိုလည်း သိပါရစေ။
ဖြေ- ဆိုင်းပညာရဲ့သန္ဓေဖြစ်တဲ့ မဟာဂီတ၊ ပတ်ပျိုး၊ ယိုးဒယားတွေ ကို ရင်ထဲမှာကိန်းအောင်းပြီး မပျောက်အောင်ရယ်၊ မြန်မာ့ဆိုင်းပညာနဲ့ တူရိယာတွေကို လူငယ်တွေကအစ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားလာအောင်ရယ်၊ ဘယ်စီးရီးအတွက်ပဲတီးတီး ကိုယ့်အမွေအနှစ် မပျောက်ပျက်အောင်တော့ တီးလေ့တီးထ ရှိပါတယ်။ ဘုရားထီးတင်ပွဲ၊ ဗလာပွဲ၊ အလှူမင်္ဂလာပွဲတွေလည်း တီးခွင့်ရတဲ့အခါ ကျွန်တော့်အနေနဲ့တော့ ရိုးရာလည်း မပျောက်အောင်၊ ဆိုင်းပညာကိုလည်း အထင်ကြီးလေးစားအောင် ကြိုးစားနေပါတယ်။
မေး- အခုခေတ်ပေါ် တီးဝိုင်းတွေနဲ့ မြန်မာ့ဆိုင်းဝိုင်းကို တွဲဖက်တီးခတ်တာမျိုးတွေ ရှိလာတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ- သဘောကျပါတယ်။ ဆိုင်းသံ တူရိယာတွေက သံရှည်ဆိုတာ နည်းတယ်လေ။ သံတိုသံပြတ်တွေများ တယ်။ ခေါင်းလောင်း၊ လေမှုတ်တူရိယာဆို နှဲစသဖြင့်ပဲရှိတယ်။ အီလက်ထရောနစ် ပစ္စည်းဆိုရင်တော့ ပလပ်ပေါက်ထိုးထားပြီး လက်ကနှိပ်ထားလိုက်တာနဲ့ အသံထွက်နေတာ။ ကျွန်တော်တို့ရဲ့ဆိုင်းဝိုင်းနဲ့ သူတို့ရဲ့ အနောက်တိုင်း တူရိယာကို ပေါင်းစပ်ပြီး တီးတဲ့အခါမှာ ထူးခြားတဲ့အသံလေးတွေ ထွက်တာပေါ့လေ။ ရိုးရာလည်း ရိုးရာ၊ တိုင်းတစ်ပါးနဲ့ကူးလူး ဆက်ဆံတာတွေလည်း အများကြီးပေါ့။ သူတို့ဂီတနဲ့ ကိုယ့်ဂီတကိုရောစပ်ပြီး ဖန်တီးကြရတာပါ။
မေး- လက်ရှိမြန်မာ့ဆိုင်းပညာရဲ့ရပ်တည်မှု အနေအထားကိုလည်း သိချင်ပါတယ်။
ဖြေ- လက်ရှိ မြန်မာ့ဆိုင်းပညာက အရင်ထက်စာရင် ပွင့်လင်းလာပါပြီ။ တရားပွဲလေးတွေ၊ ရိုးရာအခွေလေး တွေစသဖြင့် ထွက်လာတာလေးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ရိုးရာက မပျောက်ပါဘူး။ ဆိုင်းဖျော်ဖြေရာမှာလည်း ဇာတ်ကြီးတစ်ဇာတ် ကြည့်နေရသလို ဟာသလေးတွေ၊ အဆိုလေးတွေ၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ စကားလုံးလေးတွေနဲ့ ဖျော်ဖြေကြရပါတယ်။ ဒီအတွက် ကျွန်တော်တို့ရဲ့ ဆိုင်းပညာက တိမ်ကောပပျောက်သွားမယ်လို့ မတွက်ဆတော့ပါဘူး။
မေး- နိုင်ငံတကာ ဖျော်ဖြေပွဲတွေ သွားရောက်တဲ့အခါမှာ မြန်မာ့ဆိုင်းပညာ အပေါ်အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ- သူတို့အနေနဲ့ကတော့ ဆိုင်းပညာဆိုတာကို တကယ်တီးတော့မှပဲ ဒိန်းကနဲ သိခွင့်ရတာပေါ့လေ။ ဒါပေမယ့် တော်တော်လေးကို အံ့သြပါတယ်။ ပတ်စာစစမ်းကတည်းကကို အံ့သြကြပါတယ်။ နိုင်ငံခြား notes တွေမလိုဘူး။ မဟာဂီတထဲက သီချင်းတွေ တီးလုံးတီးကွက်တွေကို အလွတ်တီးခတ်ကြတာ၊ notes မလိုဘဲတစ်ယောက် နဲ့ တစ်ယောက်ဘယ်နေရာမှာ ဆိုင်းသွားတယ်၊ ဘယ်နေရာမှာ လေးသွားမယ်၊ ဘယ်နေရာမှာ မြန်သွားမယ်ဆိုတာတွေ ညီညီညွတ်ညွတ်လေး တီးနိုင်တယ်ဆိုတာ ထူးခြားချက်ပေါ့။
မေး- ပထမဆုံးရုပ်ရှင်ဇာတ်ကား တီးခတ်မှုဖြစ်တဲ့ အငိုမျက်လုံးအပြုံးမျက်နှာ ဇာတ်ကားဖန်တီးခဲ့ရပုံလေးလည်း သိချင်ပါတယ်။
ဖြေ- ကျွန်တော် ငယ်ငယ်ကတည်း က စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါမှာလည်း ဂီတနဲ့ရုပ်ရှင် ရဲ့အနှစ်သာရကို တွဲပြီးတော့ခံစားပါတယ်။ လေးစားအားကျရတဲ့ ဆရာ အစ်ကိုတွေဖြစ်တဲ့ စန္ဒရားလှထွဋ်၊ ထရမ်းပက်ဝင်းဦး၊ဂီတလုလင်ဦးကိုကို၊ဦးခင်မောင်ကြီးစသဖြင့် အများကြီးရှိပါတယ်။ သူတို့တီးခတ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း အများကြီး လေ့လာခဲ့ဖူးပါတယ်။ dubbing တီးတဲ့ပညာရပ်ကိုလည်း ဆရာဦးကိုကို နဲ့ ထရမ်းပက်ဝင်းဦးတို့ဆီမှာ အများဆုံး လေ့လာခဲ့ဖူးပါတယ်။ ကိုယ်တိုင်လည်း တချို့ဇာတ်ကားတွေမှာ ပံ့ပိုးတီးခတ်ပေးဖူးပါတယ်။ အခုကျွန်တော့် အခြေအနေလေး ရောက်လာတဲ့အခါ ပထမဆုံးဇာတ်ကားအဖြစ် ဒီဇာတ်ကားကြီးကို စတင်ဖန်တီးဖြစ်ခဲ့ပါပြီ။ ရိုးရာသီချင်းတွေ၊ မဟာဂီတသီချင်းတွေ၊ နာရေးတီးလုံး၊ အပျော်တီးလုံး၊ မွေးနေ့ တီးလုံးစသဖြင့် လိုက်ဖက်တဲ့တီးလုံးလေးတွေကို ကိုယ်ပိုင်လေးတွေ ဖြစ်အောင်လည်း ထွင်ရသလိုမှတ်သား အတုယူပြီးဖန်တီးခဲ့ရတာလည်း ရှိပါတယ်။
မေး- အကယ်ဒမီ ရင်ခုန်သံအတွက်ကိုရော မျှော်လင့်ထားတာမျိုး ရှိလား။
ဖြေ- ရခဲ့သည် ရှိရင်တော့လည်း ၀မ်းသာရတာပေါ့လေ။ မရခဲ့ရင်လည်းကျွန်တော့် အိပ်မက်တစ်ခု ဖြစ်တဲ့ရုပ်ရှင်ကားကြီးကို ဖန်တီးခွင့်ရတာ ဖြစ်ခြင်းကြောင့် ၀မ်းသာပီတိဖြစ်တယ်ပဲ ဆိုရမှာပါ။ နောက်ကားတွေကိုလည်း ကြိုးစားပြီးတော့ ဖန်တီးမှာပါ။ မရခဲ့ရင်လည်း ဆက်ပြီးကြိုးစားရမှာပါ။ အကယ်ဒမီဆိုတာတော့ အသိအမှတ်ပြုမှု တစ်ခုပေါ့။ ၀မ်းစာရှာစားရာမှာ နာမည်လေး တစ်ခုရတာပေါ့။
မေး-ပြည်ပဖျော်ဖြေပွဲရောသွားဖို့ရှိ ဦးမလား။
ဖြေ- တစ်ခါတလေ ကျတော့လည်း မျှော်လင့်မထားဘဲ သွားချင်လည်းသွား ရတတ်တာမျိုးလေ။ သွားဖို့ ပြောထားတာလေးတွေတော့ ရှိပါတယ်။ မြန်မာ့ဆိုင်းပညာကို နိုင်ငံခြားသားတွေ အနေနဲ့ ကိုယ်တိုင်ကိုယ်ကျလာပြီး ဆည်းပူးနေတာမျိုးတွေလည်း ရှိပါတယ်။
Source by :http://www.news-eleven.com/

0 comments:
Post a Comment