အိမ်ဖော်အဖြစ် အလုပ်လုပ်ခဲ့ပြီး ရင်းဂစ် ၄၀၀ နီးပါး ရသော လုပ်အားခဟာ ဆင်းရဲနွမ်းပါးတဲ့ သူတို့ မိသားစု အသက်ရှင် နေထိုင်ရေး အတွက် လုံလောက်ပါပြီ။
မိသားစု သက်တောင့်သက်သာ နေထိုင်နိုင်ဖို့ နဲ့ ကလေး လေးယောက် ပညာသင်ခွင့်ရဖို့ ကျွန်မ တက်နိုင်သလောက် လစဉ် ငွေလွှဲပေးခဲ့ပါတယ်။ ကျွန်မ အသက် ၄၅ နှစ် ရှိပါပြီ။
နိုင်ငံခြားသား အလုပ်သမားများ အပေါ် မှီခိုနေရသောနှုန်း မြင့်မားလာခြင်း၏ အဓိက အကြောင်းရင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ချင်သောကြောင့် ပင်ဖြစ်သည်။
နော်ဇာဟီဒီ အာလီ (Nor Zahidi Alias)
ဆူတီမာ ဟာ အခုဆိုရင် မလေးရှား နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် (Permanent Resident) ရထားပြီး သန့်ရှင်းရေး လုပ်သား တယောက်အဖြစ် အလုပ်လုပ်နေဆဲပါ။ သူမ ယောက်ျား လေဖြတ်သွားပြီး နောက်ပိုင်း
လုပ်အားခ လခ ရင်းဂစ် ၁၀၀၀ ထဲမှ လစဉ်လွှဲပေးနေကျထက် ပိုပြီး ငွေလွှဲပေးရပါတယ်။ မိသားစု တာဝန် ပိုကြီးသွားပြီး ငွေကြေး အခက်အခဲလည်း ပိုလို့ ကြပ်တည်းခဲ့ပါတယ်။ အင်ဒိုနီးရှားကို ပြန်ပြီး အလုပ်လုပ်ဖို့ ကျွန်မ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။ မိသားစု အတွက် လုံလောက်တဲ့ ငွေ ထောက်ပံ့ဖို့ အရမ်းခက်ခဲမှာ ဖြစ်လို့ မပြန်ဖြစ်ခဲ့ပါဘူး။
ဆူတီမာရဲ့ ဘ၀ ဖြတ်သန်းမှု ပုံရိပ်များဟာ အားလုံးကို ကိုယ်စား မပြုပေမဲ့လဲ မိမိနိုင်ငံကို စွန့်ခွာရပြီး တခြားနိုင်ငံမှာ အလုပ် သွားလုပ်ရတဲ့ အကြောင်းရင်းခံ တရပ်ပါဘဲ။ သူတို့၏ ရေကြည်ရာ မျက်နုရာ ရှာဖွေရတဲ့ အဓိက အကြောင်းရင်းက အလွန်ဆင်းရဲတဲ့ လူမှု အသိုင်းအ၀န်းထဲမှ ဘ၀ အဆင့်အတန်းမြင့်မားဖို့ရာ အခွင့်အရေး နည်းပါးခြင်း နဲ့ စီးပွားရေး ပြောလည်ဖို့က ဘယ်လိုမှ မပြောင်းလဲနိုင်တဲ့ အတွက်ကြောင့် ဖြစ်တယ်။
အခြေချသင့်တဲ့ နယ်မြေတခုလား
မလေးရှားနိုင်ငံထက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော တောင် အာရှ နှင့် အရှေ့တောင် အာရှနိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများဟာ နွားနို့ နဲ့ ပျားရည် စီးဆင်းနေတဲ့ နယ်မြေ တခုသကဲ့သို့ ထင်မြင်နေကြပါတယ်။
၁၉၉၉ခုနှစ်တွင် အရေအတွက် အတိအကျ မသိတဲ့ နိုင်ငံခြားသား အလုပ်သမား ငါးသိန်းနီးပါး ၀င်ရောက်လာခဲ့ပြီး ၂၀၀ဂ ခုနှစ်တွင် နိုင်ငံ၏ အလုပ်သမား အင်အား ၁၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသော နိုင်ငံခြားသား အလုပ်သမား ၂ သန်းထိ တိုးလာခဲ့တယ်လို့ တရားဝင် စာရင်းများတွင် ဖော်ပြထားပါတယ်။
၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန် အတွင်းမှာ နိုင်ငံခြားသား အလုပ်သမား အများအပြားကို နေရပ် ပြန်ပို့ခဲ့တာကြောင့် အခုဆိုရင် တရားဝင် စာရင်း အရ ၂ သန်းအောက်သာ ရှိလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ တရားဝင် မှတ်ပုံတင်ထားသော စာရင်းများအရ ၁.၈ သန်း ရှိတာဟာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပါတ်တွင် ၁.၉ သန်းမှ လျော့သွားတာ ဖြစ်ပါတယ်။
အမှန်တကယ် နေထိုင်နေသော ရွှေ့ပြောင်းအလုပ်သမား အရေအတွက်ဟာ တရားဝင် စာရင်းများထက် ၂ ဆခန့် ရှိနေတာကတော့ တကယ် အံ့သြစရာ ကောင်းတဲ့ အချက်ပါဘဲ။ နိုင်ငံခြားသား အလုပ်သမား အများစုဟာ နိုင်ငံအတွင်း တရား မ၀င် ၀င်ရောက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ နိုင်ငံခြားသား အလုပ်သမားများကို သုံးရတဲ့ အဓိက အကြောင်းရင်းတခုကတော့ မလေးရှားအတွက် အကျိုးအမြတ် များစွာ ရနေလို့ပါ။ စက်မှုဖွံဖြိုးပြီး နိုင်ငံ အများစုမှာလဲ ဒီလိုပါဘဲ။ စီးပွားရေး အရ အမြတ်စွန်းများစွာရနေခြင်း၊ နိုင်ငံရေး တည်ငြိမ်နေခြင်းတို့နဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။
အဲဒါဆိုရင် မလေး လူမျိုးတွေ၏ စီးပွားရေးကို အကျိုးဖြစ်ထွန်းစေမှာလား ဒါမှမဟုတ် ဒုက္ခဖြစ်စေ မှာလား? စီးပွာရေး ပညာရှင်တယောက်၏ သုံးသပ်ချက်အရ နှစ်မျိုးလုံး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့၏ လုပ်ငန်းတွေ တိုးတက်ဖို့ အတွက် နိုင်ငံခြားသား အလုပ်သမားတွေ လိုအပ်တယ်ဆိုတာ ပြောစရာမလိုပါဘူး အထူးသဖြင့် အလုပ်သမား ရှားပါးတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လိုအပ်ပါတယ်လို့ ကုန်သည်ကြီးများ အသင်း၏ ဒုတိယ ဥက္ကဌ မိုဟာမက် ဂျက်ဖာ အဘ်ဒူလာ မာဂျစ်က (Mohd Jafar Abdul Majid) ပြောကြားလိုက်ပါတယ်။
ကျွမ်းကျင်မှု မရှိတဲ့ သို့မဟုတ် ကျွမ်းကျင်မှု နည်းတဲ့ နိုင်ငံခြားသား အလုပ်သမားတွေဟာ ကျွန်တော်တို့၏ စီးပွားရေးလုပ်ငန်းတွေမှာ တဖြည်းဖြည်း လွှမ်းမိုးလာတဲ့ အတွက် ကျွန်တော်တို့ မျှော်လင့်ထားတဲ့ မလေးရှားဟာ စီးပွားရေး ဖွံဖြိုးမှု အမြင့်ဆုံး နိုင်ငံ တနိုင်ငံ ဖြစ်လာမယ် မထင်ပါဘူး။ ကျွန်တော်တို့ဟာ ဒီနိုင်ငံခြားသားတွေ အပေါ် မှီခိုလာတာ အတော်ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ခု လောက်ကတည်းက ကျွမ်းကျင်မှု မရှိတဲ့ သို့မဟုတ် ကျွမ်းကျင်မှု နည်းတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ နိုင်ငံထဲကို ၀င်ရောက်လာတဲ့ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။
ဘယ်လို ကဏ္ဍတွေလဲ
ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ၂၀၁၀/၂၀၁၁ခုနှစ် စီးပွားရေး မှတ်တမ်းအရ မလေးရှားနိုင်ငံ အတွင်း တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံခြားသား အလုပ်သမား ဦးရေ ၁.၈ သန်း ရှိတယ်လို့ ဖော်ပြထားပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၃၈.၂၀ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ၁၆ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ၁၄.၂၀ ရာခိုင်နှုန်း ရှိတယ်လို့ စာရင်းပြုစုထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ နှင့် ဘာသာစကားမှာ မလေးရှားနဲ့ အတူတူဖြစ်နေတဲ့ အပြင် နယ်နမိတ်ချင်းလဲ နီးကပ်မှု ရှိနေသောကြောင့် အများဆုံး နိုင်ငံခြားသား အလုပ်သမားများမှာ အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်ပြီး တရားဝင် မှတ်ပုံတင် ထားသော စာရင်းများ အရ ၅၀.၉၀ ရာခိုင်နှုန်း၊ ဒုတိယ အများဆုံး မှတ်ပုံတင်ထားသော အခြား နိုင်ငံခြားသား အလုပ်သမားများမှာ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁ရ ရာခိုင်နှုန်း၊ အဲဒီနောက် နီပေါနိုင်ငံသား ၉.၇ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသား ၇.ဂ၀ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံသား ၆.၃၀ ရာခိုင်နှုန်းနှင့် ဗီယက်နမ် နိုင်ငံသား ၄.၂ ရာခိုင်နှုန်း ရှိပါသည်။
နိုင်ငံခြားသား အလုပ်သမားများ အပေါ် မှီခိုနှုန်း မြင့်မားနေတာဟာ မလေးရှားနိုင်ငံမှာဘဲ ရှိတဲ့ ထူးခြားချက်တခု မဟုတ်ပါဘူးလို့ အရည်အသွေး စံနှုန်း သတ်မှတ်ပေးသော (Malaysian Rating Corp) Bhd ကုမ္မဏီ၏ ရာထူးအမြင့်ဆုံး စီးပွားရေး ပညာရှင် နော်ဇာဟီဒီ အာလီ (Nor Zahidi Alias) ရှင်းပြပါတယ်။ ဖွံဖြိုးမှု မြင့်မားတဲ့ စင်္ကာပူ၊ ယူအေအီး၊ ဆောဒီအာရေး ဗီးယား လို နိုင်ငံတွေ တောင်မှ နိုင်ငံခြားသား အလုပ်သမားတွေ အပေါ် မှီခိုနေရတာဘဲ။ မှီခိုနေရသောနှုန်း မြင့်မားလာခြင်း၏ အဓိက အကြောင်းရင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ချင်လို့ပါ။ အကြမ်းဖျင်းအားဖြင့် စီးပွားရေးဖွံဖြိုးတိုးတက်လာမှုနှင့် အတူ လူနေမှု အဆင့််အတန်း မြင့်မားလာခြင်း၊ ပညာရည် အဆင့်အတန်းမြင့်မားလာခြင်း တို့သည်လည်း တခုပြီး တခု ယှဉ်တွဲ လာတဲ့အတွက် နိုင်ငံသားများဟာ 3D လို့ခေါ်တဲ့ ညစ်ပါတ်တဲ့၊ နိမ့်ကျတဲ့၊ အသက် အန္တာရာယ် ရှိတဲ့ အလုပ် (Dirty, Demeaning, Dangerous) တွေကို ရွံရှာလာခဲ့ကြပါတယ်။ ယင်းကဏ္ဍတွေ အတွက် မကျွမ်းကျင်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေ နဲ့ အစားထိုး ပါတယ်။ ဆယ်စုနှစ် ၂ခု အတွင်း ခိုင်မာတဲ့ စီးပွားရေး တိုးတက်မှုတွေ ရှိခဲ့တာဟာ လူနေမှု အဆင့်အတန်းပိုမြင့်မားလာခြင်း နှင့် စာတက် ပေတက်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေး လျင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ ရင်းနှီးမြှပ်နှံမှုတွေကနေ အလုပ်အကိုင်တွေလဲ ပေါများလာခဲ့ပါတယ်။
မှားယွင်းတဲ့ ယန္တယား
၁၉၈၀ ခုနှစ်ကတည်းက နိုင်ငံခြားပို့ကုန်ကို အခြေပြုတဲ့ ကုန်ထုတ်လုပ်ငန်းများ အထူးသဖြင့် လျှပ်စစ်ပစ္စည်းများ၊ အီလက်ထရောနစ် အပို ပစ္စည်းများကို အမြောက်အများ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် အတွင်း နိုင်ငံခြားသား အလုပ်သမားတွေကြောင့် ပို့ကုန် တိုးမြှင့်လာတဲ့အတွက် အစိုးရအနေနဲ့ ဈေးသက်သာတဲ့ အလုပ်သမား အရင်းအမြစ်အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အစိုးရအနေနဲ့ လက်ခံခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတည်းက ပြည်တွင်း ကုန်ထုတ်လုပ်ငန်းရှင်တွေကလည်း ဈေးပေါတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုပြီး သဘောကျလာခဲ့ပါတယ်။
နိုင်ငံ၏ တိုးတက်မှုမြန်ဆန်တဲ့ ယန္တယားဖြစ်တဲ့ အောက်ခြေလုပ်ငန်းတွေမှာ ရွှေ့ပြောင်း အလုပ်သမားတွေကို အသုံးပြုလေ့ရှိသည်။ နိုင်ငံခြားသား အလုပ်သမား အမြောက်အများဝင်ရောက်လာတာဟာ မှန်ကန်တဲ့ ပြောင်းလဲမှု ဟုတ်မဟုတ်ဆိုတာကို စီးပွားရေး ပညာရှင်တွေက မေးခွန်းထုတ်လာခဲ့ပါတယ်။ တချို့ စီးပွားရေး ပညာရှင်များကတော့ မှားယွင်းတဲ့ ယန္တယားလို့ ပြောကြပါတယ်။
အရင်တုန်းက ဈေးပေါတဲ့ နိုင်ငံခြားသား အလုပ်သမားများကို အလွယ်တကူ ၀င်ရောက်ခွင့်ပေးခဲ့တာဟာ မလေးရှားနိုင်ငံသားတွေ၏ ၀င်ငွေကို အလယ်အလတ် အဆင့်သာ ရစေခဲ့တဲ့ အဓိက မှားယွင်းမှုဘဲလို့ မလေးရှား စီးပွားရေး သုတေသန အဖွဲ့မှ ပရောဖက်ဆာ ဒါတွတ် ဒေါက်တာ မိုဟာမက် အာရိဖ် (Datuk Dr. Mohamed Ariff)က ပြောကြားပါတယ်။
တကယ့်ကို လုပ်အားခ နည်းတဲ့ စနစ်ပေါ် အခြေခံထားတဲ့ တိုင်းပြည်၏ ဈေးကွက် စီးပွားရေးကို ထိန်းသိမ်းမှု လုပ်ရတာဟာ ရေတိုစီမံကိန်းသဖွယ်ပါဘဲ။ မလေးရှား အနေနဲ့ နိုင်ငံခြားသား အလုပ်သမား အများအပြား ၀င်ရောက်မှုကို လက်မခံခဲ့ဘူးဆိုရင် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းရှင်များဟာလည်း သူတို့၏ ဈေးကွက် အတွက် အလိုအလျာက်စနစ်သုံးပြီး ကုန်ထုတ်လုပ်ကြမယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ထွန်း လာနိုင်မှာပါ။ ဈေးပေါတဲ့ နိုင်ငံခြားသား အလုပ်သမားများ အပေါ် အမြဲတမ်း မှီခိုနေခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးကို ဆွဲချနေသလိုပါဘဲ ဘာဖြစ်လို့လဲဆိုရင် ပြည်တွင်း လုပ်ငန်းများက စက်ပစ္စည်း ယန္တယားကို အခြေပြုပြီး မထုတ်လုပ်နိုင်တဲ့အတွက် ကမ္ဘာ့ဘဏ်ကသတ်မှတ်ထားတဲ့ ဈေးနှုန်းကို မရနိုင်ဘူးလို့ စီးပွားရေး ပညာရှင်များက ၀န်ခံကြပါတယ်။
နိုင်ငံအတွင်း ကျွမ်းကျင်မှု မရှိတဲ့ သို့မဟုတ် ကျွမ်းကျင်မှု နည်းတဲ့ နိုင်ငံခြားသား အလုပ်သမားတွေများပြားလာတဲ့ အတွက် ကူးစက်နိုင်တဲ့ ရောဂါတွေ များလာပြီး နိုင်ငံရဲ့ လုံခြုံရေးကိုပါ စိုးရိမ်နေရပါပြီ။ နိုင်ငံခြားသား အလုပ်သမားတွေ အတွက် ဆေးကုသမှုနဲ့ လောင်စာဆီ အစရှိတဲ့ အခွင့်အရေးတွေ ရနိုင်ဖို့ အတွက် အစိုးရအနေနဲ့ ဘဏ္ဍာရေးဘက်မှာ ဖိအားတွေ ကြုံရနိုင်တယ်။
နိုင်ငံခြားသား အလုပ်သမားတွေကို အလွန်အမင်း အားထားမှုရဲ့နောက်မှာ မကောင်းတဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်။ ဒါကြောင့် အစိုးရကနေပြီးတော့ သူတို့အပေါ် မှီခိုနေမှုကို ဘယ်လို လျှော့ချရမလဲ ဆိုတဲ့ နည်းလမ်းကို ရှာဖွေနေခြင်း ဖြစ်သည်။ ထုတ်ကုန်ကဏ္ဍ နှေးကွေးနေတဲ့ အပေါ် မြန်မြန် အစားပြန်ထိုးဖို့ ဆိုတာလဲ မဖြစ်နိုင်သေးတဲ့ အတွက် ရှောင်လွှဲလို့မရတဲ့ စီးပွားရေး တန့်ဆိုင်းမှုများ၊ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ချင်ရင်တော့ စက်မှု လုပ်ငန်းတွေ အမြန် တိုးတက် လာအောင် အားပေးရမယ်၊ ဒါမှ အလုပ်သမားတွေ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ကျွမ်းကျင် ပညာရှင်
မလေးရှားနိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံခြားသား အလုပ်သမား အားလုံးဟာ ကျွမ်းကျင်မှု မရှိဘူးလို့ မပြောလိုပါဘူး။ အနည်းအကျဉ်းတော့ ရှိပြီးသားပါ။ ကျွမ်းကျင်တဲ့ အတက်ပညာရှင် အနည်းစုသာ နိုင်ငံ၏ ထုတ်လုပ်မှု အပိုင်းနှင့် ဈေးကွက်ယှဉ်ပြိုင်မှုတွေကို ပါဝင်ဆောင်ရွက်ပေးနေကြတာပါ။ နိုင်ငံခြားသား ကျွမ်းကျင် ပညာရှင်များ၏ အခန်းကဏ္ဍကိုလည်း ထဲ့သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ သူတို့ တက်ကျွမ်းထားတဲ့ အသိပညာ အတက်ပညာ များက နိုင်ငံသားတွေ အပေါ် အကျိုးများစေလို့ပါ။
၂၀၁၀/၂၀၁၁ခုနှစ် စီးပွားရေး မှတ်တမ်းအရ နိုင်ငံခြားသား အလုပ်သမား အရေအတွက်၏ ၂ ရာနှုန်းမျှသာ ရှိသော ကျွမ်းကျင် ပညာရှင် ၃၁၃၇၁ဦး သည် ၀န်ဆောင်မှု ကဏ္ဍတွင် ၆၄ ရာခိုင်နှုန်း၊ ထုတ်လုပ်မှု ကဏ္ဍတွင် ၂၂.၂၀ ရာခိုင်နှုန်း နှင့် အများစုကတော့ အိန္ဒိယလူမျိုး ၁၇.၈၀ ရာခိုင်နှုန်း၊ တရုတ်လူမျိုး ၁၀.၂၀ ရာခိုင်နှုန်း နှင့် ဂျပန်လူမျိုး ၇ ရာခိုင်နှုန်း ရှိသည်ဟု စာရင်းများ အရ သိရပါသည်။
စိန်ခေါ်မှု တခု
မလေးရှား အစိုးရမှ ကျွမ်းကျင်မှု နည်းပါတဲ့ အလုပ်သမား လျှော့ချရေး အစီအစဉ်ကို အကောင်အထည် ဖော်နေပါပြီ။ လာမဲ့ ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားသား အလုပ်သမား ဦးရေး အား ၁.၅ သန်း သာ ရှိရမည်လို့ သတ်မှတ်လိုက်တာဟာ စီးပွားရေးအရ အသွင်ကူးပြောင်းရန် ကြီးမားတဲ့ စိန်ခေါ်မှု တရပ်ပါဘဲ။
Source by : http://www।thuriyanews.com/
0 comments:
Post a Comment