ထိုနေ့တွင် မြန်မာနိုင်ငံသူနိုင်ငံသား ဗုဒ္ဓဘာသာဝင်များသည်ဘုရား ကျောင်းကန် များသို့သွား ရောက်ခြင်း၊ ဥပုပ်သီတင်းဆောက်တည်ခြင်း၊ ၀ါဆို သင်္ကန်းကပ်ခြင်း၊ ၀ါဆိုပန်းကပ်ခြင်း စ သည့် ကုသိုလ်ကောင်းမှုအမျိုးမျိုးကို ပြုလုပ်ကြပါသည်။ ၀ါဆိုလပြည့်နေ့နှင့် ပတ်သက်သည့် ထူးခြား ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဝါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် တုသိ တာနတ်ပြည်မှ သက် ဆင်း ၍ လူ့ပြည်၌ ပဋိသန္ဓေတည်ခဲ့သည်။
ဝါဆိုလပြည့်နေ့မှာ ပင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည်တော ထွက်တော်မူခဲ့သည်။ ထို့ပြင် ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည် ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဓမ္မစကြာ တရားဦး ဟော တော် မူခဲ့ သည်။ ထိုမျှမက ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည် သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္ထိများ ကို နှိမ်နင်း ၍ တန်ခိုးပြာဋိဟာ ပြတော်မူခဲ့သည်။
(သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လ-၀ါဆို)
ထိုထိုအကြောင်းများ ကြောင့် ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်တို့က နေ့ထူးနေ့မြတ် အဖြစ် သတ် မှတ်ခဲ့ခြင်း ဖြစ်သည်။ ဤနေ့ထူးနေ့မြတ် တွင် ပါဝင်သော ဓမ္မစကြာတရား ဟောတော်မူ သည့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။
ဘုရားရှင်သည် ဓမ္မစကြာတရားတော်ကို မိဂဒါဝုန်တောရှိ ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဟောပြောတော်မူခဲ့ သည်။
ယင်းသို့ဟောပြောရာတွင် ပဉ္စ၀ဂ္ဂီ၅-ဦးနှင့်အတူ နတ်ဗြဟ္မာ ၁၈-ကုဋေတို့ နာယူကြသည်ဟူ၍ ကျမ်း ဂန်၌ ဆိုထားသည်။
ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်သည် အလွန်ထူးမြတ်သည်။ ဘုရား ရှင်သည် ဘုရား အဖြစ် သို့ ရောက်တော်မူပြီးနောက် ဦးဦးဖြားဖြားဟောကြား တော်မူသော တရား ဒေသနာ တော် ဖြစ်သည်။
ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါ ပါဠိတော်၌ ပဉ္ဓ၀ဂ္ဂယကထာ အမည်ဖြင့် လာရှိပါ သည်။ ပဋ္ဋိသမ္ဘိဒါ မဂ္ဂပါဠိတော်၌ “ဓမ္မစက္က ပ၀တ္တန၀ါရ” အမည် ဖြင့်လာရှိပါသည်။ မဟာဝဂ္ဂ သံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပ၀တ္တန သုတ္တ”နအ မည်ဖြင့်လာရှိပါသည်။
ဓမ္မစက္က ပ၀တ္တန၏ အဓိပ္ပါယ်မှာ-တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော် မူခြင်းဟု အဓိပ္ပါယ် ရပါသည်။[ဓမ္မစက္က= တရားတော် + ပ၀တ္တန=ဖြစ်စေ၊ လည်စေခြင်း] ဓမ္မစကြာ တရားတော်သည် သစ္စာလေးပါး တရားကိုညွှန်းဆို ဟောကြား သော ဒေသနာ တော်ဖြစ် ၍ပိဋ္ဋိကတ်သုံးပုံ၏“အနှစ်ချုပ်တရား”ဟုဆိုထိုက်ပါသည်။
ဓမ္မစကြာ တရားတော်တွင် ရှေးဦးစွာ ၀ဲယာအစွန်း နှစ်ပါးကို ရှောင်ကြဉ်ရန် ဟောပြော ထား သည်။ ၀ဲယာအစွန်းနှစ်ပါးဟူသည် ကာမ သုခလ’ိကာနုယောဂ တည်းဟူသော ကာမ ဂုဏ်ချမ်း သာတို့ကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနု ယောဂ တည်းဟူသော မိမိကိုယ် ကို ဒုက္ခပေး၍ ကျင့်ကြံ အားထုတ်ခြင်း၊ယင်း ၂-ပါးတို့ကိုရှောင်ကြဉ်၍ နိဗ္ဗာန်ချမ်းသာ ရရှိရေး အတွက် ကို မဇ္ဈိမာပဋိပဒါအ လယ်လမ်းစဉ် ဖြစ်သော မဂ္ဂင်ရှစ်ပါး ကိုကျင့်ကြံအား ထုတ်ရန် ညွှန်ပြတော်မူ သည်။
မဂ္ဂင်ရှစ်ပါး ဟူသည်-
(၁) သမ္မာ ဒိဋ္ဌိ=ကောင်းမြတ်စင်ကြယ်သော သိမြင်မှု။
(၂) သမ္မာ သင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။
(၃) သမ္မာ ၀ါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။
(၄) သမ္မာ ကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။
(၅) သမ္မာ အာဇီဝ=ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု။
(၆) သမ္မာ ၀ါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။
(၇) သမ္မာ သတိ=ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု။
(၈) သမ္မာ သမာဓိ=ကောင်းမြတ်စင်ကြယ်သောတည်ကြည်မှု တို့ဖြစ်သည်။
ထို့နောက် ဆက်လက်၍ သစ္စာလေးပါးကို ဟောတော်မူသည်။
သစ္စာလေးပါးကား-
(၁) ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ။
(၂) ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ။
(၃) ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ။
(၄) ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော မဂ္ဂသစ္စာ-ဟူ၍ ဖြစ်ပါသည်။
ဘုရားရှင် က ဤတရားတို့ကို ပူဇော်မှု၊ ယုံကြည်မှု သက်သက်မျိုးမဟုတ် ဘဲ ကိုယ်တိုင် ကျင့်ကြံပွားများ အားထုတ်ရမည်ဟူ၍လည်း ညွှန်ပြထားတော် မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤနေ့ထူးနေ့မြတ်ဖြစ်သော ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဓမ္မစကြာ တရား တော်ကို ဆင်ခြင်သုံးသပ်၍ ကိုယ် တိုင်တတ်စွမ်းသမျှ ကျင့်ကြံပွားများ အား ထုတ်သင့် ပေ သည်။ အထူးသဖြင့် သစ္စာလေးပါးတွင် ဒုက္ခသစ္စာကို ပိုင်းခြား၍ သိရမည်။
သမုဒယသစ္စာကို ပယ်ရမည်။
နိရောဓသစ္စာကို မျက်မှောက်ပြု(ဆိုက်ရောက်)ရမည်။
မဂ္ဂသစ္စာကို ပွားများရမည်-ဟူသော အချက် ၄-ချက်ကိုခန္ဓာဉာဏ်ရောက် နှလုံးသွင်း၍ လေ့လာ မှတ်သား ပြုကျင့်သင့်ပေသည်။
ဤသစ္စာလေးပါးတရားကို ခန္ဓာဉာဏ်ရောက် သိရှိနိုင်ရန်အတွက် ၀ိပဿ နာတရားစခန်းများသို့ ၀င်ရောက်အားထုတ်ပြီးနောက် နေ့စဉ်အချိန်အားလပ် ခွင့်ရတိုင်း တရားအားထုတ် ရှုမှတ်သင့် သည်ဟုလည်း ကျွန်ုပ်တို့ ခံယူမိပါသည်။
Source by :https://linyonemagazine.wordpress.com/
0 comments:
Post a Comment