Home » » ကားဟောင်းဈေး ကားပါမစ်ဈေးများ အနည်းငယ်ကျဆင်း

ကားဟောင်းဈေး ကားပါမစ်ဈေးများ အနည်းငယ်ကျဆင်း

Written By မောင်စေတနာ on Thursday, January 12, 2012 | 4:30:00 PM



မော်ဒယ်မြင့်ကားများ တင်သွင်းခွင့်ပြုလိုက်သည့် သတင်းနှင့်အတူ ရုတ်တရက် မြင့်တက်သွားသည့် ကားဟောင်းဈေး၊ ကားပါမစ်ဈေးများမှာ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ကားဟောင်းဈေး၊ ကားပါမစ်ဈေးများမှာ မော်ဒယ်မြင့်ကားများ တင်သွင်းခွင့်ပြုမည့် သတင်းမထွက်ပေါ်မီက ကျပ်သိန်း ၁၀၀ ၀န်းကျင်သာရှိရာမှာ သတင်းပေါ်ထွက်ပြီး နောက် ကျပ်သိန်း ၁၅၀ မှ ၁၅၅ သိန်းအထိ ခုန်တက် သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ကျပ်သိန်း ၁၄၀၊ ၁၄၅ သိန်းဝန်းကျင်သို့ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကားတင်သွင်းရောင်းချသူ ၀ယ်ရောင်းတစ်ဦးက ''ရုတ်တရက်မြင့်ပြီဆိုရင် ဈေးမှန်မဟုတ်တဲ့ဈေးကို အရင်ရောက်တယ်။ ပြီးမှ ဈေးမှန်ကိုပြန်ဆင်းသွားတတ်တာ ဈေးကွက်တိုင်းမှာဖြစ်နေတာပဲ။ အခုလည်း မော်ဒယ်မြင့် သတင်းနဲ့အတူ ကားဟောင်းဈေးက ကျပ်သိန်း ၅၀ အထိခုန်တက်သွားတယ်။ အခု ၁၀ သိန်းလောက် ပြန်ကျသွားတယ်။ ပြန်တော့မတက်တော့ ဘူး၊ ဒါပေမယ့် ထပ်ပြီးတော့လည်း အများကြီးမကျတော့ဘူး။

ဘာကြောင့် မကျတော့သလဲဆိုရင် မကြာခင်က ကြေညာခဲ့တဲ့ သင်္ဘောသားပါမစ်နဲ့ ပြည်ပမှာအလုပ်လုပ်ကိုင်တဲ့ သူတွေတင်သွင်းဖို့အတွက် ချထားပေးမယ့်ပါမစ်က လူအများကြိုက်တဲ့ ကားတွေသွင်းဖို့ခက်တယ်။ ၂၀၀၇ မော် ဒယ်အထက်ဖြစ်လို့ အများကြီးရင်းရမယ်။ ကားနှစ်စီးသုံးလို့ရတာကို တစ်စီးတည်းစီးရမှာကလည်း အကန့်အသတ်တစ်ခု ဖြစ်နေမှာလေ။ ကားဟောင်းပိုင်ရှင်တွေကလည်း သိန်း ၁၁၀ လောက်နဲ့ မရောင်းနိုင်တော့ဘူး။ အဲဒီအတွက် ကျပ် ၁၃၀ သိန်းနဲ့ ၁၄၀ ၀န်းကျင်မှာပဲ ငြိမ်သွားမှာပဲ။ ဒါကြောင့် ကားဟောင်းပါမစ်ဈေးက ထပ်ပြီးတော့ ကျလည်းနည်းနည်းပဲ။ ဒီထက်ပိုမကျနိုင်ဘူး။ ရုတ်တရက် မြင့်တက်သွားတဲ့ဈေးအထိလည်း ပြန် မဖြစ်နိုင်တော့ဘူး'' ဟု သုံးသပ်ခဲ့သည်။

ယခုဈေးကွက်အတွင်း အများစု ၀ယ်ယူစီးနင်းနေသည့် ကားများမှာ ကျပ်သိန်း ၃၀၀ မှ ၄၀၀ ကြားကားများ သာဖြစ်သည့်အပေါ် ကားဝယ်ရောင်းတစ်ဦးကလည်း''၂၀၀၇ မော်ဒယ်အထက်ဆိုရင် ဆလွန်းစီးရင်တောင် ကျပ်သိန်း ၆၀၀ လောက်ကျသင့်မယ်။ SUV အမျိုးအစားဆိုရင် ကျပ်သိန်း ၉၀၀၊ ၁၀၀၀ လောက်ထိ ပေးရလိမ့်မယ်။ ကျပ်သိန်း ၃၀၀ က နေ ၄၀၀ ၀န်းကျင်ဆို နှစ်စီးလောက် စီးလို့ရနေပြီလေ။

'ထ' နံပါတ်ကား ဟောင်းတွေကစပြီးနောက်ပိုင်းကို ၂၀၀၆ မော်ဒယ်အထိအများစုက သွင်းကြမှာဖြစ်လို့ ကျပ်သိန်း ၃၀၀၊ ၄၀၀ ၀န်းကျင်ကားတွေ ၀င်တာနည်းသွားနိုင်သလို သင်္ဘောသား၊ ပြည်ပမှာ လုပ်ကိုင်နေတဲ့သူတွေနဲ့ လုပ်ငန်းရှင်တွေသွင်းလို့ရတာကလည်း ၂၀၀၇ မော်ဒယ်ကနေ ၂၀၁၂ မော်ဒယ်အထိပဲ သွင်းရမှာဖြစ်လို့ သိန်း ၃၀၀၊ ၄၀၀ ကားတွေဝင်တာ နည်းနိုင်တယ်။ ရှိပြီးသားနဲ့သွင်းနေဆဲ သိန်း ၃၀၀၊ ၄၀၀ တန်ကားတွေက ဈေး နည်းနည်းလေး တောင် မြင့်လာနိုင်တယ်။ ကားဟောင်းပါမစ်ဈေးကလည်း ဒီဈေးကွက်အနေ အထားပေါ်မှာလိုက်ပြီး အခုဈေး ထက်သိပ်မကျနိုင် တော့ဘူး။ အများစု ၀ယ်ယူစီးနင်းနိုင်တဲ့ အနေအထား ကြောင့်ပါ''ဟု ရှင်းပြခဲ့သည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။