Home » » ချမ်းသား တစ်ခါ ဆင်းရဲ တစ်လှည့် (၀တ္ထုတို)

ချမ်းသား တစ်ခါ ဆင်းရဲ တစ်လှည့် (၀တ္ထုတို)

Written By မောင်စေတနာ on Saturday, November 5, 2011 | 1:30:00 PM



အဘိုးအာဒမ်အတွက် စာတစ်စောင် တစ်နေ့။ ကျုပ်တို့ရွာကို စာပို့သမား တစ်ယောက် ရောက်လာတယ်။ ““အဘိုးက ဦးအာဒမ်လား””
စာပို့သမားက ကျုပ်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး မေးတယ်။
““ဟုတ်ပါတယ်ကွယ်””
““အဘိုးအတွက် စာပါတယ်။ ဦးအာဒမ်၊ မင်းတယရွာ—တဲ့။””
စာပို့သမားက စာအိတ်ကနာမည်ကို ဖတ်ပြ တယ်။
““ငါ့ဆီလာတဲ့စာပေါ့၊ ဘယ်သူ့ဆီကများလဲ ကွယ်။””
စာပို့သမားက စာအိတ်ကို နောက်တစ်ကြိမ် ပြန်ကြည့်တယ်။
““ဆောလ်ဆီက””
သူက စာကိုလှမ်းပေးပြီး ထွက်သွားတယ်။ ဆောလ်ဆီက ဆိုပါလား။
““မာသရေ၊ မာသ””
ကျုပ်လည်း ၀မ်းသာအားရနဲ့ ကျုပ်ဇနီးကို လှမ်းခေါ်လိုက်တယ်။
““လာပါဦး အမေကြီးရ၊ ဒီမှာ မင့်သားဆောလ် ဆီက စာလာလို့””

မာသရောက်လာပြီး စာကို ဖင်တစ်ပြန်ခေါင်း တစ်ပြန်ကြည့်တယ်။ သူစိတ်လှုပ်ရှားပြီးကတုန်က ယင်ဖြစ်နေလေရဲ့။““ဆောလ်ဆီကတဲ့လား။ သူကျန်းကျန်းမာမာ မှရှိရဲ့လားတော်။ ကျုပ် ကျောင်းဆရာလေးကို သွား ရှာလိုက်ပါဦးမယ်။ သူပဲဒီစာကိုဖတ်ပြနိုင်မှာတော့်””လွန်ခဲ့တဲ့ နှစ်ငါးဆယ်က ရွာမှာကျောင်းမရှိခဲ့ ဘူးလေ။ ကျုပ်တို့က ဇနပုဒ်ငယ်လေးမှာ နေရ တာကိုး။ ဒီမှာက လယ်ပဲလုပ်ကြတာ။

ကျုပ်ရဲ့သား ဆောလ်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်း ကရွာကနေထွက်သွားတာ။ သမီး ၃ ယောက်တော့ ရှိပါသေးတယ်။ အားလုံး အိမ်ထောင်ကျကုန်ပြီ။ ဆောလ်ကတော့ နိုင်ငံခြားမှာသွားပြီး ပိုက်ဆံရှာနေ တာလေ။

ခဏနေတော့ မာသပြန်ရောက်လာတယ်။ ကျောင်းဆရာလည်းပါလာတယ်။ တခြားလူတွေ လည်း လိုက်လာကြသေးသဗျ။ အားလုံးက စာထဲ မှာ ဘာတွေရေးထားတယ်ဆိုတာ နားထောင်ချင် နေကြတယ်။ ကျောင်းဆရာက စာအိတ်ကိုဖောက် ပြီး စာကိုဖွင့်ဖတ်လိုက်တယ်။

အဘ …..။
ကျုပ် လန်ဒန်မှာ နေနေပါတယ်။ အလုပ်ရုံ တစ်ခုမှာ အလုပ်ရနေပြီ။ အလုပ်ကတော့ ပင်ပန်း တယ်အဘရာ။ တစ်ခါတစ်ခါ ညဘက်တွေပါဆင်း ရတယ်။ ဒါပေမဲ့လစာကတော့ ကောင်းသဗျ။ ကျုပ် အစစအရာရာ အဆင်ပြေပါတယ်။ ကျုပ်တို့နိုင်ငံက အဖော်တွေလည်း ဒီမှာရှိတယ်ဗျ။ အခု ပေါင်တစ် ရာပို့လိုက်တယ်။ အဘနဲ့အမေအတွက်ပါ။ အဘ နဲ့အမေကိုချစ်တဲ့—
ဆောလ်

““ပေါင်တစ်ရာ—-ဟုတ်လား””
ကျောင်းဆရာကို ကျုပ်ပြန်မေးမိတယ်။
““ခင်ဗျား မှားဖတ်လိုက်တာ ထင်တယ်။””
““မမှားပါဘူး။ ဒီမှာ စာရွက်တစ်ရွက်ပါတယ်””
““အဲဒါက ဘာလဲဗျ””
““ဒါငွေပို့လွှာလေ””
ကျောင်းဆရာက ဆက်ရှင်းပြတယ်။

““ခင်ဗျား ဒါပူရ်မြို့ပေါ်သွား၊ ဒါပူရ်စာတိုက်မှာ ဒီငွေပို့လွှာကိုပြပြီး ငွေထုတ်ရမယ်။ ဒီစာရွက်က ပေါင်တစ်ရာတန်တယ်။ စာတိုက်က အရာရှိကခင် ဗျားကို ငွေထုတ်ပေးလိမ့်မယ်။””
““ပေါင်တစ်ရာ—””
ကျုပ်လည်း မယုံနိုင်လို့ ထပ်ပြီးရေရွတ်မိပြန် တော့ အားလုံးဝိုင်းရယ်ကြတယ်ဗျ။ ပြီးတော့ ကျုပ်ကို ပြောကြသေးတယ်။
““ကိုအာဒမ်ကြီး ခင်ဗျားတော့ ချမ်းသာပြီဗျ၊ ခင်ဗျာ့လယ်နဲ့အိမ်အတွက် လိုအပ်တာတွေ အများ ကြီး ၀ယ်နိုင်ပြီဗျ။””
““ဟုတ်တယ်၊ ဒါပူရ်ကိုသွားရင် စာကောင်း သောက်ဖွယ်တွေလည်း ၀ယ်ရမယ်ကွ။ မင်းတို့ အားလုံးကို ကျွေးဖို့လေ။””

ကျုပ်မိတ်ဆွေတွေကို အဲဒီလိုပြောလိုက် တယ်။ မာသလည်း ““ဆောလ်က သားကောင်း လေးပါတော်””လို့ မှတ်ချက်ပြုရှာတယ်။

အဲဒီနေ့ညနေမှာ ရွာကလူတွေဟာ ငွေလွှဲစာနဲ့ ငွေအကြောင်းကို ပြောလို့မဆုံးကြဘူး။ မာသနဲ့ ကျုပ်လည်း မထူးပါဘူးလေ။ ဒီအကြောင်းပဲ ပြောဖြစ်နေတာပါပဲ။ ကျုပ်တို့လယ်အတွက် လိုအပ် တာတွေက အများသားမဟုတ်လား။

ဒါပူရ်မြို့ကို သွားရပြီ

နောက်တစ်နေ့မနက်မှာ ကျုပ် အိပ်ယာ စောစောထတယ်။ မိုးတောင်မလင်းတတ်သေးဘူး။ ရွာကလူတွေဆို အိပ်ကောင်းကြတုန်း။ ဒါပေမဲ့ ကျုပ်ကတော့ ဒါပူရ်ကို သွားရမယ်လေ။ မျက်နှာ သစ်ပြီး အ၀တ်အစားကို သပ်သပ်ရပ်ရပ်ဝတ်။ လက်ဆွဲတော် တုတ်ကောက်ကိုယူ။ ငွေလွှဲစာရွက် ကို အိတ်ကပ်ထဲ ဂရုတစိုက်ထည့်။ ကျုပ်ဇနီး မာသကိုလည်း နှုတ်ဆက်။

ကားလမ်းမကြီးကိုရောက်ဖို့ ဆယ်မိုင်လောက် ကျုပ်လမ်းလျှောက်ခဲ့ရတယ်။ လမ်းမကြီးဆီရောက် မှပဲ လမ်းဘေးမှာခဏထိုင်ပြီး နံနက်စောစာ စားရ တယ်။ ဘတ်စ်ကားကလည်း စောင့်လိုက်ရတာ ၂ နာရီလောက်တောင် ကြာတယ်ဗျ။ ကားလာ တာနဲ့ အမြန်တားပြီးတက်။

ဒါပူရ်ကို သွားတဲ့ခရီးက ကားပေါ်မှာတင် ၃ နာရီ ကြာပြန်သေးတယ်။ ဒါပူရ် ကိုရောက်ရောက်ချင်း စာတိုက်ကိုပဲ ကျုပ်တန်းသွား တယ်။ ကျုပ်က ဒါပူရ်ကိုသိပ်လာဖြစ်တာမဟုတ် ဘူး။ ဒါကြောင့် ဒါပူရ်ဈေးကို သိတယ်။ ဈေးထဲက ““ကောက်ရိုးပုံ””ဆိုတဲ့ နာမည်ဆန်းဆန်းနဲ့ ဆိုင်ကို ကျုပ်သိတယ်။ဒါပဲ။ အဲဒီဆိုင်မှာလယ်ယာသုံးပစ္စည်း တွေ လာဝယ်ဖူးတာကိုး။
စာတိုက်မှာ လူတွေကလည်း များသဗျာ။ ငွေ လွှဲစာပြပြီးမေးစမ်းကြည့်ရတာပေါ့။ လူတစ်ယောက် က ကျုပ်ကိုတန်းစီရမယ့်နေရာပြတယ်။ လူတန်း ရှည်ကြီးရဲ့နောက်ဆုံးကနေ ကျုပ်ဝင်စီလိုက်တယ်။ နောက်ဆုံးတော့လည်း ကျုပ်အလှည့်ရောက်လာ တာပေါ့။ ကျုပ်ကလူတန်းရဲ့ ရှေ့ဆုံးက ဖြစ်သွားပြီ။ ဒါပေမဲ့ဝန်ထမ်းကသူ့အလုပ်သူလုပ်နေတုန်း။ ကျုပ် ကို အရေးမစိုက်ဘူး။

““ဒီမှာမောင်ရင် ကျုပ်အလှည့်ရောက်ပြီလေ ကွယ်””““ကဲ အဖိုးကြီး၊ ဒီမှာ အလုပ်ရှုပ်နေတယ်ဗျာ၊ ဒီမှာကြည့် စာရွက်တွေ၊ ဟိုမှာကြည့် တန်းစီနေ တဲ့လူတွေ၊ ဒီလောက်တပုံတပင်ကြီးကို လုပ်ပေး နေရတာ နည်းနည်းတော့သည်းခံပြီးစောင့်””ကျုပ်လည်း ဘာတတ်နိုင်မလဲ။ စောင့်ရတော့ တာပေါ့။ နောက်မှ ၀န်ထမ်းက ကျုပ်ကိုမေးတယ်။

““ဘာလုပ်ပေးရမှာလဲ””
ကျုပ်ကသူ့ကို ငွေလွှဲစာရွက်ပြလိုက်တယ်။ ပြီးတော့-
““ဒါက ပေါင်တစ်ရာ ငွေလွှဲစာပါ””
လို့လည်း ပါးစပ်က ပြောလိုက်တယ်။ ၀န်ထမ်းက လက်ဖြန့်ပြီး
““မှတ်ပုံတင်ပေး””
လို့ လှမ်းတောင်းတယ်။
““ဗျာ၊ ဘာပြောတာပါလိမ့်””
သူပြောတာ ကျုပ်မသိဘူး။ ပြန်မေးလိုက်ရ တယ်။
““ခင်ဗျားရဲ့ မှတ်ပုံတင်လေ။ ကျွန်တော့်ကို ပေး””
““မှတ်ပုံတင်ဆိုတာက—””
““မှတ်ပုံတင်မပါရင် ခင်ဗျားကို ငွေထုတ်ပေးလို့ မရဘူး။ မှတ်ပုံတင်ပါမှ ခင်ဗျားနာမည်နဲ့ လိပ်စာကို တူ၊မတူ ကြည့်လို့ရမှာပေါ့။ ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားကို ကျုပ်က သိတာမှမဟုတ်တာ။””၀န်ထမ်းက နည်းနည်းစိတ်တိုနေပုံရတယ်။ ကျုပ်လည်း စိတ်တိုတာပါပဲ။

““ကျုပ်ဘယ်သူလဲဟုတ်လား။ ဒီမှာမောင်ရင် ကျုပ်ကို လူတိုင်းသိတယ်။ ကျုပ်က မင်းတရွာက ဦးအာဒမ်ပဲ။ ကျုပ်မှာ ခင်ဗျားပြောတဲ့ မှတ်ပုံတင် ဆိုတာ မရှိဘူး။ မှတ်ပုံတင်လည်း ကျုပ်အတွက် မလိုအပ်ဘူး။””““အဘိုးကြီး၊ ကျုပ်အလုပ်များရတဲ့ကြားထဲဗျာ၊ ခင်ဗျားက အူကြောင်ကြောင်နဲ့။ ခင်ဗျားကိုလည်း မသိဘူး။ မင်းတယရွာ ဘယ်နားမှာဆိုတာလည်း ကျုပ်မသိဘူး။””

““ဟေ့ ဒီမှာ၊ ငါ့ပိုက်ဆံကိုပဲ မင်းပေးပါ။ အပို တွေပြောမနေနဲ့။ ငါ့ကို ပေါင် ၁၀၀ ထုတ်ပေး””
ဝန်ထမ်းက ကျုပ်ကိုဒေါသနဲ့ ပြန်ကြည့်တယ်။ ပြီးတော့ ဓာတ်ပြားဟောင်းကြီးပဲ ပြန်ဖွင့်တယ်။
““ကျုပ်ကို မှတ်ပုံတင်ပြ၊ ခင်ဗျားကို ကျုပ်မသိ ဘူး။””
အဲလိုပြောပြီး ငွေလွှဲစာရွက်ကို ကျုပ်ကိုပြန် ပေးလိုက်တယ်။
““ဒါဆို မှတ်ပုံတင်ကို ကျုပ်က ဘယ်မှာဝယ် ရမှာလဲ””

သူကျုပ်ကို စကားတောင်ပြန်မပြောတော့ ဘူး။ ဘာမှကို မဖြေတာ။ နောက်မှာ တန်းစီနေတဲ့လူတစ်ယောက်က ၀င်ပြောတယ်။ လ၀ကရုံးကိုသွား-တဲ့။ လမ်းကိုပါ သူကညွှန် လိုက်တယ်။

မှတ်ပုံတင်လုပ်ဖို့ လိုပြန်သတဲ့

ကျုပ် လ၀ကရုံးကို လျှောက်သွားတယ်။ နောက်ထပ်တစ်ခါ တန်းစီရပြန်ပြီပေါ့။ အဲဒီမှာလည်း နောက်ထပ်ဝန်ထမ်းတစ်ယောက်နဲ့ စကားပြောရ ပြန်တယ်။ သူ့ဆီမှာ မှတ်ပုံတင်ကိစ္စမေးကြည့်ရ တယ်။
““ဒီပုံစံစာရွက်မှာ ဖြည့်ပါ။ ပိုက်ဆံ ၂ ပေါင် ရယ်။ ဓာတ်ပုံ ၃ ပုံရယ်၊ ဖြည့်ထားတဲ့ပုံစံစာရွက် ရယ်ကိုယူပြီး မနက်ဖြန်ပြန်လာခဲ့။””

““ဘာ-မနက်ဖြန် ဟုတ်လား။ ဒီနေ့ပဲရအောင် လုပ်ပေးလို့ မရဘူးလား မောင်ရယ်ရယ်၊ ကျေးဇူးပြု ပြီးလုပ်ပေးစမ်းပါကွာ။ အဘက မင်းတယရွာမှာ နေ တာကွဲ့။ ဒီဒါပူရ်ကို ငါးနာရီလောက်ခရီးလာခဲ့ရတာ ပါကွာ။ အဘက အသက်လည်းကြီးပါပြီ။””
““ဟုတ်ကဲ့ပါ။ မနက်ဖြန်မှပဲ လာလိုက်ပါနော်””

ရုံးဝန်ထမ်းက ပြောပြီးတာနဲ့ လှည့်ထွက်သွား ပါတယ်။ ကျုပ်လည်း လ၀ကရုံးကနေ ပြန်လျှောက် လာခဲ့တယ်။ ဈေးဘက်ကို သွားတယ်။ ဈေးမှာ ရွာကအသိ တစ်ယောက်ယောက်များ တွေ့လေ မလားလို့ ရှာကြည့်တယ်။ မတွေ့ပါဘူးဗျာ။ ဒါနဲ့ “ကောက်ရိုးပုံ” ဆိုတဲ့ ကျုပ်အရင် ဈေးလာဝယ်ဖူး နေကျဆိုင်ကို သွားတယ်။ ကျုပ်လည်း သူတို့ကိုပဲ အရင်းနှီးဆုံး မိတ်ဆွေလိုသဘောထားပြီး ပြောပြရ တယ်။

““မှတ်ပုံတင်လုပ်မလို့ကွယ်၊ ဒါပေမဲ့ ဓာတ်ပုံ ၃ ပုံလိုသတဲ့”” သူတို့က ကျုပ်ကို ဓာတ်ပုံဆရာဆီလမ်း ညွှန် လိုက်တယ်။ ကျုပ်လည်းဓာတ်ပုံဆရာအိမ်ကို ရှာဖွေ ပြီးသွားရပြန်တာပေါ့။ ဓာတ်ပုံဆရာ မောင်မင်းကြီး သားက အိမ်မှာထိုင်ငိုက်လို့။ ကျုပ်ရောက်သွားတော့ သူက ပျာယိပျာယာနဲ့ ထလာတယ်။ သူ့ပုံစံကညစ် ညစ်ပေပေနဲ့။ ပင်ပန်းနွမ်းနယ်နေတဲ့ရုပ်မျိုး။““ကျုပ် မှတ်ပုံတင်လုပ်မလို့မောင်ရင်ရယ်။ ဓာတ်ပုံ ၃ ပုံလောက်ရိုက်ချင်တယ်။”” ““ရတာပေါ့ဗျာ လှလှလေးရိုက်ပေးမယ်။ ၀င်ခဲ့ ပါ။””

ကျုပ်လည်း သူ့အခန်းထဲ ကိုလိုက်ဝင်ခဲ့တယ်။ အခန်းအလယ် လောက်မှာ ကင်မရာကြီးတစ်လုံး တွေ့ရတယ်။ ““ဒီကင်မရာက ဒါပူရ်မြို့မှာအကောင်းဆုံးကင် မရာပေါ့ဗျာ။ အလွန့်အလွန် ကောင်းတဲ့ကင်မရာ ပါ။”” ဓာတ်ပုံဆရာက လာကြားနေသေးတယ်။

““ကင်မရာကို ငါအရင်က မြင်ဖူးတာမဟုတ်ပါ ဘူးကွာ။ ကင်မရာအကြောင်းလည်း ငါမသိပါဘူး။ ငါ့ပုံကိုသာ မြန်မြန်လေးရိုက်ပေးပါကွာ””
““သိပ်မလောနဲ့အဘရေ။ ကျွန်တော်က အနု ပညာသမားဗျ။ ခံစားပြီးလုပ်တဲ့သူ””

ပြောရင်းသူကကျုပ်ကိုမှန်နဲ့ဘီးလှမ်းပေးတယ်။
““ငါ့အတွက် မှန်တွေဘီးတွေမလိုဘူး။ ဓာတ်ပုံ ပဲလိုတယ်။ ဒီနေ့လယ် မင်းတယရွာကို ပြန်ရဦးမှာ။ မြန်မြန်လုပ်စမ်းပါ။””

““ကောင်းပြီလေ။ ဒါပေမဲ့ ပိုက်ဆံတော့ အရင် ပေးဗျာ။ ဒါပူရ်ရဲ့အကောင်းဆုံးကင်မရာနဲ့အကောင်း ဆုံးဓာတ်ပုံဆရာကရိုက်ပေးမှာဆိုတော့ ၃ပုံကို ၂ ပေါင်ခွဲကျမယ်။””
““၂ ပေါင်ခွဲ ဟုတ်လား””
ကျုပ်ရယ်မိတယ်။

““ဟုတ်တယ် ၂ ပေါင်ခွဲ။ အခု ကျွန်တော့်ကို ပေးပါ””
ကျုပ်က ဓာတ်ပုံရိုက်ခ ဘယ်လောက်ရှိတယ် ဆိုတာလည်း သိတာမဟုတ်ဘူး။ ဘာလုပ်ရပါ့မလဲ။ ဓာတ်ပုံဆရာက-
““အဘက အသက်လည်းကြီးပြီ။ ဒီတော့ အ ဘအတွက် ၂ပေါင်ပဲပေး။ ဈေးလျှော့ပြီးတော့ ရိုက် ပေးမယ်။”” ဒါနဲ့ ကျုပ်လည်း ငွေထုတ်ပေးပြီး ဓာတ်ပုံ အရိုက်ခံလိုက်တယ်။ ပြီးတာနဲ့ ဓာတ်ပုံဆရာက-
““မနက်ဖြန်မနက် ပြန်လာခဲ့ပါ””

““ဘာ၊ ငါဓာတ်ပုံ ၃ ပုံ အခုလိုချင်တယ်။ ချက်ချင်းလိုချင်တာ”” ““အရူးမထစမ်းပါနဲ့ အဘရာ၊ ဓာတ်ပုံရိုက် ရင် တစ်ရက်တော့ စောင့်ရတာထုံးစံပဲလေ၊ မနက် ဖြန်မှ လာခဲ့ပါ။”” ကျုပ် ဘာလုပ်ရမှန်းတောင်မသိတော့ဘူးဗျာ။ ““ကောင်းပြီလေ၊မနက်ဖြန်ဆိုလည်းမနက်ဖြန် ပေါ့။””

““ဒါပေါ့။ အခုတော့ ပြန်ပေဦး။ ကျွန်တော် လည်းအလုပ်ရှိသေးတယ်။ မအားဘူး။”” ကျုပ်လည်း ဘတ်စ်ကားဂိတ်ကို ပြန်ခဲ့တယ်။ ၃ နာရီလောက်ကားစီးရပြန်တယ်။ တစ်ခါ ကျုပ် ရွာအထိရောက်ဖို့ ဆယ်မိုင်လောက်လျှောက်ရပြန် တယ်။ မိုးစုတ်စုတ်ကို ချုပ်ရောပဲဗျို့။ ကျုပ်လည်း ပင်ပန်းလှပြီလေ။ မာသနဲ့ ကျုပ်မိတ်တွေလည်း ကျုပ်ကို ထွက်မျှော်နေကြလေရဲ့။

““ပိုက်ဆံကော—–””
မာသက တွေ့တွေ့ချင်း မေးတယ်။
““မရခဲ့ပါဘူးကွာ၊ ငွေလွှဲစာနဲ့ ငွေထုတ်လို့ မရ ခဲ့ဘူး။ မှတ်ပုံတင်က ရှိဖို့လိုသေးသတဲ့ကွာ။””
ကျုပ်လည်း မာသကို ဖြစ်ပုံပျက်ပုံ အလုံးစုံကို ဇာတ်စုံခင်းပြလိုက်ရတာပေါ့။
““မနက်ဖြန် ငါဒါပူရ်ကို ပြန်သွားရဦးမယ်””

ကျုပ်လည်း ဆက်ပြီးစကားမပြောနိုင်တော့ ဘူး။ အရမ်းပင်ပန်းနေပြီ။ ညဥ့်လည်းနက်လာပြီ။ အိပ်ယာပေါ်လှဲ မိတယ်ဆိုရင်ပဲ တုံးခနဲအိပ်ပျော်သွား ပါတော့တယ်။

ဓာတ်ပုံပြဿနာ တက်ပြန်ပြီ။

နောက်တစ်နေ့မနက်မှာ ကျုပ် အိပ်ယာထ နောက်ကျတယ်။ နေမြင့်နေပါပေါ့။ ကျုပ်လမ်းမ ကြီးထိ ဆယ်မိုင်လောက်လျှောက်သွားရဦးမှာနဲ့ဆို ရင် ဘာကားမှမီတော့မှာမဟုတ်ဘူး။ ဒါပူရ်ကို သွား တဲ့ ကားတွေက မနက်စောစောပိုင်းတွေပဲရှိတာ လေ။

ဒါကြောင့် ဗုဒ္ဓဟူးနေ့တစ်နေ့လုံး ကျုပ်အိမ်မှာ ပဲ နားလိုက်ရတော့တယ်။ ပင်ပန်းတဲ့အရှိန်ကလည်း မပြေသေးပါဘူး။ ကျုပ် နားနားနေနေနေရင်း ရွာ သားတွေကို ငွေလွှဲစာအကြောင်း ပြောဖြစ်တယ်။ မှတ်ပုံတင်အကြောင်း ပြောဖြစ်တယ်။ ဓာတ်ပုံဆရာ အကြောင်း ပြောဖြစ်တယ်။
ကျောင်းဆရာကတော့ ပြောပါတယ်။

““ဟုတ်တယ်ဗျ။ စာတိုက်က ရုံးဝန်ထမ်းပြော တာမမှားဘူး။ မှတ်ပုံတင်ပြရတာ ထုံးစံပဲ။”” နောက်ပြီး မှတ်ပုံတင်လျှောက်လွှာကိုလည်း ကျောင်းဆရာက ဖြည့်ပေးတယ်။ ကြာသပတေးနေ့မှာ ဒါပူရ်ကို ကျုပ်ပြန်သွားခဲ့ တယ်။ လမ်းမကြီးကို ရောက်အောင်လျှောက်။ ကားတားဆီး။ ဒါပူရ်ရောက်တော့ ဓာတ်ပုံဆရာ အိမ်ကို တန်းသွား။
အိမ်တံခါးခေါက်လိုက်တော့ အထဲက ဘာမှ မတုံ့ပြန်ဘူး။ နောက်တစ်ကြိမ် ကျုပ်ရဲ့ တုတ် ကောက်နဲ့ တံခါးကို ခပ်ပြင်းပြင်းလေးခေါက်လိုက် တော့ အမျိုးသမီးတစ်ယောက် ထွက်လာတယ်။

““ဘယ်သူလဲ။ ဘာကိစ္စလဲ””
““အဘရဲ့ဓာတ်ပုံ လာရွေးတာပါကွယ်””
““ဓာတ်ပုံဟုတ်လား။ ဘာဓာတ်ပုံလဲ””
““အင်္ဂါနေ့ကလာရိုက်ခဲ့တာလေ။ ဓာတ်ပုံဆရာ ဘယ်သွားလဲ””
““သူ အပြင်သွားနေတယ်။ ဒီမှာမရှိဘူး။””
ပြောပြောဆိုဆိုနဲ့ အမျိုးသမီးက တံခါးကို ဆွဲ ပိတ်လိုက်တယ်။ ကျုပ်လည်း

““ငါကတော့ ဒီမှာပဲ ဆက်စောင့်ရလိမ့်မယ်”” လို့အော်ပြောလိုက်တယ်။ အတော်လေးကြာတော့ ဓာတ်ပုံဆရာရောက်လာတယ်။ သူ့ကြည့်ရတာ ပင် ပန်းနေသလိုပဲ။ ဘီယာနံ့လည်းရတယ်။ ““ငါ့ကို ဓာတ်ပုံတွေပေးပါ မောင်ရင်။ ငါ မင်း ကို အကြာကြီးစောင့်နေရတာ”ဓာတ်ပုံဆရာက ကျုပ်ကိုကြည့်ပြီး
““ကျွန်တော်ခင်ဗျားကိုမသိဘူးအဖိုးကြီး။ ဘယ် ဓာတ်ပုံကို ပြောတာလဲ””

““မှတ်ပုံတင်လုပ်ဖို့ရိုက်ထားတဲ့ ငါ့ဓာတ်ပုံ ၃ ပုံလေ။ ငါမင်းကို အင်္ဂါနေ့က ဓာတ်ပုံဖိုး ၂ ပေါင် လည်းပေးခဲ့ပြီးပြီ။ ငါ့ဓာတ်ပုံ အခုပေး။ မရရင်လည်း ငါ့ပိုက်ဆံပြန်ပေးကွာ””
““ခင်ဗျားဓာတ်ပုံ–၊ ခင်ဗျားပိုက်ဆံ–၊ ခင် ဗျားဘာတွေပြောနေတာလဲ””
ဓာတ်ပုံဆရာတော့ အရူးကွက်နင်းနေပြီ။
““ပြစမ်းပါဦး ဘောက်ချာ။ ခင်ဗျား ပိုက်ဆံပေး ထားတယ်ဆို ငွေလက်ခံဘောက်ချာပြလေ””
““ဘောက်ချာ ဟုတ်လား””
““ဟုတ်တယ်လေ ဘယ်မှာလဲဘောက်ချာ””
““မင်း ငါ့ကို မပေးလိုက်ဘူးကွ””
ကျုပ်လည်း အော်ပြောပစ်လိုက်တယ်။
““ဓာတ်ပုံပေးရင်ပေး။ မပေးရင် ငါ့ပိုက်ဆံသာ ပြန်ပေးကွာ။””

ကျုပ်လည်း ပြောရင်းက ဒေါသဖြစ်လွန်းလို့ သူ့ကို တုတ်ကောက်နဲ့ ခပ်ပြင်းပြင်း ရိုက်ပစ်လိုက် တယ်။ ကျုပ်ကအသက်ကြီးပြီ။ ဒါပေမဲ့လည်း သန် သေးတယ်မဟုတ်လား။ ဓာတ်ပုံဆရာမြေပေါ်လဲကျ သွားတယ်။
““ကယ်ကြပါ””၊ ““ကယ်ကြပါ””““အဘိုးကြီး ကျုပ်ကို သတ်နေပါပြီ””

အဲဒီလိုတွေလည်း သူအော်တယ်။ ကျုပ်လည်း ခပ်ပြင်းပြင်း ထပ်ရိုက်မိပြန်တယ်။ အိမ်တွေထဲကနေ လူတွေပြေးထွက်လာကြတယ်။ ကျုပ်ကတော့ ဆင့်ဆင့်ရိုက်နေမိတုန်း။ လူနှစ်ယောက် ကျုပ်ကို လာဆွဲတယ်။ ကျုပ်ရုန်းလို့ မရတော့ဘူး။ ဓာတ်ပုံ ဆရာလည်းဒေါသဖြစ်နေပြီ။ ကျုပ်လည်းဖြစ်တာ ပါပဲ။ လူတွေလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ပါလေ ရော။

အဲဒီနောက်တော့ ရဲသားတစ်ဦးရောက်လာ တယ်။ ဓာတ်ပုံဆရာက ရဲကို အော်တိုင်တယ်။
““အဘိုးကြီးက သူ့တုတ်ကောက်နဲ့ ကျုပ်ကို သုံးကြိမ်ရိုက်တယ်။ သူက သူခိုးပါ။ လူသတ်သမား ပါ။ ကျုပ်ရဲ့ပိုက်ဆံတွေကို သူလိုချင်နေတာ””

ရဲသားက ကျုပ်လက်မောင်းကို ဆွဲပြီး ““စခန်းကို လိုက်ခဲ့ပါ””လို့ ပြောတယ်။ ကျုပ်လည်း ဘာမှပြန်ပြောမနေချင်တော့ဘူး။ရဲစခန်းကိုလျှောက် ရပြန်တယ်။ ရဲစခန်းရောက်တော့ရဲသားက ကျုပ်ကို မေးတယ်။

““ခင်ဗျား ဟိုလူ့ကို ၃ ကြိမ်ရိုက်သလား””
““ဟုတ်တယ်။ ကျုပ်ဓာတ်ပုံတွေမပေးလို့””
““ခင်ဗျားမှတ်ပုံတင်ပြပါဦး””
““ကျုပ်က မင်းတယရွာက အာဒမ်ပါ။ ကျုပ်မှာ မှတ်ပုံတင် မရှိဘူး။””
““အဖိုးကြီး။ ခင်ဗျားရွာကို ခင်ဗျားပြန်တော့။ ဒီမှာလာပြီး ရန်မဖြစ်နဲ့။ ဒါပူရ်ကနေ ထွက်သွား”” ရဲကကျုပ်ကို အဲဒီလိုပြောပြီး လမ်းထဲကိုတွန်း လွှတ်တယ်ဗျ။ ကျုပ်လည်း ရွာကိုပြန်ခဲ့ရတယ်။ ပင်ပန်းလိုက်တာဗျာ။ ဒေါသလည်းထွက်တယ်။

ငွေလွှဲစာနဲ့ ငွေလဲဖြစ်ပြီ

နောက်နေ့ ကျုပ်အဖြစ်ကို ရွာသားတွေကို ပြန်ပြောပြဖြစ်တယ်။ ရွာသားတွေလည်း စိတ်ဆိုး မာန်ဆိုးဖြစ်ကြ။ မာသလည်း စိတ်မကောင်းဖြစ်ရ။ ““ဆောလ်ခမြာတော့ အလုပ်ကို ပင်ပင်ပန်း ပန်းလုပ်ပြီးငွေပို့ရရှာတယ်။ သူပို့လိုက်တဲ့ငွေကျ တော့ကျုပ်တို့မရဘူး။ ဘယ်လိုလုပ်ကြမလဲတော်”” ကျုပ်လည်း မသိတော့ပါဘူး။ ညနေဘက်မှာ တော့ ကျုပ်တို့အိမ်ကို ကျောင်းဆရာရောက်လာ တယ်။

““ဦးအာဒမ်။ ကျွန်တော် ခင်ဗျားကို ကူညီနိုင် မှာပါ။ ရော့ဒီမှာမစ္စတာရှီးသ်ဆီ ကျွန်တော်ရေးထား တဲ့စာ””
““မစ္စတာရှီးသ် ဟုတ်လား။ သူက ဘယ်သူ လဲဗျ။””

““သူက ဒါပူရ်မှာ အရေးပါအရာရောက်တဲ့လူ တစ်ယောက်ပဲဗျ။ သူကကျွန်တော့်ယောက်ဖ၀မ်း ကွဲရဲ့သူငယ်ချင်း။ ဒီစာကသူ့ဆီရေးပေးထားတာ။ ခင်ဗျားရဲ့ငွေလွှဲစာအကြောင်းရေးထားတာ။ သူ တော့ကူညီနိုင်ပါလိမ့်မယ်ဗျာ။””
ကျုပ်လည်း စာကိုယူထားလိုက်တယ်။ ကျောင်းဆရာကိုလည်း ကျေးဇူးတင်မိပါတယ်ဗျာ။

ဒါနဲ့ စနေနေ့မှာ ကျုပ်ဒါပူရ်ကို တတိယအ ကြိမ်သွားရပြန်တာပေါ့။ ဒါပူရ်ရောက်တော့ မစ္စတာ ရှီးသ်ရဲ့အိမ်ကိုရှာတွေ့ခဲ့ပါတယ်။ အရပ်ရှည်ရှည်နဲ့ လူတစ်ယောက်တံခါးလာဖွင့်ပေးတယ်။
““ကျုပ် မစ္စတာရှီးသ်နဲ့ တွေ့ချင်လို့ပါ။””

““ခင်ဗျားက —-””
““ကျုပ်မှာမစ္စတာရှီးသ်အတွက်စာပါပါတယ်””
ဒီတော့ အဲဒီအရပ်ရှည်ရှည်နဲ့လူ(မောင်အရှည် ကြီးပဲဆိုကြပါစို့ဗျာ)–အဲ–သူက
““ဟုတ်ပြီ။ ဒါဆို အဲဒီစာ ကျွန်တော့်ကို ပေး လို့ရမလား””လို့ လက်ကလေးအသာဖြန့်ပေးပြီး ဟန်ပါပါနဲ့တောင်းတယ်။
ကျုပ်လည်း စာကို အိပ်ကပ်ထဲက ထုတ်ပြ လိုက်တယ်။
““စာက ဒီမှာပါ။ ဒါပေမဲ့ ကျုပ်က မစ္စတာရှီးသ် နဲ့ တွေ့ဖို့လိုတယ်။””

““မစ္စတာရှီးသ်ကို တွေ့ချင်တဲ့လူတွေက များ တယ်။ သူကလည်း အလုပ်က ခပ်များများရယ်။ အရမ်းလည်း အရေးပါအရာရောက်တဲ့လူဆိုတော့ လေ။ အင်း–အခုလောလောဆယ်တော့ မစ္စရှီးသ် က ဒီမှာမရှိဘူးဗျ။ ဒါပေမဲ့စာကိုပေးထားခဲ့ပါ။ သူ လာရင် ဖတ်ပါလိမ့်မယ်။””

ကျုပ်လည်း မောင်အရှည်ကြီးကို စာပေးလိုက် ပြီး မစ္စတာရှီးသ်ကို ဆက်စောင့်နေလိုက်တယ်။ မကြာခင် ကားနက်ကြီးတစ်စီးထိုးဆိုက်လာပြီး ကား ထဲက လူတစ်ယောက်ဆင်းလာတယ်။ အဲဒီလူ အိမ်ထဲကို ၀င်သွားလို့ တော်တော်ကြာမှ မောင် အရှည်ကြီးက တံခါးဖွင့်ပေးပြီး ကျုပ်ကို ခေါ်တယ်။
““၀င်ခဲ့ပါ””
ကျုပ်လည်း သူ့နောက်က ထပ်ကြပ်မကွာ လိုက်ဝင်သွားတယ်။ အခန်းကျယ်ကြီးတစ်ခုကို ရောက်တယ်။ ကောင်းလိုက်တဲ့ ကော်ဇောခင်း။ ထည်ဝါခံ့ညားလိုက်တဲ့ စားပွဲကုလားထိုင်တွေ။ အခန်းထဲမှာ လူတစ်ယောက်ထိုင်ပြီး အရက် သောက် နေတယ်။ မောင်အရှည်ကြီးက ကျုပ်ကို အဲဒီလူနဲ့ မိတ်ဆက်ပေးတယ်။
““ဒါ မစ္စတာရှီးသ်ပဲ””

““ကျုပ်က မင်းတယရွာက ဦးအာဒမ်ပါ””
ကျုပ်ကလည်း ကိုယ့်ကိုယ်ကို ပြန်မိတ်ဆက် လိုက်တယ်။ ““အင်း ကျွန်တော်သိပါတယ်။ စာဖတ်ပြီးပါပြီ။ ဦးလေးကို ကျွန်တော်ကူညီနိုင်မှာပါ။ ကျွန်တော်က လူတွေကို ကူညီရတာ သိပ်သဘောကျတာခင်ဗျ။ ထိုင်ပါဦးလေ ထိုင်ပါ။””

မစ္စတာရှီးသ်က ဖော်ရွေတဲ့အပြုံးနဲ့ပြောတယ်။ အားရှိလိုက်ပါဘိ။ သူက အ၀တ်အစား သပ်သပ် ရပ်ရပ်နဲ့ တော်တော်ခံ့ညားတယ်။
““ကျေးဇူးပါပဲကွယ်””
ကျုပ်လည်း တုံ့ပြန်စကားဆိုပြီး ခုံမှာဝင်ထိုင် လိုက်တယ်။
““ငွေလွှဲစာရွက်ကို ကြည့်ပါရစေ””
မစ္စတာရှီးသ်က တောင်းတော့ ကျုပ်လည်း ကုဒ်အင်္ကျီ အိတ်ထဲက ငွေလွှဲစာရွက်ကို ထုတ်ပေး လိုက်တယ်။ အခုတော့ ငွေလွှဲစာရွက်က ညစ်ညစ် နွမ်းနွမ်း ဟောင်းဟောင်းတောင် ဖြစ်နေပါပြီ။
““ဒီငွေလွှဲစာရွက်က ပေါင် ၁၀၀ တန်ပါကွယ်။ ဦးလေးရဲ့သားက နိုင်ငံခြားက လွှဲပေးလိုက်တာပါ””
မစ˜္စတာရှီးသ်က ငွေလွှဲစာရွက်ကို ဖြန့်ကြည့် တယ်။
““ဒီငွေလွှဲစာရွက်နဲ့ ငွေထုတ်လို့ရမှာ မဟုတ် ဘူး။ ဒီငွေလွှဲစာရွက်က တန်ဖိုးမရှိဘူး။””
““ဘယ်လို၊ တန်ဖိုးမရှိဘူးဟုတ်လား””
မစ˜္စတာရှီးသ်က ငွေလွှဲစာရွက်ကို ထပ်ကြည့် ပြန်တယ်။
““ဟုတ်တယ်။ တန်ဖိုးမရှိဘူး။ ခင်ဗျားသားက ငွေလွှဲစာအကြောင်းမှ သိပ်မသိပဲကိုး။ သူ့ငွေလွှဲစာ က မပြည့်စုံဘူး။””
မစ္စတာရှီးသ်က ထပ်ပြောပြန်တယ်။

““အင်း- ပြီးတော့ ဒီငွေလွှဲစာရွက်က ရက်လွန် နေပြီ”” ပြီးမှ မစ္စတာရှီးသ်က ပြုံးပြီးပြောပြန်တယ်။““ကျွန်တော် တကယ့်ကို စိတ်မကောင်းပါဘူး ဗျာ။ ဦးလေးက သက်ကြီးရွယ်အို…။ ရွာကနေ အဝေးကြီးလာခဲ့ရတာ။ အင်း ..တစ်ခုခုစားပါ သောက်ပါလား””

ကျုပ်မဆာပါဘူး။ ဒါပေမယ့် မစ˜္စတာရှီးသ်က အခန်းအပြင်ကို ထွက်သွားတယ်။ နောက်တော့ ကော်ဖီနဲ့ ကိတ်မုန့်တွေ ယူလာတယ်။ ကော်ဖီကို တော့ အားနာနာနဲ့ ကျုပ်သောက်လိုက်တယ်။ ““ဦးလေး။ ကျွန်တော်က လူတွေကို သိပ်ကူ ညီချင်တာ။ ကျွန်တော်က သူဌေးတစ်ယောက်ပါ။ ခင်ဗျားရဲ့ ငွေလွှဲစာပြန်ပေးစမ်းပါဦးဗျာ။””

ကျုပ်လည်း မစ˜္စတာရှီးသ်ကို ငွေပို့လွှာ ပြန်ပေး လိုက်ရပြန်တယ်။
““ဟုတ်တယ်ဗျ၊ ဒီငွေပို့လွှာက တန်ဖိုးမရှိဘူး””
ရော် …သူက နောက်တစ်ကြိမ်ထပ်ပြောနေ ပြန်ပါပြီ။ ““ဒါပေမဲ့ ကျွန်တော်ဦးလေးကို သနားလို့ ကြည့်လုပ်ပေးလိုက်ပါ့မယ်ဗျာ။ ဦးလေးကို ကူညီတဲ့ အနေနဲ့ ကျွန်တော့်ငွေပဲ စိုက်လဲပေးလိုက်ပါ့မယ်”” မစ္စတာရှီးသ် အခန်းထဲက ထွက်သွားတယ်။ ကျုပ်လည်း အပျော်တွေ ပြန်ရလာတာပေါ့။ မိနစ် အနည်းငယ်အကြာမှာ မောင်အရှည်ကြီး အခန်းထဲ ကိုဝင်လာတယ်။

သူက ကျုပ်ကို စာအိတ်တစ်ခုပေး တယ်။ ““ဒါမစ˜္စတာရှီးသ်ပေးလိုက်တာ။ ဒါယူပြီး အဘ ပြန်လို့ရပါပြီ””
ကျုပ်လည်း စာအိတ်ကိုယူပြီး အိမ်ကြီးထဲက ထွက်လာခဲ့တယ်။ ကားမှတ်တိုင်ဆီလျှောက်လာ ရင်းလမ်းမှာစာအိတ်ကိုဖွင့်ကြည့်လိုက်တယ်။ ငွေ တွေ။ ရေကြည့်လိုက်တော့ ၁၀ပေါင်။ ကျုပ်အတွေးက သားတော်မောင် ဆောလ် ဆီ ရောက်သွားတယ်။ သူပို့လိုက်တုန်းကတော့ ပေါင်တစ်ရာပါပဲ။ အခု မစ˜္စတာရှီးသ်ဆီက တစ်ဆင့် ကျုပ်ရလိုက်တာကတော့ ၁၀ ပေါင်ထဲရယ်။

ကျုပ် ပိုပြီး အိုစာသွားသလိုခံစားရတယ်။ နောက်တစ်ကြိမ် ကျုပ်ပြန်ပြီး ဆင်းရဲသွားပါ ပေါ့လား။

မိုးစက်ချို

T.C.Jupp ရဲ့ Rich Man, Poor Man ကို ပြန်ဆိုတယ်။)

Source by :http://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။