Home » » တရားမဝင် အလုပ်သမားများအား ဖမ်းဆီး အရေးယူမှု လုပ်မည်။

တရားမဝင် အလုပ်သမားများအား ဖမ်းဆီး အရေးယူမှု လုပ်မည်။

Written By မောင်စေတနာ on Monday, February 21, 2011 | 12:06:00 AM


မဲဆောက်ရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ - ဧရာဝတီ)

ထိုင်းနိုင်ငံတဝန်း တရားမ၀င်နေထိုင်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးပြီး နေရပ်ရင်းပြန်ပို့မည့် အရေးယူမှုတရပ် လာမည့်လဆန်းမှစ၍ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ အရေးယူမှုပြုလုပ်မည် ဖြစ်သောကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းခန့် ရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ အလုပ်သမားရုံးများတွင် အချိန်မီ လက်မှတ် သက်တမ်းတိုးကြရန် ပြောင်းရွှေ့သွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (International Organization for Migration – IOM) က မော်တော်ယာဉ်များဖြင့် ဒေသအတွင်း လိုက်လံအသိပေး ကြေညာလျှက်ရှိသည်။

မဲဆောက်မြို့တွင် IOM အဖွဲ့နှင့် ပူးတွဲ ဆောင်ရွက်နေသည့် မြန်မာပြည်သူများအရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံ ၇၆ ခရိုင်ထဲမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော် ရှိတဲ့အထဲက တရားဝင် အလုပ်လုပ်ခွင့်လက်မှတ်အတွက် မှတ်ပုံတင်ထားထာ ၁၀ သိန်းနီးနီးပဲရှိတယ်။ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ၆ မြို့နယ်မှာဆိုရင် မြန်မာအလုပ်သမား ၄ သိန်းနီးနီးရှိတယ်။ အလုပ်သမား မှတ်ပုံတင်တာက ၄ သောင်းလောက်ပဲရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အလုပ်သမားလက်မှတ် သက်တမ်းတိုးရာတွင် တဦးလျှင် တနှစ်သက်တမ်းအတွက် ဘတ် ငွေ ၁၉၀၀ ကုန် ကျမည်ဖြစ်ပြီး လူသစ်များကိုမူ လက်မှတ်အသစ် ပြုလုပ်ပေးခြင်းမရှိဟု မဲဆောက်ရှိ အလုပ်သမားရှာဖွေရေးရုံးမှ ထိုင်းဝန်ထမ်းတဦးက ပြောသည်။

မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တရားဝင်သတ် မှတ်ပေးထားသည့် အနိမ့်ဆုံးလုပ်အားခမှာ ၁၆၂ ဘတ်ဖြစ်သော်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ရှင်များက အလုပ်သမားလက်မှတ် ရှိသူများကို ဘတ် ၁၂၀ အောက်နှင့် လက်မှတ်မရှိသည့် အလုပ်သမားများကိုမူ ဘတ် ၅၀ မှ ဘတ် ၈၀ ၀န်းကျင်ခန့်သာပေးသည်ဟု အလုပ်သမားများက ပြောသည်။

မဲဆောက်ရှိ အထည်ချုပ်စက်ရုံတခုမှ အလုပ်သမ သန်းသန်းက “ကျမတို့ကိုပေးတာက နည်းပေမယ့် စက်ရုံက ထမင်းဟင်းပေးတယ်၊ နေစရာပေးတယ်၊ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် စက်ရုံတိုင်းတော့ မဟုတ်ဘူး” ဟု ပြောသည်၊

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ပြုလုပ်ပေးသည့် တနှစ်သက်တမ်းရှိ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းသည် ယခုလ ၂၈ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် သတ်မှတ်ရက်မတိုင်မီ သက်တမ်းတိုးရ မည်ဖြစ်ပြီး သက်တမ်းတိုးရန် ပျက်ကွက်သူများသည် တရားမ၀င်နေထိုင်မှုဖြင့် ထိုင်းလူဝင်မှုကြီကြပ်ရေး အက်ဥပဒေအရ ထောင်ဒဏ် ၄၅ ရက် ကျခံရမည်ဖြစ်သည်။

မြန်မာအလုပ်သမားများကို ဖမ်းဆီးအရေးယူ အပြစ်ပေးသည့်နည်းသည် ထိုင်းနိုင်ငံ၏ တရားမ၀င် အလုပ်သမား ပြဿနာကို ပြေလည်စေမည့်နည်း မဟုတ်ကြောင်း ဦးမိုးကြိုးက ပြောသည်။

“မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ ဆင်းရဲမွဲတေမှု ရှိနေသရွေ့ကာလပတ်လုံး ကိုယ့်နိုင်ငံထက် ဖွံ့ဖြိုးတိုးတက်တဲ့ အိမ်နီးချင်းတိုင်းပြည်တွေကို နည်းမျိုးစုံနဲ့ဝင်နေမှာပဲ။ အလုပ်ရှင်တွေကလည်း ဘာအလုပ်သမား အခွင့်အရေးမှ ပေးစရာမလိုပဲ မြန်မာတွေဆီက လုပ်အားကို ဈေးပေါပေါနဲ့ရနေတယ်။ ဒီလိုပဲ ဖမ်းလိုက်ပြန်ပို့လိုက်၊ ပြန်လာလိုက်နဲ့ ဖြစ်နေမှာပဲ။ ဒီနည်းကတော့ အလုပ်မဖြစ်နိုင်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

မဲဆောက်ဒေသအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခန့်ရှိသည့်အနက် အများစုမှာ စက်ရုံအလုပ်ရုံများနှင့် စိုက်ပျိုရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြပြီး ခရိုင်၏ အဓိက စိုက်ပျိုးရေးဒေသတွင် မြန်မာအလုပ်သမား ၇ သောင်းခန့် လုပ်ငန်းခွင်ဝင်လျှက်ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံတဝန်း တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများအား နှိမ်နှင်းအရေးယူမှုတရပ်ကို ယမန်နှစ်ကုန်ပိုင်းကလည်း ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အလုပ်သမားရေးရာဌာနမှ ထုတ်ပြန်ခဲ့သည့် စာရင်းအရ မြန်မာ ၄၃၄၃ ဦး၊ လာအို ၄၃၀ ဦး၊ ကမ္ဘောဒီးယား ၁၃၅၇ ဦးနှင့် တခြားနိုင်ငံသားများ ၈၇ ဦးကို အလုပ်ရှင် ၂၇၄ ဦးနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

http://www.bur.irrawaddy.org/
Share this article :

1 comments:

ချမ်းလင်းနေ said...

ရွှေ့ပြောင်းအလုပ်သမားတွေ ဘဝကတော့ မလွယ်ပါဘူးဗျာ။ စိုးတထိတ်ထိတ်နဲ့ မျော်နေမိတယ်....(ဘယ်နေ့လာဖမ်းမလဲလို့ပါ။)

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။