Home » » မြန်မာလူငယ် အများစု ပြည်တွင်းပြည်ပ အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင်ရာတွင် ယခင်ကာလများထက် အခက်အခဲရှိလာ

မြန်မာလူငယ် အများစု ပြည်တွင်းပြည်ပ အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင်ရာတွင် ယခင်ကာလများထက် အခက်အခဲရှိလာ

Written By မောင်စေတနာ on Sunday, August 8, 2010 | 1:53:00 PM

မြန်မာလူငယ် အများစု ပြည်တွင်းပြည်ပ အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင်ရာတွင် ယခင်ကာလများထက် အခက်အခဲရှိလာ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင် လျက်ရှိသော လူငယ်များ စီမံကိန်းများ ရပ်ဆိုင်းသည့်အတွက် လတ်တလောတွင် အလုပ်အကိုင် ရှားပါးမှုကို ကြုံတွေ့နေ



ယခုနှစ်ပိုင်းအတွင်း မြန်မာလူငယ်အများစု ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင်ရာတွင် ယခင်ကာလများထက် အခက်အခဲများ ရှိလာကြောင်းနှင့် အလားတူ အစိုးရမဟုတ်သော အဖွဲ့အစည်း NGO များတွင် အလုပ်လုပ်ကိုင်ခဲ့ကြသော လူငယ်များပါ စီမံကိန်းကာလ ကုန်ဆုံးသွားသည့် အတွက် လုပ်လက်စအလုပ်များ ရပ်ဆိုင်းကုန်ပြီး နောက်ထပ် အလုပ်သစ်ရှာရန် အခက်အခဲများ ရှိနေကြောင်း NGO များတွင် အလုပ်လုပ်ကိုင်ခဲ့ ကြသော လူငယ်အများစု၏ ပြောပြချက်အရ သိရှိရသည်။

'နာဂစ်နောက်ပိုင်း NGO တွေမှာဝင်လုပ်ကြတဲ့ လူငယ်တွေက ပရောဂျက်နဲ့ လုပ်ရတာဆိုတော့ အကန့်လိုက်အကန့်လိုက် ခွဲလုပ်ရတယ်။ တချို့လည်း ခြောက်လရှိတယ်၊ တစ်နှစ်ရှိတယ်၊ အမျိုးမျိုးပဲ။ ဒါပေမယ့် ပရောဂျက်တွေ ပြီးသွားပြီး လုပ်ငန်းအတွေ့အကြုံလည်း ရပြီဆိုတော့ နိုင်ငံခြားသွားပြီး အလုပ်လုပ်တာတွေ လည်းရှိတယ်။ အများစုကတော့ စင်ကာပူကိုပဲ သွားကြတယ်။ အဆင်ပြေတဲ့ လူလည်းရှိတယ်။ ပြန်လာတဲ့ လူလည်းရှိတယ်။ စင်ကာပူမှာ အလုပ်လုပ်မယ်ဆိုရင်တော့ အင်္ဂလိပ်စာ တစ်ခုတည်း မရဘူး။ တခြား accounting တို့ IT,Engineering တို့ တတ်ဖို့လည်းလိုပြန်ရော။ အဲဒီတော့ ပြန်လာရတာလည်း ရှိတယ်"ဟု စင်ကာပူနိုင်ငံမှ ပြန်လာသော မြန်မာ လူငယ်တစ်ဦးက ပြောပြခဲ့သည်။

အလားတူပင် NGO လုပ်ငန်းများ ရပ်ဆိုင်းကုန်သောကြောင့် အခြားလုပ်ငန်းများပြောင်း၍ လုပ်ကိုင်လာသူများရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့ ကျောင်းတက်ရန် ထွက်သွားသူများလည်း ရှိကြောင်း၊ တတ်ကျွမ်းမှုနှင့် အလုပ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံကိုလိုက်၍ NGO အဖွဲ့အစည်းများတွင် ၀င်ရောက်လုပ်ကိုင်သူများ ရှိသကဲ့သို့ ယင်းကာလနောက်ပိုင်း ရရှိလာသော လုပ်ငန်းများနှင့် အံမ၀င်သောကြောင့် လတ်တလော အလုပ်အကိုင်ရပ်နား နေသူများလည်းရှိကြောင်း သိရှိရပါသည်။

"နာဂစ်နောက်ပိုင်း NGO ၀င်လုပ်ကြတဲ့သူအများစုက ကျောင်းလျှောက်တဲ့သူ၊ အလုပ်ဝင်တဲ့သူ၊ အလုပ်ပြောင်းတဲ့သူတွေ များတယ်။ တော်တော်များများ NGO တွေက လုပ်ငန်းတွေ ရပ်ကုန်ပြီဆိုတော့ ၀န်ထမ်းတွေ လျှော့လိုက်ကြတယ်။ ဒီကြားထဲကာလတွေမှာ Capacity Building အပြင်လစာတွေလည်း အများကြီးရခဲ့ကြတော့ လိမ္မာတဲ့သူတွေ စုဆောင်းမိသွားတယ်။ နိုင်ငံခြားကျောင်း လျှောက်ချင်တဲ့လူတွေ၊ စကောလားရှစ် လျှောက်ချင်တဲ့သူတွေ အတွက်လည်း အက်ဆေးကောင်းရေးဖို့ အကြောင်းအရာရသွားကြတယ်။ အကောင်းဘက်ကကြည့်ရင် အကျိုးရှိပါတယ်။ အဆိုးဘက်က ကြည့်ရင်တော့ အဲဒီမှာ လစာတွေ အများကြီးရပြီး အခုနားသွားရတော့ နောက် အလုပ်အသစ်ပြန်ရှာတဲ့အခါ တော်ရုံလစာနဲ့ အလုပ်မျိုး မလုပ်နိုင်ကြတာမျိုးတွေ ရှိတာပေါ့"ဟု ရန်ကုန် မြို့ရှိ UN ရုံးတစ်ရုံးတွင် အလုပ်လုပ်နေသော လူငယ်ဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။



"မြင်နေရတဲ့ အခြေအနေကတော့ INGO တွေက ပိုပြီး အလုပ်လုပ်ဖို့ အခွင့်အလမ်းပိုကောင်းချင် ကောင်းမယ်။ ပြည်တွင်း NGO တွေကတော့ တော်တော်လေးကြိုးစားရတယ်။ နာဂစ်မုန်တိုင်းတိုက်ပြီးစ အချိန်တုန်းက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ရပေမယ့် ဒီနောက်ပိုင်းတော့ တည်ဆောက်ရေး လုပ်ငန်းတွေလုပ်ဖို့ အချိန်ရလာတယ်။ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်တယ်။ ငွေကြေးရလဒ်ထက် စွမ်းဆောင်ရည် မြင့်အောင် လုပ်လို့ရတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ လတ်တလော အခြေအနေမှာတော့Job Opportunities ဆိုတာထက် Learning Opportunities တွေရပါလိမ့်မယ်။ တခြားပံ့ပိုးမှုတွေလည်း ရရှိနိုင်ပါတယ်"ဟု မင်္ဂလာဖောင်ဒေးရှင်းမှ ဒေါ်ယူဇာမော်ထွန်း က ပြောပြခဲ့သည်။

နယ်ကလူတွေက မလေးရှားကို သွားတာများတယ်။ အလုပ်အကိုင် ရှားပါးလာတဲ့သဘောပါ။ ပြည်တွင်းမှာ အလုပ်ရှားတော့ ပြည်ပ ထွက်ကုန်ကြတယ်။ ပြည်ပမှာလည်း ဒီလောက်ကြီးတော့ အဆင်မပြေဘူး။ မလေးရှားသွားတဲ့လူတွေ ပိုဆိုးပါတယ် ...

"NGO တွေက Contract နဲ့ လုပ်ရတာတွေလည်း ရှိတယ်။ ဒါပေမယ့် Contract ပြည့်သွားတဲ့အခါ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်။ ဆိုလိုတာက NGO မှာ လုပ်လို့ တစ်ဘ၀လုံးအတွက် ဘ၀အာမခံချက် ရသွားတာတော့ မဟုတ်ဘူး။ စွမ်းဆောင်ရည်မြင့်သွားတယ်။ တခြား အတွေ့အကြုံနဲ့ ထိတွေ့မှုတွေရတယ်။ ကိုယ်ချင်းစာနာတတ်လာမယ်။ နောက်ပြီး ယူတတ်မယ်ဆိုရင် ခေါင်းဆောင်မှု အရည်အသွေးတွေလည်း ရနိုင်ပါတယ်။ အဲဒီအတွက် အလုပ် နားလိုက်ရပေမယ့် တခြားတစ်နေရာမှာ ပြန်ရနိုင်ပါတယ်လို့ မြင်ပါ တယ်"ဟု NGO တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

"လတ်တလောမှာတော့ အလုပ်အကိုင်ရှားပါးမှုတို့ ရှိလာနိုင်တယ်။ ကိုယ့်ဘက်က အထိုက်အလျောက် ပညာတတ်ထားတယ်ဆိုပေမယ့် ကိုယ်တတ်ထားတဲ့ပညာနဲ့ လုပ်ငန်းလိုအပ်ချက်နဲ့ မကိုက်ညီနိုင်တာမျိုး ရှိနိုင်တယ်။ ထပ်ဖြည့်သွားမယ် ဆိုရင်တော့ အဆင်ပြေမှာပါ"ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။

ယင်းကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် ဘ၀တိုးတက်အောင် ကြိုးစားချင်သူများရှိသကဲ့သို့ အခြားတစ်ဖက်တွင်လည်း အချိန်ကိုကောင်းစွာ အသုံးမချတတ်ခဲ့သည့် လူငယ်များလည်း ရှိနေကြကြောင်း သိရသည်။

"ပညာခေတ်ဆိုတော့ ပညာတတ်ရင် အလုပ်လုပ်ဖြစ်မှာပါ။ ဒါပေမယ့်သိပ်လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။ နည်းနည်းအချိန်ပေးရမယ်။ Long plan နဲ့ သွားနိုင်ဖို့ လိုတယ်။ မြန်မာလူငယ်အများစုက နိုင်ငံခြား ထွက်သွားကြတယ်။ ဒါပေမယ့် စင်ကာပူသွားတဲ့ Level နဲ့ မလေးရှား သွားတဲ့ Level မတူဘူး။ အထူးသဖြင့် မြို့နေလူတန်းစား ပညာတတ် လူငယ်လေးတွေ စင်ကာပူကို အသွားများတယ်။ တခြား ဥရောပမှာ ကျောင်းသွားတက်တဲ့ လူတွေရှိတယ်။ ဒါကလည်း လူနည်းစုပါ။ အထူးသဖြင့် နယ်ကလူတွေက မလေးရှားကို သွားတာများတယ်။ အလုပ်အကိုင် ရှားပါးလာတဲ့သဘောပါ။ ပြည်တွင်းမှာ အလုပ်ရှားတော့ ပြည်ပ ထွက်ကုန်ကြတယ်။ ပြည်ပမှာလည်း ဒီလောက်ကြီးတော့ အဆင်မပြေဘူး။ မလေးရှားသွားတဲ့လူတွေ ပိုဆိုးပါတယ်။ စင်ကာပူကလည်း နောက်ပိုင်းမှာ ကြေညာချက်တွေတစ်မျိုးပြီး တစ်မျိုးထွက်လာတယ်။ အခုတော့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ပြောတယ်။ အလုပ် အကိုင်သစ် တစ်သိန်းလောက် ထပ်လိုတယ်လို့။ ဒါပေမယ့် တကယ် ကျွမ်းကျင်တဲ့ဝန်ထမ်း (skillful) တွေပဲလိုတာပါ။ ကိုယ့်ဘက်က ပြင်ထားရင်တော့ ရပါတယ်။ အရင်တစ်ပတ်က သူငယ်ချင်းတစ်ယောက် စင်ကာပူကနေ ပြန်လွှတ်လိုက်ရတယ်။ သူက S pass နဲ့ နေတာမဟုတ်ဘူး။Work Permit နဲ့ဆိုတော့ လစာက နည်းတယ်။ အလုပ်လည်းမကောင်းတော့ ပြန်လာရတယ်"ဟု စင်ကာပူ နိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ဦးက ပြောပြခဲ့သည်။

အလားတူပင် ပြည်တွင်းတွင်လည်း အလုပ်အကိုင်ရှားပါးမှုအပြင် အလုပ်အကိုင်ရရှိသော်လည်း လစာနည်းကာ ၀င်ငွေအကန့်အသတ် ရှိနေသောကြောင့် နိစ္စဓူဝ ရုန်းကန်နေရသောလူငယ်များလည်း အများအပြား ရှိနေသေးကြောင်း သိရသည်။

"ကြိုးစားရင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချိန်နဲ့ငွေအများကြီး မြှုပ်နှံရမယ်။ အဲဒါ မမြှုပ်နှံနိုင်ရင်တော့ ကျရာအလုပ်ပဲဝင်လုပ်ရမှာပဲ။ ဒါပေမယ့် လုပ်တဲ့အလုပ်က dead-end-job မဖြစ်ဖို့တော့ လိုတယ်။ တစ်ဖက်ပိတ်နေတဲ့ အလုပ်ဆိုတာ အတွေ့ အကြုံလောက်ပဲရပြီး ဘ၀တိုးတက်မှုအတွက် သိပ်အထောက်အကူ မဖြစ်ပါဘူး။ အဓိကကတော့ ရုန်းရမှာပဲ။ ကျောင်းပညာရေး တစ်ခုတည်းနဲ့ ဘယ်လိုမှ ရပ်တည်လို့မရတဲ့အခါ တခြားသင်တန်းတွေ တက်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် အမြဲသွေးနေဖို့လို အပ်ပါတယ်။ အဲဒီလိုမဟုတ်ရင် အသက်တွေသာ ကြီးသွားမှာ၊ ဘာမှ ဖြစ်မလာဘူး။ အသက်ကြီးလာတာ နဲ့တစ်ပြိုင်တည်း လူကသိပ်မစွန့်စား ချင်တော့ဘူး။ အဲဒါကလည်း လူ့အ ဖွဲ့အစည်းအတွက် အထောက်အကူ သိပ်မဖြစ်တော့ဘူး။ အခုအချိန်မှာ နိုင်ငံတိုင်းမှာ အလုပ်အကိုင်ရှားပါးတဲ့ ပြဿနာရှိပါတယ်။ ဒါပေမယ့် အမြန်ဆုံးပြေးနိုင်တဲ့လူပဲ ပန်းတိုင်ကို ရောက်မှာပါ။ လမ်းခရီးမှာ အတား အဆီးတွေ ရှိနိုင်ပါတယ်။ ကိုယ့်ဘာသာကိုယ် မီးစဉ်ကြည့်ပြီး ကျော်ဖြတ်ကြဖို့လိုပါတယ်" ဟု အငြိမ်းစား အရာရှိ တစ်ဦးကလည်း ပြောပြခဲ့သည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။