Home » , » "The Lady" Director Luc Besson ၏ အလွဲများ

"The Lady" Director Luc Besson ၏ အလွဲများ

Written By မောင်စေတနာ on Sunday, February 5, 2012 | 5:30:00 AM



ယမန်နေ့က ဟောင်ကောင်တွင် ပြုလုပ်သော The Lady ရုပ်ရှင် အကြောင်း သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ပြင်သစ် ဒါရိုက်တာ Luc Besson နှင့် မလေးရှား မင်းသမီး Michelle Yeoh (ဓာတ်ပုံ - AP)

တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ “The Lady” ဇာတ်ကား ပထမဆုံးစပြခဲ့စဉ်က ကမ္ဘာကျော် ဂါးဒီးယန်းသတင်းစာကြီးက ကြယ်တစ်ပွင့်ပဲ အမှတ်ပေးခဲ့ပြီးအညံ့ဆုံး ဇာတ်ကား သုံးကားထဲ စာရင်းသွင်းခဲ့သည့်အပေါ် အတော် ဘ၀င်မကျဖြစ်ခဲ့ဖူးသည်။

တစ်ကယ်တမ်း ထိုင်းနိုင်ငံမှာ နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင်ကြည့်ရတော့မှ ဂါးဒီးယန်းသတင်းစာက ရုပ်ရှင် ဝေဖန်ရေးဆောင်းပါးရေးသူ Damon Wise အလွန်မဟုတ်ပဲ ရိုက်ကူးသူပြင်သစ်ဒါရိုက်တာ Luc Besson ၏အလွန်သာဖြစ်ကြောင်းသိရတော့သည်။

မည်သို့ပင်ဖြစ်စေ Michelle Yeoh ၏ သရုပ်ဆောင်ခြင်းအနုပညာကိုတော့ အသိအမှတ်မပြုပဲမနေနိုင်ချေ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာမျက်ဝါးထင်ထင်မြင်ဖူးနေသည့်ကြားမှ Michelle Yeoh ရုပ်ပျောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲ ဇာတ်ကားထဲပါဝင်နေသလို မကြာခဏ ထင်ယောင်ထင်မှားဖြစ်မိသည်။

ရင်ကိုဖွင့်မျက်နှာကိုချီကာလမ်းလျှောက်သည့်ဟန်၊ ပြုံးဟန်၊ စကားပြောဟန်၊ လက်ပြဟန်တို့ကို ဒေါ်စုမှဒေါ်စုဖြစ်နေအောင် နာရီပေါင်း ၂၀၀ ကျော်ကြာအောင်ကြည့်ကာလေ့ကျင့်ထားခဲ့သည်ဟု ဟွာဟင်းရုပ်ရှင်ပွဲတော်တွင် Michelle Yeoh ကို ပရိသတ်နှင့်မိတ်ဆက်ပေးခဲ့သည့် ထိုင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောခဲ့သည်။

မိုက်ကယ် အဲရစ်နှင့်သား နှစ်ယောက်နေရာတွင် သရုပ်ဆောင်သည့်သူများကလည်း သူ့ဇာတ်ရုပ်နှင့်သူ အံဝင်ခွင်ကျ သရုပ်ဆောင်ထားကြသည့်အတွက် ရုပ်ရှင်ထဲတွင် သူတို့မိသားစုလေးကို စုစု ဝေးဝေး တွေ့ခွင့်ရသည်မှာကြည်နူးဖွယ်ပင်။

ဒါရိုက်တာ Luc Besson ၏အလွဲများကိုတော့ စဖွင့်ထားသည့်ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံသည့်အခန်းမှာပင် စတွေ့ခဲ့ရသည်။ ပစ္စတိုနှင့်သူ့နဖူးတည့်တည့်ကိုချိန်ထားသည့်သေနတ်သမားကို နည်းနည်းလေးမှမဟန့်တားပဲ မတုန်မလှုပ် မျက်စိစုံမှိတ်ပြီးငြိမ်ခံနေသည့် ဗိုလ်ချုပ် အောင်ဆန်း၏ရုပ်ပုံလွှာက ငယ်ငယ်ကတည်းက အကြိမ်ကြိမ်ဖတ်ခဲ့ရဖူးသည့် အတွင်းဝန်ရုံးတွင် ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည့်မြင်ကွင်းနှင့် အတော်ကြီးခြား နားလှသည်။

ဗိုလ်ချုပ်အောင်ဆန်း နေရာတွင်သရုပ်ဆောင်သည့် ဇော်ဇော်က “ဗိုလ်ချုပ်သေတာဒီပုံစံမဟုတ်ဖူးဆိုတာ ကျွန်တော်သိပြီးသားလေ။ ပစ္စတိုနဲ့ပစ်တာလည်းမဟုတ်ဖူး၊ အစည်းအဝေးခန်းမပုံစံ မှားနေတယ် ဆိုတာလည်းထောက်ပြတယ်။ ဒါပေမယ့် ဒါရိုက်တာက ဒီပုံစံပဲလုပ်ချင်တယ်ဆိုလို့ သူတို့ခိုင်းတဲ့ အတိုင်းပဲ လုပ်ရတာ” ဟုရုပ်ရှင်အပြီးတွင်ရှင်းပြခဲ့သည်။

NLD ပါတီဝင်တစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့သည့် ဦးသိန်းဝင်းက “အဲဒီလောက်တော့လွဲဖို့ မကောင်းဘူး ထင်တယ်ဗျ၊ ကျွန်တော်လည်းအဲဒီအခန်းမှာမပါတော့ အကြံမပေးနိုင်ခဲ့ဘူး” ဟုဆိုသည်။

ဦးသိန်းဝင်းအနေနှင့် သူပါဝင်ခွင့်ရခဲ့သည့်အခန်းများတွင်အချို့မှားယွင်းချက်များကို ထောက်ပြခဲ့သော်လည်း ရိုက်ကူးရေးတည်ထားပြီးသည့်အခန်းများကိုတော့ပြင်ဆင်မပေးခဲ့ပေ။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ခေါင်းစည်းမှာ လုံးကြီးတင်ပြုတ်နေလို့ ရိုက်ကာနီးမှာပြေးပြီး သွားပြောသေးတယ်ဗျ၊ ဒါပေမယ့် ရှုတင်တည်ထားပြီးသားမို့ပြင်မပေးနိုင်တော့ဘူးဆိုပြီး ဆက်ရိုက်သွားတယ်ဗျ”။

အလုပ်ကြံမခံရမီ မိသားစုနှင့်အတူ ဗိုလ်ချုပ်နောက်ဆုံးနေခဲ့သည့်အိမ်သည် တာဝါလိန်းအိမ်ဖြစ်သည်။ သို့ပေမယ့် ဗိုလ်ချုပ်တစ်ခါမှမနေထိုင်ခဲ့ဖူးသည့် အမှတ်၅၄ တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို နောက်ဆုံးနေခဲ့သည့်အိမ်အဖြစ် ရုပ်ရှင်ထဲတွင်ထည့်ထားခဲ့သည်။

၁၉၄၇ခု ဇူလိုင် ၁၉ ရက်နေ့က ဗိုလ်ချုပ်သမီးအောင်ဆန်းစုကြည် အိပ်မောကျကျန်ရစ်ခဲ့သော တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ရေကန်အစပ်က သစ်သားပက်လက်ကုလားထိုင်မှာ နောက်ထပ် အနှစ် ၄၁နှစ်အကြာ ၁၉၈၈ခုနှစ်တွင် မိခင်မကျန်းမာ၍ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်ရောက်လာသည်အထိ နေရာမှာပင် မဆွေးမမြေ့သည်အတိုင်းရှိနေဆဲ…။

ရွှေတိဂုံအနောက်မုဋ်တွင်ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးမိန့်ခွန်းကို မင်းသမီး Michelle Yeohက ကြိုးစားပမ်းစားလေ့ကျင့်ကာ ဗမာလိုပြောကြားခဲ့သော်လည်း တရုပ်သံပေါက်နေခဲ့သည်။

ဇာတ်ကောင်များ ရွေးခြယ်ထားရာတွင် မိုက်ကယ်အဲရစ်နှင့် သားနှစ်ယောက်နေရာတွင် သရုပ်ဆောင်သည့် သူများကို ရုပ်ရည်ခြင်း အတော်လေး ဆင်တူသူများကိုရွေးချယ်ထားသော်လည်း တစ်နိုင်ငံလုံးက ချစ်ခင်မြတ်နိုးကြသည့် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နေရာတွင် တရုပ်အမျိုးသမီးကြီး တစ်ယောက်ကို ထည့်ထား သည်ကတော့ အတော်ကြီးလွဲနေခဲ့သည်။

အခြားအခြားသော အမှားသေးသေးမွှားမွှားတွေဟာ နိုင်ငံတကာ ရုပ်ရှင်ပရိသတ်တွေအတွက် မပြော ပလောက်ပေမယ့် သမိုင်းကို သိနေသည့် မြန်မာပရိသတ်အတွက်တော့ သိသာလှသည်။ ဗမာအလံတွေ ဇောက်ထိုးဖြစ်နေတာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဆိုသည့် စကားလုံးက “အမျူးသားဒီမိုက ရေစီအဖွဲ့ချုပ်”ဖြစ်နေတာ၊ ၈၈အရေးအခင်းပြကွက်တွင် ကျောင်းဝတ်စုံဟာအဖြူအစိမ်းမဟုတ်ပဲ အဖြူ အပြာဖြစ်နေတာ၊ ဇာတ်ကားထဲက ဗမာစစ်ဗိုလ်ချုပ်တွေနဲ့ ထောက်လှမ်းရေးတွေဟာ အာဏရှင်မဆန်ပဲ အတော်လေး ပေါကြောင်ကြောင်နိုင်နေတာ…

ဇာတ်ကားကို ဒေါ်အောင်ဆန်းစုကြည်ပါဝင်သည့် ဗမာပြည်ဖက်အခြမ်းနှင့် ဒေါက်တာ မိုက်ကယ်အဲရစ်(စ)ပါဝင်သည့် နိုင်ငံရပ်ခြား တွင်ရိုက်ကူးသည့်အခြမ်းဟူ၍ အနည်းဆုံး နှစ်ပိုင်းခွဲကြည့်လျှင်ပင်၊ ဗမာပြည်ဖက် အခြမ်းမှ စစ်ဗိုလ်ချုပ်များ ပါဝင်သည့်အခန်းများမှာ “တောပြဇာတ်”တစ်ခုကိုကြည့် နေရသကဲ့သို့ညံ့ဖျင်းလှသည်ဟု ဒါရိုက်တာ မင်းထင် ကိုကိုကြီးက သုံးသပ်ခဲ့သည်။

ဒေါ်စုခြံထဲကို စစ်သားများ ပထမဆုံးအကြိမ် ၀င်ရောက်စီးနင်းသည့် အခန်းကိုပြရာတွင် လည်းကျောင်းသားခေါင်းဆောင် တစ်ယောက်လက်ထဲတွင် သေနတ်ရှိနေခြင်းသည် သမိုင်းအချက် အလက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်သွားနေသည့် အကြမ်းမဖက်ရေးလမ်းစဉ်အရရော အတော်လေး မှားယွင်းနေခဲ့၏။

ဇာတ်ကားထဲတွင် မည်သည့် ဘာသာစကားကို ပင်မထား၍ပြောဆိုမည်ဆိုသည့်ကိစ္စကို Luc Besson အနေနှင့်တိတိကျကျသတ်မှတ်ခဲ့ပုံမပေါ်ချေ။ ဒေါ်အောင်ဆန်းစုကြည်နေရာတွင် သရုပ်ဆောင်သည့် Michelle Yeoh က နေရာအတော်များများတွင် ဗမာမိန့်ခွန်းကို တရုပ်သံနှင့်ပြောလိုက်၊ ဗမာစစ်သားကို အင်္ဂလိပ်လို “Can you speak English” ဟုမေးလိုမေး၊ NLD ပါတီအဖွဲ့ဝင်များ ကျောင်းသားများနှင့်လည်း ဗမာလိုပြောလိုက် အင်္ဂလိပ်လို ပြောလိုက်နှင့် ဘာသာစုံဖြစ်နေခဲ့သည်။

ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ်နှင့် ပါတီဝင် များရှေ့ပါမရှောင် နမ်းရှုံ့နေသည့် အခန်းများကတော့ပြင်သစ် ဆန်လွန်းလှသည်ဟု ဆိုရလေမည်လား။ သေချာသည်ကတော့ တွေ့ခဲ့ဖူးသမျှ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများထဲတွင်ထိုကဲ့သို့သောပုံမျိုးတစ်ပုံမှ ယနေ့အချိန်ထိ မရှိခဲ့ဖူးပေ။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေနေရာတွင်ပါဝင်ခဲ့သည့်သရုပ်ဆောင်ဦးအဂ္ဂ ကတော့ “ကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို တော်တော်စိတ်ပျက်သွားတယ်။ လွဲနေတာတွေကတော့ အများကြီးပဲလေ။ နောက်ဆုံးအခန်းမှာ ဒေါ်စုက ဘုန်းကြီးတွေထက်အမြင့်မှာ ရှိနေတာမျိုးတွေပေါ့၊ ဒါပေမယ့် ကိုယ်ပြောလည်း သူတို့ပြင်တာမှမဟုတ်တာ” ဟုပြောဆိုခဲ့သည်။

ဦးသိန်းဝင်း ကတော့ သမိုင်းနောက်ခံ အမှားအယွင်းများဖြစ်ခဲ့ရခြင်းနှင့်ပါတ်သက်ပြီး “ငါတို့မှာတော့ တာဝန်ရှိနေမလားမသိဘူးလို့တော့ ပြောမိပါသေးတယ်။ ဒါပေမယ့် ဒါဟာသမိုင်းမဟုတ်ဘူး၊ ရုပ်ရှင်အနေနဲ့ရိုက်တာ လို့ပဲခံယူလိုက်ရတာပါပဲ” ဟုဆိုခဲ့သည်။

“ဒီလိုကားမျိုးမှာ consultant က အရမ်း အရေးကြီးပါတယ်။ consultant ဘယ်သူလဲလို့ ကျွန်တော် မေးသေးတယ်ဗျ။ ဘန်ကောက်တက္ကသိုလ်တစ်ခုမှာ တက်နေတဲ့ တိုင်းရင်းသူ တစ်ယောက်လို့ပြောတာပဲ” ဟုပြောခဲ့သည်။

ရုပ်ရှင်အပြီး စာတမ်းထိုးရာတွင် Consultant ဟူသည့် အသုံးအနှုန်းကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သည့် အတွက် သမိုင်းဆိုင်ရာ အချက်အလက် အမှားအယွင်းများနှင့်ပါတ်သက်၍ တာဝန်အရှိဆုံးက ဒါရိုက်တာ Luc Besson သာဖြစ်ကြောင်း ထင်ရှားနေခဲ့လေသည်။

Source by :Yangon Press International
မွန်မွန်မြတ်ရေးသားသည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။