![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6JpPfbMYqcVmbIfiv9IPoyLCGgnhiKR3oj3brJw9HQpo7bB2DhCnQcNBVjC0jdotyxRpjHE4nJMExWEsgbt8FLiCIqI1tMU7qjQg6fqKpXX4Mu7j_kGvJsgeB1NlT_ojUbSQNFQW-O59I/s400/Thailand.gif)
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဝင် ထားဝယ်-ကက်ချနာပူရီ လမ်းဖောက်လုပ်မှု အကြမ်းထည်အဆင့် ပြီးစီးပြီဖြစ်ရာ ထားဝယ်မှ ထိုင်းနိုင်ငံ ကက်ချနာပူရီသို့ တိုက်ရိုက် ကားလမ်းခရီး ပေါက်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ ရေကြောင်း ကုန်သွယ်ရေး အတွက် အဓိက ဗဟိုချက်မ အသစ်ဖြစ်လာမည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစက်မှုဇုန် စီမံကိန်း လုပ်ငန်းစဉ်များအနက် ထားဝယ်မှ ထိုင်းနိုင်ငံ ဖူနမ်ရွမ်ခရိုင် ကက်ချနာပူရီသို့ ဖောက်လုပ်နေသော ကားလမ်းမသည် ပထမအဆင့် လမ်းကြမ်း ပြီးစီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ စီးပွားရေးသံမှူး မစ္စတာပရာဂျပ်က ပြောသည်။
အဆိုပါလမ်းသည် ကီလိုမီတာ ၁၇၀ (မိုင် ၁၀၀ ဝန်းကျင်) ရှည်လျားကာ စီမံကိန်း ပထမအဆင့်တွင် နှစ်လမ်းသွား ဖောက်လုပ်မည်ဖြစ်ပြီး စီမံကိန်း အဆုံးသတ် ပြီးစီးပါက ရှစ်လမ်းသွားအထိ တိုးချဲ့ဖောက်လုပ်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းအား အကောင်အထည် ဖော်ဆောင်နေသော အီတာလျံ ထိုင်းကုမ္ပဏီမှ ထုတ်ပြန် ထားသော သတင်းများအရ သိရသည်။
“ထားဝယ်ကနေ ထိုင်းကို ဖောက်နေတဲ့လမ်းက ပထမအဆင့်ပြီးပြီဆိုတော့ စီမံကိန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကို သယ်ယူဖို့ အသုံးပြုလို့ ရနေပါပြီ”ဟု မစ္စတာပရာဂျပ်က ပြောသည်။ အဆိုပါ လမ်းစီမံကိန်း ပထမအဆင့် မပြီးစီးမီက စီမံကိန်းဝင် ပစ္စည်းများကို ထားဝယ်သို့ သယ်ယူရာတွင် ထိုင်းပင်လယ်ကွေ့မှနေ၍ မလက္ကာရေလက်ကြားမှတစ်ဆင့် သွားရသည့်ရေကြောင်းကို အသုံးပြုခဲ့ရကြောင်း သိရသည်။ အဆိုပါလမ်းသည် ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းသို့တိုင် ပေါက်ရောက်မည့်လမ်းဖြစ်ပြီး ကမ္ဘာ့အရှေ့နှင့် အနောက်တို့၏ ကုန်သွယ်ရေးအတွက် ပိုမိုတိုတောင်းကာ အချိန်နှင့် ငွေကုန်ကျမှုကို လျှော့ချနိုင်မည့် လမ်းကြောင်းဖြစ်ကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များနှင့် လုပ်ငန်းရှင်များက တညီတညွတ်တည်း သုံးသပ်ထားကြသည်။ ယင်းနှင့်ပတ်သက်၍ မစ္စတာပရာဂျပ်က “ဒီစီမံကိန်းက မြန်မာကို ဒူဘိုင်း၊ စင်ကာပူတို့လို အဓိက ပင်လယ်ဆိပ်ကမ်းကြီး ဖြစ်စေမည့်ဟာမျိုးပါ။ ပြီးတော့ စင်ကာပူ ဆိပ်ကမ်းထက်လဲ အများကြီး ပိုကြီးပါတယ်”ဟု ပြောသည်။
ဆက်လက်၍ ယင်းက အဆိုပါလမ်းမသည် ဒေသတွင်းနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်တို့အပြင် တရုတ်၊ ကိုရီးယား၊ ဂျပန်တို့အတွက်ပါ အကျိုးရှိစေမည့် လမ်းဖြစ်ကြောင်း ပြောသည်။ ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက “ထားဝယ်စီမံကိန်းကြီး ပေါ်ပေါက်လာရင်တော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူ ပြုနိုင်မယ်လို့ ထင်ပါတယ်။ ဒီစီမံကိန်းက စက်မှုဇုန်တင်မကဘူး ရေနက်ဆိပ်ကမ်းပါ ပါတာကလဲ အားသာချက်တစ်ခုပါ။ ပြီးတော့ ဒီရေနက်ဆိပ်ကမ်းကနေ ဗီယက်နမ်အထိ ကုန်းလမ်းခရီး ဖောက်မယ်ဆိုတာကလဲ အားသာချက်ပါပဲ။ ဒါကြောင့် ထားဝယ်စီမံကိန်းရဲ့ အရေးပါမှုကို ဒီကားလမ်းက အများကြီးအား ဖြည့်ပေးနိုင်လိမ့်မယ်လို့ မြင်မိပါတယ်”ဟု မှတ်ချက်ပြုပြောကြားသည်။ အဆိုပါ ထားဝယ်စီမံကိန်းတစ်ခုလုံး၏ တန်ဖိုးမှာ ကန်ဒေါ်လာဘီလီယံ ၆၀ အထိရှိမည်ဖြစ်သည်။
Source by :http://www.hin4ooe.com

0 comments:
Post a Comment