ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲ့ တနေရာမှာ မယ်တော်ဆေးခန်းတည်ရှိပါသည်။ ထိုဆေးခန်းလေးသည် ကျမတို့ မြန်မာပြည်သူ၊ ပြည်သား များ အားလုံးအတွက် ဖော်ရွေမှု၊ နွေးထွေးမှု၊ ကြင်နာမှုစသည့် စိတ်ဓါတ်ရေးရာ အင်အားကို မြှင့်တင်ပေးခဲ့သော နေရာလေး တစ်ခုဖြစ်ပါ သည်၊ နိုင်ငံတကာမှလည်း လူသိများပြီး ခေတ်မီတိုးတက်နေသော ဆေးခန်း ဖြစ်သည်ဟု ကျမ ကျောင်းနေတုန်းက ထို ဆေးခန်း အကြောင်းကို တစ်စိတ်တစ်ဒေသ ဖတ်ခဲ့၊ ကြားခဲ့ဖူးပါသည်။ ဆေးခန်း၏ ဂုဏ်သတင်းနှင့် ဆရာမကြီး ဒေါက်တာ စင်သီယာမောင်၏ ဂုဏ်သတင်းများကို ပတ်ဝန်းကျင်မှ ကြားခဲ့ဖူးသည်။
ငယ်စဉ်က ဆေးပညာရော ဆေးဆရာတစ်ယောက်ရဲ့ ဘဝကိုရော စိတ်မဝင်စားခဲ့ပါ။ ကျောင်းနေစဉ်က ကျမ၏ သူငယ်ချင်း တစ် ယောက်ကတော့ ဆေးပညာကို အလွန်ပင် စိတ်ဝင်စားခဲ့ပါသည်။ ဆယ်တန်းအောင်ပြီးချိန်မှာတော့ ကျမ၏ သူငယ်ချင်းက ဆေး သင်တန်း မတက်ဖြစ်တော့ဘဲ အခြားသင်တန်းကို တက်ရောက်သွားခဲ့ပြီး ကျမကတော့ ဆေးသင်တန်းကို တက်ဖြစ်သွားပါတော့ သည်။ ကျမ ဆယ်တန်းအောင်ပြီးရင် ဆေးသင်တန်းတက်မည်ဟု မတွေးထားမိသော်လည်း မိဘ၏ စိတ်သဘောဆန္ဒကို လိုက်လျော၍ ဆေး သင်တန်းကို ရွေးချယ်ခဲ့ခြင်းပင်။ ထိုဆေးခန်းတွင် မမျှော်လင့်ဘဲ သူနာပြုတစ်ယောက်အဖြစ် သုံးနှစ်ကျော်မျှ တာဝန်ထမ်းဆောင် ရင်း နေထိုင်ခဲ့ဖူးပါသည်။ စိတ်ဝင်စားဖွယ်ဖြစ်သော မယ်တော်ဆေးခန်းနှင့် ကျမ၏ အတွေ့အကြုံများကို ရေးဖွဲ့ချင်စိတ် ပေါ်လာမိ ပါတော့သည်။
******
ဆေးအကြောင်းနှင့် ဆေးဆရာမဘဝကို မခုံမင်ခဲ့တဲ့ ကျမ၊ လူနာများနှင့် ထိတွေ့ကိုင်တွယ်ရလိမ့်မည်ဟု မတွေးခဲ့မိပါ။ လူ့၏ သဘော သဘာဝက တခါတရံတွင် စိတ်ထဲတွင် လုပ်ချင်တာက တစ်မျိုး၊ လုပ်ဖြစ်သွားတာက တစ်မျိုး၊ မျှော်မှန်းထားတာက တစ်မျိုး၊ ဖြစ်လာ တာကတစ်မျိုး ကိုယ့်စိတ်ဆန္ဒနှင့် ကိုက်ညီမှု မဖြစ်ခဲ့သော်လည်း ဖြစ်လာပြီးသား အရာတစ်ခုကို အကောင်းဖက်သို့ တွေး၍ လုံ့လ၊ ဝိရီယနှင့် လုပ်ဆောင်သွားလျှင် တနေ့နေ့ တချိန်ချိန်တွင် ကျမအတွက် ပျော်ရွင်သော စိတ်ကျေနပ်မှုကို ရရှိလာမည်ဟု ယုံကြည် ခဲ့သောကြောင့် ဆေးဆရာမဘဝကို ကျမ ကျေကျေနပ်နပ်နှင့် စေတနာထား လုပ်ကိုင်ခဲ့ပါသည်။
၂၀၀၇ ခုနှစ်
ဆယ်တန်းအောင်ပြီးချိန်တွင် ကျမဘဝအတွက် ရွေးချယ်စရာနှင့် ရွေးချယ်ခွင့်၊ အခွင့်အလမ်း မရှိသောကြောင့် ကံစီမံရာဆီသို့ လျှောက်လှမ်း ခဲ့ရပါသည်။ သံလွင်မြစ်၏ မြစ်ကမ်းနဖူးတွင် ဆေးသင်တန်း တက်ခဲ့ပြီးနောက် လက်တွေ့ ကွင်းဆင်းခွင့် အခွင့်အလမ်းနှင့် ဝေးကွာ သွားခဲ့ရပြန်ပါသည်။ ဒီလိုနှင့် ကျမ ပညာသင်ကြားခဲ့သော မယ်လာအူး ဒုက္ခသည် စခန်းအတွင်းသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိ သွားပြီး ၆ လ ကျော်ကြာမျှ အချိန်ကုန်သွားခဲ့ပါသည်။
တနေ့…။
၂၀၀၈ ခုနှစ် မေလ ၁၅ ရက်နေ့
မထင်မှတ်ဘဲ အပြောင်းအလဲတစ်ခုသည် ကျမထံသို့ ရောက်ရှိလာပါသည်။ မဲဆောက်ရှိ ဆရာမကြီးဒေါက်တာစင်သီတာမောင် ဆေးခန်းသို့ သွားရောက်ခွင့် ရခဲ့ပါသည်။ မဲဆောက်ရောက်သည်နှင့် ကားသမားသည် ဆေးခန်းသို့ တိုက်ရိုက်မသွားဘဲ CDC ကျောင်းထဲ ချထား ပေးခဲ့ပါသည်။ တာဝန်ရှိ လူကြီးတစ်ယောက်က လာခေါ်ပြီး ကျမတို့အားလုံးကို ဆေးခန်းသို့ ပို့ပေးပါသည်။ ကျမတို့ကို လာခေါ်သော တာဝန်ရှိလူကြီးသည် CDC ကျောင်းမှ ဆေးခန်းသို့ ပျော်ရွှင်စွာ လမ်းလျှောက် ဖြတ်ကူးနေကြသော ကျမတို့ ကလေးတစ်စုအား ကြည့်၍ ရင်ထိတ်နေပါတော့သည်။ ထိုအချိန်တွင် တောမောဟုခေါ်သော ထိုင်းလဝကများနှင့် ထိုင်းရဲများ အဖမ်း အဆီး များနေချိန် ဖြစ်ပါသည်။ ကျမတို့ လူငယ်တစ်စုသည် ဒုက္ခသည်စခန်းအတွင်းရှိ ဘဝအတွေ့အကြုံများကိုသာ သိရှိနေသော် လည်း ထိုင်းရဲများကို ကြောက်ရ ကောင်းမှန်း မသိသေးပါ။
အချိန်ကြာမြင့်စွာ ကားစီးလာခဲ့ကြသောကြောင့် လမ်းလျှောက် သွားရသောအခါ အလွန်ပျော်မိပါသည်။ ဆေးခန်းမှ လူကြီးများ သည် ကျမတို့ လူအုပ်ကြီးကို ကြည့်ကာ ထိုင်းရဲများ ရောက်လာမည်ကို စိုးရိမ်သောကြောင့် လူနာတွေကြားထဲ ခဏ ထိုးထားခဲ့ ကြပါသည်။ ညနေမိုးချုပ်ခါနီးမှ ကျမတို့နေရမည့် အဆောင်သို့ ပို့ပေးခဲ့ပါသည်။ ထိုစဉ်က မဲဆောက်၏ အခြေအနေ အရပ်ရပ်ကို မသိခဲ့ သော်လည်း မဲဆောက်တွင် အနေကြာလာချိန်မှာတော့ ကျမတို့ လာစဉ်တုန်းက ပုံစံများကို ကိုယ့်ဘာသာကိုယ် ပြန်မြင်ယောင်နေမိ ပါသည်။ တကယ့်ကို ရင်ထိတ်စရာ မြင်ကွင်းဆိုတာကို သိလာပါတော့သည်။ ဆေးခန်းတွင် အနေကြာပြီဖြစ်သော ကျမ၏သူငယ်ချင်းက “ နင်တို့ လာတုန်းက ဆေးခန်းမှာ သင်တန်းလာတက်တဲ့ လူတွေလို့ မထင်ခဲ့မိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဘန်ကောက်သွားမယ့် သူတွေ ရဲလိုက်ဖမ်းလို့ ဆေးခန်းထဲကို ပျာယီးပျာယာ ပြေးဝင်လာကြတယ်လို့ ငါထင်နေတာ။ နင်တို့ပုံစံကလည်း ဘန်ကောက်တက်မယ့် ပုံတွေပေါက်နေတယ်။ အထုပ်တွေ၊ အပိုးတွေကလည်း နည်းတာမဟုတ်ဘူးလေ၊ နင်တို့က ဘောင်းဘီအရှည်တွေ ဝတ်ထားကြပေမယ့် ထိုင်းနိုင်ငံသားနဲ့လည်း မတူ၊ ဆေးသင်တန်းလာတက်တဲ့ သူတွေရဲ့ပုံစံလည်း မပေါက်၊ တရားမဝင် လာအလုပ် လုပ်တဲ့သူတွေပုံ ပေါက်နေလို့လေ” သူပြောမှ ကျမ ရယ်ချင်သွားပါတော့သည်။ ထိုနေ့သည် ကျမဘဝအတွက် ရယ်စရာနှင့် ရင်ထိတ်စရာ အမှတ်တရ နေ့တနေ့ ဖြစ်ခဲ့ပါသည်။
မယ်တော်ဆေးခန်းလေးသည် အလွန်ကျယ်ဝန်းပြီး နေ့စဉ်နေ့တိုင်း လူပေါင်းစုံဖြင့် စည်ကားနေပါသည်။ ဆေးခန်းသို့ ကျမ မရောက်ဘူး စဉ်က ဤလောက် ကျယ်ဝန်းလိမ့်မည်ဟု မထင်ခဲ့ပါ။ ဆေးခန်းဟုသာ ခေါ်ဝေါ်ထားသော်လည်း ဌာနခွဲ အမြောက်အများ၊ အဆောက် အဦ အမြောက်အများ၊ ဈေးဆိုင်၊ မုန့်ဆိုင်၊ လ္ဘက်ရည်ဆိုင်များနှင့် ဆေးရုံကြီးတစ်ခုသဖွယ် စည်ကားနေပါသည်။ ဆေးခန်းသို့ ရောက်ပြီး တစ်လခန့် ကြာသောအခါ ဆေးပေးသည့်ဋ္ဌာနတွင် အလုပ်ဆင်းရပါသည်။ အခြားသူငယ်ချင်းများကတော့ ဋ္ဌာနအသီးသီး တွင် အလုပ် တာဝန်များ ထမ်းဆောင်ခဲ့ကြပါသည်။ အခြေခံစာတွေ့ သုံးလလောက်သာ တက်ခဲ့ရပြီး လက်တွေ့လည်း မရှိ၊ လူနာများနှင့် တခါဘူးမျှ ထိတွေ့မှု မရှိခဲ့သော ကျမတို့ သူငယ်ချင်းနှစ်ယောက်မှာ ဆေးနာမည်များကိုလည်း အနည်းအကျဉ်းသာ သိထားရုံမျှသာ။ ရောဂါ သတ်မှတ်ချက်နှင့် ရောဂါအသုံးအနှုန်းများကို သိပ်နားမလည်သေး၍ ပထမဆုံးအကြိမ် လူနာများနှင့် ဆက်ဆံချိန်တွင် အခက်အခဲ အမြောက်အများ ကြုံတွေ့ ခဲ့ရသော်လည်း နောက်ပိုင်းတွင် လူနာများနှင့် ရင်းနှီးလာရုံသာမက ဆေးအကြောင်းကိုလည်း အတော် အတန် သိရှိလာခဲ့ပါတော့သည်။ ဆေးပေးခန်းတွင် တာဝန်ထမ်းဆောင်မှု ကြာလာသောအခါ လူနာအမျိုးမျိုး၊ ရောဂါအမျိုးမျိုးကို လေ့လာခွင့် ရလာပါသည်။
နာတာရှည် ဆီးချိုသမား၊ သွေးတိုးသမားတို့မှာ နေ့စဉ်လများ ဆေးကိုသုံးစွဲနေရသည့် လူနာများဖြစ်သော ကြောင့် တလတခါ ဆေးကို ပြန်လာယူကြရပါသည်။ အချို့သော နာတာရှည် လူနာများသည် ရက်ချိန်း ခဏခဏ မလာနိုင်၍ ဆေးကို တစ်လ ပိုပေးပါဆိုသည်က တစ်မျိုး၊ ဆေးနည်းသောကြောင့် ရောဂါမြန်မြန် မပျောက်နိုင်သောကြောင့် ဆေးများများပေးမှ ရောဂါ မြန်မြန် ပျောက်မည် ထင်သော ကြောင့် ဆေးများများ ပေးရန် တောင်းသူက တစ်မျိုး၊ ဆေးသောက်ရတာ နည်း၍ ရောဂါ မပျောက်နိုင်၊ လမ်းစရိတ် လည်းကုန်၊ ရောဂါက ပိုပိုပြီး တိုးလာသည်ဟု ညည်းတွားပြသော လူနာက တစ်မျိုး၊ ရက်ချိန်းဖြင့် ပြရမည့် သူများက ထိုင်းရဲကြောက်၍ ပြန်မလာ တော့သည်က တစ်မျိုး။ ပုံစံစုံ အမျိုးစုံ ကြုံတွေ့ခဲ့ရလေသည်။
လူနာများနှင့် ဆေးဆရာမဘဝ ဟာသများလည်း ရောစွက်ခဲ့ရပါသေးသည်။ ဆေးများများ ပိုပေးပါဟု တောင်းတတ်သောလူနာများကို ဆရာ တစ်ယောက်က ဝှိုက်ဘုတ် (White board) တွင် ဆေး not equal ပဲလှော်(ဆေးဟာ ပဲလှော်မဟုတ်) ဟု ဟာသစွက်၍ ရေး သားထားသော စကားလုံးကို အမှတ်ရနေမိပါတော့သည်။ လူနာတွေဘက်မှ ပြန်တွေးကြည့် မည်ဆိုပါကလည်း သနားမိပါသည်။ အိမ်နှင့် ဆေးခန်းသည် အရမ်းကို အလှမ်းဝေးပါသည်။ တစ်ခေါက်လာမည်ဆိုလျှင်လည်း လမ်းစရိတ်ကုန်ရ၊ ရဲကိုကြောက်ရ၊ ပုလိပ် မိလို့ ပိုက်ဆံ ဘတ်ငွေ ၁၀၀/ ၂၀၀ ကုန်ပြီးမှ ရောက်လာသူတွေလည်း ရှိပါသေးသည်။ ရဲ အဖမ်းခံရမည် စိုး၍ တောမော လက်မှတ် လုပ်ရနှင့် သူတို့ခမျာ အတော်ဒုက္ခ များလှသည်။ သူတို့ကို ကိုယ်ချင်းစာသောအားဖြင့် ဆေးပိုပေးချင်သော်လည်း သူတို့မှာ ရောဂါ ပျောက်ချင်ဇောနှင့် တခါတည်း ဆေးအများကြီး သောက်မည်ဆိုပါကလည်း ကျမတို့ပင် ဒုက္ခရောက်ရပေဦးမည်။ ဆေးနှင့်ပတ်သက်၍ သေချာ ရှင်းပြသော်လည်း တချို့ လူနာများသည် ဆေးဆရာ/မများ၏ နောက်ကွယ်တွင် သောက်ချင်သလို သောက်နေကြသည် များကိုလည်း ကြားနေရပြန်ပါသေးသည်။ သူတို့ ဆေးပိုပေးပါဟု တောင်းလာသည်များကို ပိုပေးချင်ပါသော်လည်း အထက်ပါ အကြောင်းကို တွေးမိ၍ ကျမတို့မှာ ပိုမပေးရဲပါ။
၂၀၀၉ မတ်လ
ဆေးပေးခန်းတွင် ကိုးလ အလုပ်တာဝန် ထမ်းဆောင်ပြီးနောက် သင်တန်းတစ်ခု ဆက်တက်ခဲ့ပြန်ပါသည်။ သင်တန်း သုံးလ တက် ရောက်ပြီး လက်တွေ့ ခြောက်လ ဖြတ်သန်းပြီးချိန်မှာတော့ သားဖွားဌာနသို့ ပြောင်း၍ လုပ်ကိုင်ခဲ့ပါသည်။ သားဖွားဌာနသို့ ပြောင်း၍ တာဝန် ထမ်းဆောင်ချိန်သည် ကျမဘဝအတွက် အလွန် တန်ဖိုးရှိသော အချိန်များဟု သိလာပါတော့သည်။ သားဖွားမီးယပ်ဆိုသည့် ခေါင်းစဉ် အောက်တွင် အမျိုးသမီးများနှင့် ပတ်သက်သော ရောဂါအမျိုးမျိုး အကြောင်းကို အမျိုးသမီး တစ်ယောက်ဖြစ်သည့် ကျမ အနေဖြင့် သိရှိခွင့်များ ရခဲ့ပါသည်။ ကိုယ်ဝန်ဆောင်ခြင်း၊ မွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ဖျက်ချခြင်းများသာမက ကိုယ်တိုင် သားဖွားပေးနိုင်ခဲ့သော အဆင့်အထိ ရောက်ရှိလာချိန်မှာတော့ ဆေးပညာသည် ကျမအတွက် စိတ်ဝင်စားဆုံး ဘာသာရပ်တစ်ခု ဖြစ်သွားပါတော့သည်။
ဆေးလောကတွင် နှစ်အတန်ငယ် ဖြတ်သန်းမိသွားချိန်မှာတော့ ဆေးလောက၏ လွန်စွာကျယ်ပြန့်မှုနှင့် လူအထွေထွေ၏ ဘဝများကို ထိတွေ့ကိုင်တွယ် ဖြေရှင်းပေးခဲ့ရမှုများသည် စိတ်ဝင်စားစရာ အကောင်းဆုံး အချိန်များဖြစ်ခဲ့ပါသည်။ သားဖွား မီးယပ်ဌာနတွင် တာဝန် ထမ်းဆောင်နေစဉ် အမျိုးသမီးများ၏ ဘဝနှင့် ခန္ဓကိုယ်အစိတ်အပိုင်းများအကြောင်းကို ကျမ တွေးကြည့်မိပါသည်။
လူသားချင်း အတူတူ အမျိုးသမီးများသည် အမျိုးသားများထက် ခန္ဓာကိုယ်တွင် အစိတ်အပိုင်းတစ်ခု အပိုပါလာပါသည်။ ထိုအစိတ်အပိုင်းအပိုသည် သားအိမ် ဖြစ်ပါသည်။ အမျိုးသမီးများတွင် ပါလာခဲ့သော သားအိမ်သည် အမျိုးသမီးများအတွက် မိခင်စိတ်ကို ဖြစ်ပေါ်စေရုံမျှသာ မကပါ။ ကိုယ်ဝန်ဆောင်ရ၊ မွေးဖွားရ၊ နို့တိုက်ရနှင့်အလွန်ပင်ပန်းခက်ခဲသော ပြဿနာ တစ်ရပ်ဖြစ်သော်လည်း အမျိုးသမီးများ အားလုံးအတွက် မွန်မြတ်သော အရာတစ်ခုဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်နေစဉ်နှင့် မွေးဖွားစဉ်ကာလအတွင်း အခန့်မသင့်ပါက မိခင်၏အသက်ပါ ပါသွားနိုင်ပါ သည်။ အမျိုးသမီးများသည် ကိုယ်ဝန်စဆောင်ချိန်၌ ခြေလှမ်း တစ်ဘက်သည် သင်္ချိုင်းကုန်းသို့ မျက်စောင်းထိုးနေသည်ဟု ရှေးလူကြီးများ ပြောသံကို ကြားခဲ့ဘူးပါသည်။
စကားပုံဖြင့် တင်စားထားသည်ကိုလည်း ကြားဖူးပါသည်၊ “ ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ” ဆိုးရိုးလည်း ရှိပါသည်။ ဆေးခန်းသို့ ကလေးလာမွေးသော မိခင်များကို ကြည့်ပြီး ကိုးလလွယ် ဆယ်လမွေးပေးခဲ့သော ကျမ၏ ကျေးဇူးရှင် မွေးသမိခင်ကို သတိရစိတ်၊ ကိုယ်ချင်းစာစိတ်ဖြစ်မိပါသည်။ အချို့မိခင်များသည် ဝေဒနာ ခံစားနေရသော အချိန်တွင် စိတ်မရှည်၍ အော်၍ငို၊ ယောက်ျားကို အော်ဆဲ၊ ဗိုက်ထဲက မထွက်လာနိုင်သေးသော ကလေးကိုလည်း စိတ်တိုသလို ခံစားနေကြသည်ကိုလည်း မြင်တွေ့ နေရပါသည်။ သူတို့ရဲ့ ရင်သွေးလေးတွေရဲ့ မျက်နှာကို မြင်လိုက်ကြတဲ့အခါမှာတော့ ခံစားနေရသော ဝေဒနာများ ပျောက်သွားသလို ပြုံးရွှင် လာတာကိုလည်း မြင်တွေ့ရပါသည်။ ကလေး အပြင်ထွက်လာအောင် မွေးပေးသောဆရာ/မများကိုလည်း ကျေးဇူးတင်ကြောင်းကို ထပ်ခါ ထပ်ခါပြောပြီး ပျော်ရွင်နေကြပါသည်။
မိခင်များအားလုံး သားသမီးအပေါ်ထားသည့် မေတ္တာသည် တုနှိုင်းစရာ မရှိလောက်အောင် ကြီးမားလှပါသည်။ ကျမဖတ်ဖူးခဲ့သော ကြားဖူး ခဲ့သော စကားများထဲမှ “ မိန်းမတွေဟာ ယောက်ျားတွေထက် သတ္တိပိုရှိတယ်ဆိုတဲ့ စကားဟာ လက်တွေ့ဘဝတွင်လည်း ဖြစ်နေသည်ကို ကျမကိုယ်တိုင် မွေးဖွားပေးရင်း အကြိမ်ကြိမ်မြင်ခဲ့ရပါသည်” ကလေးတစ်ယောက်ကို အသက်ဖြင့် ရင်းပြီးမွေးဖွားပေး ခဲ့သော မိခင်များ၏ သတ္တိကို ဂုဏ်ယူလေးစားမိပါသည်။ ရပ်နီး၊ ရပ်ဝေမှ ဆေးခန်းသို့နေ့စဉ် ကလေးလာမွေးသော မိခင်များ အမြောက် အများ ရှိပါသည်။ နေ့စဉ်ပုံမှန် မွေးလူနာ မများသော်လည်း တနေ့လျှင် ငါးယောက်ကျော်နှင့် ဆယ်ယောက်ကျော် ပုံမှန် မွေးဖွားကြပါ သည်။ တစ်ရက် ဆယ်ယောက်နှုန်းနှင့် သတ်မှတ်လျှင်တလကို သုံးရာကျော်မျှ ရှိနိုင်မည် ထင်ပါသည်။ ကျမတို့ ဆရာမတွေအချင်းချင်း “ ဒါတောင် ငါတို့ ဆရာတွေ မပါသေးဘူး မွေးလိုက်ကြတာ ဟိုဘက် (White board) ဝိုက်ဘုတ် ဒီဘက် ဝှိုက်ဘုတ်ပြည့်နေ ပါလားလို့” တစ်ခါတစ်ရံ စနောက် ခဲ့ကြပါသေးသည်။
ကျမတို့ ဆေးခန်းထဲမှ ဆရာ တစ်ယောက်ဆိုလျှင် သားဖွားဆောင် အပြင်တွင်ဖြစ်စေ အတွင်းမှာဖြစ်စေ ကိုယ်ဝန်ဆောင် မိခင်များကို “ အမေတွေ လျှော့မွေးကြ လျှော့မွေးကြ။ ကုန်ဈေးနှုန်းတွေ တက်ကုန်ပြီ နောက်လူတွေလည်း လာမွေးကြဦးမယ်နော်။ အဖေ တွေလည်း နှစ်ယောက်စာ ရှာထားကြနော်” လို့ နေ့တိုင်းလိုလို လာအော်ပြောနေပါသည်။ သူ၏နေ့စဉ် သတိပေးနှိုးဆော်မှုဟာ လူနာတွေ ကျင့်သုံး ခဲ့သလား၊ မကျင့်သုံးခဲ့ဘူးလားဆိုတာ မသိခဲ့သော်လည်း လူနာများ လျော့မသွားသည့်အပြင် ရှင်မွေးလွန်း မိခင်များဟု ခေါ်တွင်ရ လောက် အောင် တစ်နှစ်ထက် တစ်နှစ် ပိုတိုးလာပါသည်။ သို့သော ထိုဆရာကတော့ ဇွဲမလျော့ဘဲ နေ့စဉ် တာဝန်ကျေစွာဖြင့် နှိုးဆော်မြဲ၊ အော်မြဲ ဖြစ်နေ ပါသည်။ ကျမတို့ ဆရာမများကလည်း ထိုဆရာလာပြီဆိုလျှင် “ဦးလျော့မွေး” လာပြီဟု တိုးတိုးတိတ်တိတ် စနောက် ခေါ်ဝေါ် ကြပါသည်။ ယခုအချိန်မှာတော့ ဆရာ/မများ၏အသံနှင့် ဦးလျော့မွေး၏ အသံကို အဝေးတနေရာမှ ကြားယောင် မြင်ယောင်နေမိပါတော့ သည်။ ဦးလျော့မွေး၏ ဝိရိယရှိမှုကိုလည်း ချီးကျူးနေမိပါသည်။
ဆေးခန်းမှာ နေခဲ့သော သုံးနှစ်ကျော်ကာလအတောအတွင်း ဆရာ/မ ပေါင်းစုံ၊ လူနာပေါင်းစုံတို့နှင့် ထိတွေ့ ဆက်ဆံခဲ့ရသလို အတွေ အကြုံ ရင့်ကျက်မှုတွေရဖို့အတွက် သူတို့ထံမှ အမြောက်အများ ရရှိခဲ့ပါသည်။ ကျမနှင့် ရင်းနှီးဆက်ဆံခဲ့ဖူးသော ဆရာ/မများအား လုံး လိုလို စိတ်ရင်းကောင်းပြီး ဖေါ်ရွေပွင့်လင်းကြပါသည်။ မယ်တော်ဆေးခန်းမှ ဆရာ/မများနှင့်အတူ လူနာအများအပြားကို ထိတွေ့ ကိုင်တွယ်ပြီး ခဏတာ လုပ်ခွင့်ရခဲ့သော်လည်း ဆေးဆရာမတစ်ယောက်၏ ဘဝကို ဂုဏ်ယူ ကျေနပ်ခဲ့မိပါသည်။ မယ်တော်ဆေးခန်းမှ ဆရာ/မများ အားလုံးကိုလည်း လေးစားဂုဏ်ယူမိပါသည်။ ကျမအား အတွေးသစ် အမြင်သစ်တွေ ပြောင်းလဲပေးပြီး၊ အတွေ့အကြုံ ရင့်ကျက်မှုတွေ ပေးခဲ့သော မယ်တော်ဆေးခန်းနှင့် ဆရာ/မများအားလုံးကို ကျေးဇူးတင်ပါသည်။
ကျမတို့ မြန်မာပြည်သူ/သားအားလုံး အတွက် မယ်တော် ဆေးခန်းကို တည်ထောင်ပေးခဲ့ပြီး အခြားလူမှုရေးလုပ်ငန်း အဝဝကို လုပ်ကိုင်နေသော ဆရာမကြီး ဒေါက်တာ စင်သီယာမောင်ကို မြင်ယောင်ကာ အမြဲဝမ်းသာ ဂုဏ်ယူမိပါသည်။ ဆေးခန်းရှိ ဆရာ/မများအားလုံး စိတ်ကျန်းမာ၊ ကိုယ် ကျန်းမာဖြင့် ဆက်လက်၍ တာဝန် ထမ်းဆောင်နိုင်ကြပါစေ။ မယ်တော်ဆေးခန်းလည်း ဆက်လက် တည်တံ့ခိုင်မြဲပါစေလို့ ဆုတောင်းပေး လိုက်ပါသည်။
မိုးနှင်းလှိုင်း
Source by :www.maukkha.org/

0 comments:
Post a Comment