Home » » ပြင်သစ် လူ့အခွင့်အရေးဆုကို မြန်မာ(GHRED) အဖွဲ့ရရှိ ....

ပြင်သစ် လူ့အခွင့်အရေးဆုကို မြန်မာ(GHRED) အဖွဲ့ရရှိ ....

Written By မောင်စေတနာ on Thursday, December 23, 2010 | 11:19:00 PM

ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ အဓိက လုပ်ဆောင်ပေး နေသော Grassroots Human Rights Education and Development (GHRED) အဖွဲ့ကို ပြင်သစ်နိုင်ငံက လူ့အခွင့်အရေးဆု ယနေ့ ချီးမြှင့်လိုက်ကြောင်း သိရသည်။

ko-htoo-chit
“အဖွဲ့ရဲ့ ဆောင်ရွက်ချက် တွေကို ပြင်သစ် အစိုးရက သဘောကျလို့ ဒီဆုကို ပေးတာပါ။ ဒီဆုရတဲ့ အတွက် ကျနော်တို့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပိုပြီး ဆောင်ရွက် လာနိုင်ဖို့၊ အသိပညာ ပေးမှုတွေ ပိုလုပ်နိုင်ဖို့ အတွက် တွန်းအား ဖြစ်သွားပါတယ်” ဟု GHRED အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

ပြင်သစ် အစိုးရက The Human Rights Prize of The French Republic ဆုကို ၁၉၈၈ ခုနှစ်မှ စတင်ကာ လူ့အခွင့်အရေး အသိပညာပေးရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများအား ပေးအပ်နေခြင်း ဖြစ်သည်။


ယခု နှစ်အတွက် ပြင်သစ် လူ့အခွင့်အရေး ဆုကို GHRED အဖွဲ့နှင့်အတူ တခြားသော အဖွဲ့အစည်း ၉ ခုကိုလည်း ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံ အတွင်းမှ အဖွဲ့အစည်း ၂ ခုလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက်မှာ ထိုင်းနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီးနဲ့ သူ့ဇနီးတို့ ကျနော်တို့ရုံးကို လာပြီး ဆုတံဆိပ် ပေးအပ်ပါတယ်။ ကျနော်တို့ အဖွဲ့အစည်းက ထူထောင်ထားတဲ့ ကျောင်းတွေ၊ ဆောင်ရွက် နေမှုတွေကိုလည်း လေ့လာသွားပါတယ်” ဟု ဦးထူးချစ်က ပြောသည်။

Grassroots Human Rights အဖွဲ့ကို ၂၀၀၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပညာရေး၊ အလုပ်သမားအခွင့်အရေးနှင့် လူမှုရေး အခက်အခဲများကို ကူညီဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်ကာ ယခုအခါ ထိုင်း၊ ဥရောပနှင့်မြန်မာဝန်ထမ်း ၈၆ ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။