Home » » မလေးက မြန်မာဒုက္ခသည်တို့ အစိုးရိမ်ပိုရတဲ့ စကားရပ်

မလေးက မြန်မာဒုက္ခသည်တို့ အစိုးရိမ်ပိုရတဲ့ စကားရပ်

Written By မောင်စေတနာ on Tuesday, August 30, 2011 | 2:05:00 PM

c

ချင်းမိုင် (မဇ္ဈိမ) ။ ။ မလေးရှား အစိုးရ၏ တရားမဝင် နိုင်ငံခြား အလုပ်သမား အရေအတွက် စာရင်း ကောက်ယူမှု ပြုနေချိန်တွင် အငြင်းပွားဖွယ်ရာ စကားရပ်တခုကြောင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအနေဖြင့် နေရပ်ပြန်ပို့ခံရမည်ကို စိုးရိမ်မှုများ ဖြစ်ပွားနေသကဲ့သို့ ဆွေးနွေးစရာ အကြောင်းအရာ တခုလည်း ဖြစ်နေသည်။

ကွာလာလမ်ပူရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အသိအမှတ်ပြုထားသည့် ဒုက္ခသည်များ အပါအဝင် စိစစ်ဆဲ အဆင့် ရှိသူများပါ အစိုးရ၏ ညွှန်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးတွင် သွားရောက် သတင်းပေးပို့ရသည်။

သတင်းပေးပို့ရာတွင် အသုံးပြု ဖြည့်သွင်းရသော ပုံစံစာရွက်တွင် Pulang Ke Negara Asal ဆိုသော စကားရပ်ကား ဒုက္ခသည်များ အကြား စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ အဆိုပါ စကားရပ်ကို မြန်မာဘာသာပြန်လျှင် “မူရင်းနိုင်ငံသို့ ပြန်ပို့ပါမည်” ဟု အဓိပ္ပါယ်ရသည်ဟု ဆိုသည်။

ပထမနေ့တွင် စာရင်း သွားသွင်းခဲ့သူ ကွာလာလမ်ပူ အခြေစိုက် ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့-MERHROM ဇာဖာ အာမက် (Zafar Ahmad) မှ “မလေးရှား အစိုးရနဲ့ UNHCR နဲ့ အားလုံးပေါင်းပြီးတော့ တရားမဝင် နိုင်ငံသားတွေ၊ ဒုက္ခသည် အားလုံးကို ပြန်ပို့ဖို့အတွက် စီစဉ်တာပဲလို့” သူကိုယ်တိုင် ထင်မှတ်သည်ဟု ဆိုသည်။

ယခုဖြစ်ရပ်အပေါ် မလေးရှား UNHCR ရော၊ အစိုးရဘက်ကပါ လူသိထင်ရှား တုံ့ပြန်ခြင်း မရှိသေးသော်လည်း ကွာလာလမ်ပူ အခြေစိုက် လူ့အခွင့်အရေး တခုဖြစ်သော ဆွာရမ်အဖွဲ့မှ ဒုက္ခသည်ဆိုင်ရာ ညှိနှိုင်းရေးမှူး အန်ဒီကာအဘ် ဝါဟဘ် Andika Ab. Wahab ကလည်း ဒုက္ခသည်များ စာရင်းသွင်းကြရာတွင် လူဝင်မှု ကြီးကြပ်ရေးမှ ပြန်ပေးသည့် ပုံနှိပ်စာရွက်နှစ်မျိုး တွေ့ရပြီး တဦးနှင့် တဦး ရရှိသည့် ပုံစံမတူဟု ပြောသည်။

“ပထမစာရွက်မှာက မလေးရှားမှာ အလုပ်လုပ်မယ်လို့ ရေးထားတယ်။ ဒုတိယမှာက ကိုယ့်နိုင်ငံ ကိုယ်ပြန်ပါမယ်လို့ ပါတယ်” ဟု သူက ပြောသည်။ ထို့အပြင် “ ဘာတွေဖြစ်မလဲတော့ ကျနော်လည်း မပြောတတ်ဘူး။ ဒုက္ခသည်ပေါ်လစီ၊ စာရင်းသွင်းရတဲ့ ကိစ္စတွေဟာ ဒုက္ခသည်တွေကိုရော အားလုံးကို နားမလည်ဘဲ ရှုတ်ထွေးနေတယ်” ဟု ဝန်ခံပြောကြားသည်။

ရခိုင်ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ကိုသန်းဦးကမူ “ဒါပေမယ့် UNHCR က အရင်တုန်းက ဗီဇသက်တမ်း ကုန်သူတွေအတွက် ပုံစံဖြစ်ပြီး ရုတ်တရက် လုပ်လိုက်တဲ့အတွက် ဒီလိုဖြစ်သွားတာပေါ့။ UNHCR က အာမခံတယ်။ ဒီစာရွက်တွေကို အသစ်ပြန်လုပ်ပေးမယ်။ လောလောဆယ်တော့ လက်ခံလိုက်ပါလို့ ပြောတယ်” ဟု ဆိုသည်။

မလေးရှားတွင် မြန်မာနိုင်ငံမှ ထွက်ပြေး ရောက်ရှိသွား သူပင်ချည်း မဟုတ်ဘဲ အခြား နိုင်ငံများမှ လည်း ဒုက္ခသည် အဖြစ် အသိအမှတ်ပြုရေး ကြိုးပမ်းနေသူ နိုင်ငံခြားသား အရေအတွက်မှာ လူ ၅ဝ,ဝဝဝ ခန့်ရှိမည်ဟု အန်ဒီကာ အဘ် ဝါဟဘ် က ခန့်မှန်းသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရာရှိများနှင့် တနင်္လာနေ့တွင် ဆွေးနွေးရန် စီစဉ်ထားသည်ဟု ဆိုသည်။

မလေးရှားက ၁၉၅၁ ခု ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ နားလည်မှုစာချုပ်နှင့် နောက်ဆွဲတွဲ သဘောတူညီမှုများကို လက်မှတ်မထိုးထားပေ။ မလေးရှားတွင် မြန်မာ၊ အာဖကန်နစ္စတန်၊ အီရတ်၊ ဆိုမားလီးယားတို့မှ ဒုက္ခသည်များ အဓိကရှိနေပြီး စုစုပေါင်း ၉ဝ,ဝဝဝ ဦး ကျော်မှ ၉ဝ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှဖြစ်ပြီး ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ရှမ်း၊ ကချင်၊ ရိုဟင်ဂျာတို့ ပါဝင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ရုံး-မလေးရှားက ထုတ်ပြန်ထားသည်။

အသိအမှတ်ပြု ဒုက္ခသည် များထက် ပူပန်မှု ပိုနေရသူများ ကတော့ တရားဝင် စာရွက်စာတမ်း အထောက် အထား မရှိဘဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလာရန် ကြိုးပမ်း နေသူများဖြစ်သည်။ သြဂုတ် ၁ ရက်မှစ၍ မလေးအစိုးရက တရားမဝင် အလုပ်လုပ် နေသော နိုင်ငံခြားသား များကို တရားဝင်ခွင့်ပြုမည့် အစီအစဉ် အရ လူစာရင်းကောက်ယူမှု လုပ်နေရာ ဒုက္ခသည် လျှောက်လိုသူတို့မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

နောက်ဆုံးရက် ထုတ်ပြန်ထားခြင်းမရှိသော စာရင်းကောက်ယူမှုပြီးစီးချိန်တွင် သူတို့အတွက် UNHCRမှ ဒုက္ခသည် အဖြစ် စိစစ်မှု စတင်မလုပ်နိုင်သေးလျှင် တရားမဝင် နေထိုင်မှုဖြစ်သောကြောင့် မလေးရှားအစိုးရက ဖမ်းဆီးပြန်ပို့မှု ဖြစ်လာမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။

“ကုလသမဂ္ဂဒုက္ခသည် မဟာမင်းကြီးရုံးက ထုတ်ပေးတဲ့ အထောက်အထား ဘာမှမရှိဘူး။ အောက်တိုဘာ နိုဝင်ဘာလောက်ဆိုရင် ဖမ်းဆီးတာတွေလုပ်မယ်လို့ ထင်ပါတယ်။ အဲဒီ လူတွေကို အကုန်ဖမ်းမှာပဲ။ တချို့ ကို လဝက ဥပဒေနဲ့ အပြစ်ပေးမယ်၊ တချို့ကို မူလနိုင်ငံတွေ ပြန်ပို့နိုင်တယ်” ဟု မစ္စတာ အန်ဒီကာ အဘ် ဝါဟဘ် က ပြောသည်။

တရားမဝင် နိုင်ငံခြားသား လူစာရင်းကောက်ယူမှုကို ဆီလန်ဂေါပြည်နယ်နှင့် မြို့တော် ကွာလာလမ်ပူ ဧရိယာ အတွင်းနေထိုင်သည့် ဒုက္ခသည်များကိုသာ စတင်ဆောင်ရွက်ပေးနေပြီး ပူထြာဂျာယား လူဝင်မှုကြီးကြပ်ရေး- လဝကရုံးတွင် အင်္ဂါနေ့မှ သောကြာနေ့ အထိ လေးရက်ပြီးလျှင် အစ္စလာမ်ဘာသာ အစာရှောင်ပွဲ Hari Raya ရုံးပိတ်ရက် ခေတ္တရပ်နားမည်ဟု ကုလဒုက္ခသည်ရုံးက ဖေ့ဘွတ်မှတဆင့် အသိပေးထားသည်။ စက်တင်ဘာလတွင် ပြန်စမည်ဟု ဆိုသော်လည်း အတိအကျ မဖော်ပြထားပေ။

ပထမရက်တွင် မြန်မာအပါအဝင် အခြားနိုင်ငံသား ဒုက္ခသည် နှစ်သောင်းကျော် သွားရောက်ခဲ့ရာ လူဝင်မှုကြီးကြပ်ရေး က မနိုင်မနင်းဖြစ်ခဲ့သဖြင့် ကုလရုံးက ဗုဒ္ဓဟူးနေ့မှစ၍ လူမျိုးစုအခြေပြုအဖွဲ့များကို တဖွဲ့တနေ့ ၂ဝဝ ဦး နှုန်းလာရန်နှင့် အချိန်ကိုပါ သတ်မှတ်ပေးလိုက်သည်ဟု ချင်း ဒုက္ခသည်တဦးက ပြောသည်။

မြန်မာသမ္မတအသစ် ဦးသိန်းစိန်ကလည်း သြဂုတ်လ ၁၇ ရက်နေ့က ပြည်ပသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်နေသူများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ကြောင်း ကမ်းလှမ်းထားမှုရှိရာ မလေးရှား ကုလဒုက္ခသည်ရုံးက ဒုက္ခသည်ကဒ်ရှိထားသူများမှာ ပြန်ပို့မလားဟု စိုးရိမ်မှုများလည်း ရှိနေသည်။

ဆွာရမ် လူ့အခွင့်အရေးအဖွဲ့မှ အန်ဒီကာ အဘ် ဝါဟဘ် ကမူ “တိုင်းရင်းသားတွေနဲ့ မြန်မာစစ်တပ်နဲ့ ပြဿနာ တက်နေကြတာကြောင့် ဒီတိုင်းရင်းသားတွေ ထွက်ပြေးလာကြတာ။ နိုင်ငံတကာအသိုင်း အဝိုင်းရဲ့ အကာအကွယ်ကို လာတောင်းဆိုကြတာပဲ။ UNHCR ကလည်း ဒီအခြေအနေတွေကို သိပါတယ်။ အကာအကွယ်ပေးမှာပါပဲ” ဟု ပြောသည်။

Source by :http://www.mizzimaburmese.com/
Share this article :

3 comments:

ဧဒင်အချစ်ပုံပြင် said...

သန်းဦး တယောက်ကြောင့် တလှေ လုံးဒုက္ခရောက်ရတာပေါ့.။

Anonymous said...

ပြောင်းပြန် ဖြစ်နေတယ်..
ဒီနိုင်ငံသားယောက်ကို မေးကြည့်တာ ...
"မူရင်းနိုင်ငံသို့ ပြန်မရပါ"....လို့ ရေးထားတယ် ပြောတယ်။

Anonymous said...

ပြောင်းပြန် ဖြစ်နေတယ်....
ဒီနိုင်ငံသား တယောက်ကို မေးကြည့်တာ..
" မူရင်းနိုင်ငံသို့ ပြန်မရပါ " လို့ ရေးထားတယ်..တဲ့

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။