Home » , » ကမ္ဘောဒီးယား နိုင်ငံခြားခရီးသွားလုပ်ငန်းကြောင့် တက္ကသိုလ်များ တိုးတက်

ကမ္ဘောဒီးယား နိုင်ငံခြားခရီးသွားလုပ်ငန်းကြောင့် တက္ကသိုလ်များ တိုးတက်

Written By မောင်စေတနာ on Thursday, January 26, 2012 | 7:44:00 PM



ကမ္ဘောဒီးယားက ရှေးဟောင်း အန်ကာဝတ် ဘုရာကျောင်းဆီကို နိုင်ငံခြားဧည့်သည်တွေ နှစ်စဉ်သန်းချီပြီး လာရောက်ကြပါတယ်။ အရင် အဲဒီ ဘုရားကျောင်းရှိတဲ့ နေရာတွေဟာ ကျေးလက်တောရွာကလေးတွေသာ ဖြစ်ပြီး၊ အခု ဟိုတယ်ပေါင်းများစွာနဲ့ ကော်စမိုပိုလီတန်မြို့ကြီးဖြစ်အောင် ပြောင်းလဲဖို့ လုပ်ဆောင်နေပါတယ်။

တိုရစ်ဇင်လုပ်ငန်း ဆန်းပွင့်မှုအပြင် မျှော်မှန်းမထားတွေကိုလည်း နိုင်ငံခြားခရီးသည်တွေ တွေ့မြင်ကြရပါတယ်။ အရင်က အန်ကာဝတ်ရှိတဲ့ ဆီယမ်ရိမြို့မှာ တက္ကသိုလ်ဆိုတာ စိတ်ကူးလို့တောင် မရပါဘူး။ အခု အဲဒီမှာ မြို့တော် ဖနွမ်းပင် ပြီးရင် ကမ္ဘောဒီယားရဲ့ ဒုတိယ အကြီးဆုံး အဆင့်မြင့်ပညာရေး ဗဟိုချက်ဖြစ်အောင် တည်ဆောက် နေပါတယ်။

ဆီယမ်ရိပြည်နယ်ဝန်းကျင်မှ ဆင်းရတဲ့ လယ်သမားတွေရဲ့ သားသမီးတွေက ဧည့်လမ်းညွှန်တွေ၊ ဟိုတယ်ဧည့်ကြိုတွေ၊ ဘားဆိုင် စားပွဲထိုးတွေ လုပ်ကြပါတယ်။ အလုပ်ပြီးတာနဲ့ ညပိုင်းမှာ သူတို့ အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား ဘာသာစကားတွေ၊ စာရင်းကိုင်နဲ့ စီမံခန့်ခွဲမှုဘာသာရပ်တွေ လေ့လာကြပါတယ်။

အသက် ၃၁ နှစ်ရှိ ဧည့်လမ်းညွန် Hem Sophon က “တက္ကသိုလ်တက်ဖို့ဆိုတာ အရင်က ကျမ ဘယ်လိုမှ စိတ်မကူးဖူးဘူး၊ အခု မာစတာဘွဲ့အတွက် လုပ်နေတယ်၊ ဒီမှာ အများကြီး ပြောင်းလဲသွားပြီ၊ လူငယ်တွေ အတွက် အခွင့်အလမ်းတွေ အရမ်းများလာတယ်” လို့ ပြောပါတယ်။

ကမ္ဘောဒီးယားဟာ အာရှမှာ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး၊ ခမာနီ အစိုးရ အုပ်ချုပ်မှုအောက်မှာ လူ ၁ သန်းခွဲကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီအရိပ်အမည်းကို ကုစားဖို့အတွက် ဟွန်ဆန်အစိုးရက အခုနောက်ပိုင်း ပညာရေးနဲ့ ဖွံ့ဖြိုရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်လာပါတယ်။

အန်ကာဝတ် ဘုရားကျောင်းရှိတဲ့ ဆီယမ်ရိမြို့မှာ ပုဂ္ဂလိက တက္ကသိုလ် ၅ ခု တည်ထောင်ခွင့်ပြုထားပါတယ်။ အရင်က အထက်တန်းကျောင်းတက်ဖို့တောင် အိပ်မက်မမက်နိုင်တဲ့ အလုပ်သမားတွေဟာ အခု နိုင်ငံတကာက လာဖွင့်တဲ့ တက္ကသိုလ်တွေမှာ ဘာသာရပ်ပေါင်းစုံကို အင်္ဂလိပ်စကားပြောပြီး သင်ယူနေကြပါတယ်။

အသက် ၂၆ နှစ်ရှိ Khim Borin ဆိုရင် နေ့မှာ တိုးဂိုက်လုပ်ပြီး ညမှာ ဥပဒေသင်တန်း တက်ပါတယ်။ သူက ရှေ့နေဖြစ်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ နေ့လည်နေပူကြဲတဲမှာ ဧည့်သည်တွေနဲ့ အသွားလွန်ပြီး၊ ညဖက် စာသင်ခန်းထဲမှာ စာသင်ရင်း တခါတလေ အိပ်မောကျသွားတတ်ပါတယ်။

“ကျနော် ရှေ့နေ ဖြစ်ချင်တယ်၊ တိုင်းပြည်က တိုးတက်လာတာနဲ့အမျှ ဥပဒေက အရမ်းအရေးကြီးလာတယ်။ ကျနော့် အတန်းဖော်တွေလည်း ပြောထားတယ်၊ ကျနော် အိပ်ပျော်သွားရင် လှုပ်နှိုးဖို့ပါ”

ဆီယမ်ရိမြို့က ပုဂ္ဂလိက တက္ကသိုလ် ငါးခုမှာ လက်ရှိ ကျောင်းသား ၁ သောင်းကျော် တက်နေပါတယ်။ နေ့လည်မှာတော့ တက္ကသိုလ် ပုရ၀ဏ်တွေက တိတ်ဆိတ်နေပြီး ညနေ နေ၀င်ဆည်းဆာချိန်ရောက်တာနဲ့ ကျောင်းသားတွေရဲ့ မော်တော်ဆိုင်ကယ်တွေ တ၀ီဝီနဲ့ ဆူညံနေပါတယ်။ တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၉၀ ရာခိုင်နှုန်းက နေ့ဖက်မှာ အချိန်ပြည့် အလုပ်လုပ်ကြသူတွေပါ။

၂၀၀၆ ခုနှစ်ကတည်းက စတင်ဖွင့်ထားတဲ့ University of South-East Asia မှာ ကျောင်းသူ/သား ၂၃၀၀ ရှိပါတယ်။ တစ်နှစ်တာ စာသင်နှစ်အတွက် သင်တန်းကြေး ဒေါ်လာ ၄၀၀ ပျမ်းမျှ ရှိပါတယ်။ ကျောင်သားတွေအနေနဲ့ မိဘရဲ့ အကူအညီ အနည်းငယ်ပဲ ယူရပါတယ်။ အခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကျူရှင်ကြေးတွေနဲ့ယှဉ်ရင် အစွန်အဖျားလေးပဲ ရှိတယ်လို့ ဒုပါမောက္ခချုပ် Rous Bunthy က ပြောပါတယ်။

Build Bright University မှာတော့ ကျောင်းသား/သူ ၅၀၀၀ ကျော်ပါတယ်။ အရည်အချင်းပြည့် ဆရာတွေ များတဲ့အတွက် ကျောင်းစရိတ် အနည်းငယ် ဈေးကြီးပါတယ်။ ဒါပေမဲ့ နိုင်ငံခြားဧည့်သည်တွေက ကျောင်းသားတွေရဲ့ ကျောင်းစရိတ်ကို ကူညီဖြေရှင်းပေးသွားကြတယ်လို့ ကျောင်းအုပ်ကြီး That Bunsay က ပြောပါတယ်။

ဆီယမ်ရိက တက္ကသိုလ် ငါးခုဟာ အမြတ်ယူတဲ့ ပုဂ္ဂလိကကျောင်းတွေ ဖြစ်ပေမဲ့၊ သင်ကြားရေး အရည်အသွေး မြှင့်တင်ဖို့ အမြဲပြိုင်ဆိုင်ကြပါတယ်။ ဧည့်လမ်းညွန်လုပ်ရင်း ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဘာသာရပ် မာစတာ တက်နေတဲ့ Hem Sophpoan ပြောတာက

“ဒီ တက္ကသိုလ်တွေက ကျောင်းသားလက်လှမ်းမီနိုင်မယ့် ငွေကြေးနဲ့ အရည်အသွေးမြင့်တဲ့ ပညာရေးကို ပေးနိုင်ဖို့ စဉ်းစားလုပ်ကြတယ်။ လူမှုရေးနဲ့ စီးပွားရေး ပူးတွဲလုပ်တဲ့ social business မျိုးပဲ။ နောက် လုပ်ငန်းကောင်းတဲ့ ကျောင်းသားတွေကို ကျောင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ရှယ်ယာပြန်ခေါ်တယ်”

မနှစ်က အန်ကာဝတ် ဘုရားကို နိုင်ငံခြားဧည့်သည် ၃.၃ သန်း လာရောက်ခဲ့တယ်လို့ ခရီးသွားလုပ်ငန်းဌာနက ကြေငြာပါတယ်။ နိုင်ငံခြားခရီးသွားလုပ်ငန်းနဲ့ အဆင့်မြင့်ပညာရေးကို ဆက်စပ်ပြီး တိုးတက်အောင် လုပ်နေတဲ့ ကမ္ဘောဒီးယား အစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယခုနောက်ပိုင်း ချီးကျူးလာကြပါတယ်။

ဝင့်ထန်း

Source: NY Times

Source by :http://www.maukkha.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။