Home » » စိတ်ရောဂါကုသမှု ခံယူနေသူများတွင် နိုင်ငံခြား၌ အလုပ်လုပ်၍ ပြန်လည်ရောက်ရှိလာသူ အချို့လည်း ပါဝင်လာ .......

စိတ်ရောဂါကုသမှု ခံယူနေသူများတွင် နိုင်ငံခြား၌ အလုပ်လုပ်၍ ပြန်လည်ရောက်ရှိလာသူ အချို့လည်း ပါဝင်လာ .......

Written By မောင်စေတနာ on Monday, November 29, 2010 | 6:34:00 PM

စိတ်ရောဂါကုသမှု ခံယူနေသူများတွင် နိုင်ငံခြား၌ အလုပ်လုပ်၍
ပြန်လည်ရောက်ရှိလာသူ အချို့လည်း ပါဝင်လာ

နေ့စဉ်ဘ၀များ၏ အရေးအကြီးဆုံးဖြစ်သော ကဏ္ဍကြီးလေးခုတွင် အဆင်မပြေမှုများကြောင့် စိတ်ရောဂါဖြစ်စေသည့် အကြောင်းရင်းများ ရှိလာခဲ့ကြရာ ယခုနောက်ပိုင်း စိတ်ရောဂါကုသမှု ခံယူနေသူများထဲတွင် ပိုမိုတွေ့ရှိလာရသည်မှာ နိုင်ငံ ခြားမှ ပြန်လည်ရောက်ရှိလာသူ အချို့ ပါဝင်လာကြောင်း သိရှိရပါသည်။

နိုင်ငံရပ်ခြားတွင် နှစ်ရှည်လများ အလုပ်လုပ်ကိုင်သော်လည်း ၀င်ငွေတိုးတက်မှု မရှိခြင်း၊ အနှိမ်ခံရခြင်းများနှင့် လုပ်သားအချင်းချင်း ခေါင်းပုံဖြတ်ခံရသော အကြောင်းတရားများကြောင့် ပြန်လာကြသူများထဲတွင် စိတ်ဖိစီးမှုများ များစွာရှိလာခဲ့ကြရာမှ စိတ်ရောဂါ စွဲကပ်ကာ ကုသမှုခံယူသူများ ရှိလာခဲ့သည်ဟု စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာအုန်းမောင်က ပြောပြခဲ့သည်။

နိုင်ငံခြားမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသူများ များစွာရှိကြသော်လည်း ယင်းကဲ့သို့ စိတ်ရောဂါ ခံစားရသူ အချို့မှာ မူလပင်ကိုယ်စိတ် အခံများ၌ ပျော့ညံ့လွန်းသူများ၊ ကိုယ်ရေကိုယ်သွေးနိမ့်ကျကာ စိတ်ဖိစီးမှုဒဏ် မခံနိုင်သူများ၌ ယင်းဝေဒနာ များ ဖြစ်လာခဲ့ရကြောင်း သိရှိရပါသည်။



''အခု နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပြန်လာကြတဲ့သူတွေထဲက ကိုယ့်အကြောင်းနဲ့ကိုယ် ဖြစ်ကြပေမယ့် ကုသမှုခံယူဖို့ ရောက်လာသူတွေဟာ သူတို့ ဟိုဘက်နိုင်ငံတွေမှာ အရမ်းကို အဆင်မပြေမှုတွေ ရှိခဲ့ကြတယ်။ အဓိက ကတော့ စားဝတ်နေရေး ပြဿနာတွေအတွက် နည်းမျိုးစုံနဲ့ ဖြေရှင်းရင်းကနေ စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး စိတ်ရောဂါတွေ စဖြစ်လာတဲ့ လက္ခဏာတွေများတယ်''ဟု စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာအုန်းမောင် ကရှင်းပြခဲ့သည်။

စိတ်ရောဂါ အထူးကုဆေးခန်းများသို့ ကုသရန် လာရောက်ကြသူ အများစုမှာ လူမှုဘ၀များ၌ အတွေးများလွန်း၍ ညစဉ်အိပ်မပျော်မှု များလာခြင်း၊ မျှော်လင့်ချက်များ ကုန်ဆုံးသကဲ့သို့ ခံစားရခြင်းမှ စိတ်ကျရောဂါ ဖြစ်လာခြင်းအပြင် အဆင်မပြေ မှုများကြောင့် သောကဖြစ်စရာများ နေ့စဉ်ကြုံတွေ့ခဲ့ရခြင်းမှ စိတ်ရောဂါ ဖြစ်၍ လာရောက်သူများစွာအား ကုသပေးနေရကြောင်း သိရှိရပါသည်။

''နိုင်ငံခြားမှာ အလုပ်လုပ်ရတယ်ဆိုတာ ငွေအဆင်ပြေဖို့ တစ်ခုတည်းအတွက် မိသားစုစွန့်ခွာပြီး သွားရတာဖြစ်လို့ နေ့စဉ်ဘ၀တွေမှာ အဆင်ပြေခြင်း၊ မပြေခြင်းကို မိမိဘာသာ ဖြေရှင်းယူရတာပါ။ စိတ်ဖိစီးမှု များလာလို့ ယုံယုံကြည်ကြည်နဲ့ ရင် ဖွင့်တိုင်ပင်စရာ ဘယ်သူမှ မရှိဘူး။ အဆင်မပြေတာတွေ များလာတော့ အထီးကျန်ဘ၀တွေကို စိတ်ကုန်လာပြီး စိတ်ထွက်ပေါက်မျိုးစုံ ရှာရင်းက ဘ၀ပျက်သွားတာမျိုးတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ပင်ကိုယ် Personality ညံ့တာကြောင့် စိတ်ဖိစီးမှုဒဏ်တွေ မခံနိုင်ဘဲ မိမိနိုင်ငံကို ပြန်သွားရတာတွေလည်း ရှိတယ်''ဟု မလေးရှားနိုင်ငံရှိ စတီးစက်ရုံတွင် လုပ်ကိုင်နေသူ မ၀င်းစန္ဒာက စက်ရုံတွင် သူမကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်တစ်ခုအား ပြောပြခဲ့ပါသည်။

ထို့ကြောင့် ပြည်ပကုမ္ပဏီ အချို့က အလုပ်သမား စတင်ခေါ်ယူစဉ်မှပင် လုပ်သားတစ်ဦးစီ၏ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှု (Psycho Test) များဖြင့် ခေါ်ယူခဲ့သည့် ဖြစ်စဉ်များ ယခင်က ရှိခဲ့သည်ဟု သိရှိရသည်။

ယခုနောက်ပိုင်းတွင် အများဆုံး ကြုံတွေ့လာရသည့် စိတ်ရောဂါမှာ လူမှုဘ၀၌ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများ ရှိလာခြင်းမှ စိတ်ဖိစီးမှုဖြစ်ကာ စိတ်ကျရောဂါ ဖြစ်လာရခြင်း ဖြစ်ကြောင်း စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးက ဆိုပါသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။