Home » » နယ်စပ်ပိတ်သော်လည်း ဘီယာ ဆက်လက် စီးဆင်း

နယ်စပ်ပိတ်သော်လည်း ဘီယာ ဆက်လက် စီးဆင်း

Written By မောင်စေတနာ on Saturday, August 6, 2011 | 4:30:00 AM

http://www.irrawaddy.org/bur/images/stories/MMM_beer.jpg
ကြာသပတေးနေ့က ထိုင်းဘီယာများကို တင်ဆောင်ပြီး မဲဆောက်မြို့ အမှတ် ၂ လှေဆိပ်မှ မြ၀တီဘက်သို့ ထွက်ခွာသွားသည့် လှေတစီး (ဓာတ်ပုံ - ဧရာဝတီ)

တနှစ်ကျော်ကြာ ပိတ်ထားသည့် မြ၀တီ မဲဆောက် ကုန်သွယ်ရေး လမ်းကြောင်းမှ မြန်မာပြည်တွင်းသို့ အလုံးအရင်း တင်သွင်းနေသည့် ပစ္စည်းမှာ ထိုင်းဘီယာမျိုးစုံနှင့် အချိုရည်များ ဖြစ်နေသည်။

ထိုပစ္စည်းများမှာ လွန်ခဲ့သည့် ၁၈ နှစ်ကတည်းက တင်သွင်းခွင့် ပိတ်ပင်ထားသည့်ကုန်များ ဖြစ်သည်။ သို့သော်လည်း သံဘူးဘီယာမျိုးစုံ၊ ကျွဲရိုင်းတံဆိပ် အချိုရည်ဘူးတို့သည် ပြည်တွင်းဈေးကွက်အတွက် မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်းများ ဖြစ်သည်ဟု ကုန်သည်တို့ကဆိုသည်။

“ထိုင်းကလာတဲ့ဘီယာဆိုရင် ဈေး တက်တာ၊ ကျတာနဲ့ မဆိုင်ဘူး။ လာသမျှ ရောင်းလို့ မလောက်ဘူး။ ဘီယာတို့ ကျွဲရိုင်းဘူးတို့၊ အရက်တို့က မြန်မာပြည်မှာ ၁၂ လရာသီ ဈေးကွက်ရှိတယ်” ဟု ကရင်ပြည်နယ်၊ မြ၀တီမြို့မှ ကုန်သည်တဦးက ပြောသည်။

သူက ထိုင်းနိုင်ငံမှ အဖျော်ယမကာဘူးများကို ကုန်ကားတစီးစာ နေ့စဉ်လိုလို တင်သွင်းနေသူဖြစ်သည်။

ထို တားမြစ်ကုန်များ စစ်ဆေးရေးအဆင့်ဆင့်ကို ဖြတ်ပြီး ပြည်တွင်း ဈေးကွက်သို့ သွားရာတွင် ငွေလမ်းခင်းသွားရသည်ဟု ဆိုသည်။

“မြ၀တီကနေ ရန်ကုန်အထိ လမ်းခရီးမှာ ပေးရတဲ့ ဂိတ်ကြေးကလည်း ဘီယာတန်ဘိုးရဲ့ဆတူ နီးပါး ရှိတယ်” ဟု သူက ရှင်းပြသည်။

မြ၀တီ မဲဆောက် နယ်စပ် ကုန်သွယ်ရေးကို မြန်မာဘက်က ယမန်နှစ် ဇူလိုင်လကစ၍ ပိတ်ထားလိုက်သဖြင့် တရားဝင် ကုန်သွယ်ရေး ရပ်တန့်နေသည်မှာ ၁ နှစ် ကျော်ပြီ ဖြစ်သည်။ မြန်မာအာဏာပိုင်တို့က မည်သည့်အချိန်တွင်ပြန်ဖွင့်မည်ကို ကြေညာခြင်း မရှိသေးပေ။ ဤအတောအတွင်း နယ်စပ်ကုန်သွယ်မှုက မှောင်ခိုလုပ်ငန်း ဖြစ်နေသည်။

သောင်ရင်းမြစ်ပေါ်တွင် ဘီယာဘူးများ အပြည့်တင်ဆောင်ပြီး မြ၀တီဘက်သို့ သွားနေသည့် ကုန်တင်လှေများကို နေ့စဉ် မြင်တွေ့နေရသည်။

ထိုင်းဘက်ခြမ်းအမှတ် ၁ လှေဆိပ်မှ ထွက်ခွာသည့် ထိုင်းဘီယာမျိုးစုံမှာ တရက်လျှင် ဘူး ငါးသောင်း အထက်တွင် ရှိသည်ဟု ထိုလှေဆိပ်မှ မြန်မာပြည်သား စာရေးတဦးက ဧရာဝတီကို ပြောသည်။

အမှတ် ၂ လှေဆိပ်တွင်လည်း အလားတူ တွေ့ရသည်။

“ကျနော်တို့ အမှတ် ၂ လှေဆိပ် တခုတည်း တနေ့ကို အနည်းဆုံး ၁၀ ခေါက်လောက် သယ်ရတယ်။ ဒီလို ဘီယာ သယ်တဲ့ လှေဆိပ်မျိုးက ဒီတကြောမှာ ၁၀ ဂိတ်လောက် ရှိတယ်” ဟု ကုန်တင်စက်လှေ မောင်းသည့် ကိုဖိုးကုလားက ပြောသည်။

ယခုလဆန်းကစ၍ မဲဆောက်-မြ၀တီ ကုန်သွယ် လမ်းကြောမှ ထိုင်းစားသောက်ကုန်ပစ္စည်းများ တင်သွင်းမှု နည်းပါးနေသည်။ ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်း တခုမှာ မြန်မာငွေ တန်ဘိုး မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ကုန်သည်များထံမှ သိရသည်။

မြန်မာငွေတက်ချိန်တွင် တခြား စားသောက်ကုန်များထက် အကျိုး အမြတ် ပိုရသည့် အဖျော်ယမကာများကို ဦးစားပေး ကိုင်တွယ်နေကြောင်း မြန်မာ ကုန်သည်တို့က ပြောသည်။

စက်လှေဆရာ ကိုဖိုးကုလားကလည်း “တချို့ ကုန်သည်တွေကတော့ ဘီယာနဲ့ အချိုရည်ဘူးတွေကိုပဲ ဒီလိုရက်တွေမှာ ပိုသွင်းကြတယ်” ဟု ပြောသည်။

“ဒီရက်ပိုင်းအတွင်းမှာ မြန်မာငွေဈေးက ပြန်တက်လာတယ် ဒီနေ့ဆိုရင် ကျပ် ၁၀၀ ကို ထိုင်းဘတ် ၃.၉၃ ဖြစ်သွားပြီ။ အရင်အပတ်က ဆိုရင် ကျပ် ၁၀၀ ရာကို ဘတ် ၃.၈၀ ၀န်းကျင်ပဲ ရှိတယ်” ဟု မြ၀တီမှ ကုန်သည် ဦးအာလီက ယမန်နေ့က ပြောကြားသည်။

ယနေ့ နံနက်ပိုင်း ငွေဈေးက ကျပ် ၁၀၀ လျှင် ဘတ် ၃.၉၁ ဖြစ်သည်။

ဒေသခံ မြန်မာကုန်သည်ကြီး အများအပြားမှာ အစ္စလမ် ဘာသာဝင်များ ဖြစ်ကြောင်း၊ ထိုကုန်သည်များက တလကြာမည့် ဥပုသ်လတွင် လုပ်ငန်း ရပ်နားတတ်ကြကြောင်း ကုန်သည် ဦးအာလီက ပြောသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။