မြန်မာနိုင်ငံမှာ Blacklist နဲ့ပတ်သက်ပြီး အခုတလော တော်တော် ကြားနေရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ စက်တင်ဘာ ၃ ရက်နေ့စွဲ ဘန်ကောက် ပို့စ် သတင်းတခုကို ဖတ်လိုက်ရပါ တယ်။ မြန်မာနိုင်ငံမှာလူဝင်မှု ကြီးကြပ်ရေး ( လ၀က ) ရဲဆိုတာ မရှိပေမယ့် ထိုင်းနိုင်ငံမှာတော့ ရှိပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံထဲကို ၀င်လာမယ့် Blacklist ခရီးသွားတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ ထိုင်းနိုင်ငံထဲက တခြား ပြည်ပ နိုင်ငံ တခုခုကို Blacklist တွေ ထွက်သွားခွင့်မရအောင် လေဆိပ်မှာ ခက်ခက်ခဲခဲ စုံစမ်းဖော်ထုတ် ဖို့ အသည်းအသန် ကြိုးစား ကြရတဲ့အကြောင်း သတင်း တပုဒ်ဖြစ်ပါတယ်။
Advance Passenger Processing (APP) စနစ်လို့ ခေါ်တဲ့ ထိုင်းကို မဆင်းသက်ခင် လေယာဉ်ပေါ်ပါလာတဲ့ ခရီးသွားတွေ ထဲက Blacklist ဆိုသူကို ဖော်ထုတ်တာနဲ့ ထိုင်းနိုင်ငံကတဆင့် အခြား နိုင်ငံ တခုခုကို မထွက် ခွာခင် လေယာဉ်ပေါ် မတက် ခင်ပဲ Blacklist ဆိုသူခရီးသွားကို ဟန့်တားနိုင်ဖို့တွေကို ထိုင်း လ၀က ရဲ တွေက လုပ်ဆောင်ကြပါတယ်။
ဘယ်လိုလူတွေက Blacklist စာရင်းဝင်ဆိုတာနဲ့ပတ်သက်ပြီး သူတို့ ပြောထားတာကတော့ အကြမ်းဖက် သမားတွေ၊ မူးရစ် ရာဇာတွေ၊ လူမှောင်ခို ဂိုဏ်းသားတွေ စတဲ့ ရာဇ၀တ်မှုကြီးတွေကို ကျူးလွန်ထားတယ်လို့ သတ်မှတ် ခံထားရသူတွေပါတဲ့။
ထိုင်းနိုင်ငံတွင်းနဲ့ နိုင်ငံတကာက Blacklist စာရင်းဝင် အဲဒီလို လူမျိုးတွေကို ထိုင်း လ၀ကတွေက လေဆိပ်မှာ သူတို့ ကိုင် ဆောင်တဲ့ နိုင်ငံကူး လက်မှတ်တွေကို စက္ကန့် ၂၀ ကနေ ၄၅ စက္ကန့်လောက် စစ်ဆေးလိုက်ပါတယ်။ သူတို့ရဲ့ APP စနစ်မှာ အာဆီယံနိုင်ငံတွေ၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ နည်းပညာပိုင်းမှာ ပူးပေါင်း ဆောင်ရွက် ထားတဲ့အကြောင်း အဲဒီဌာန အကြီးအကဲတယောက်က ပြောထားပါတယ်။ အဲဒီနေ့ကတော့ APP စနစ်ကို ဖူးခက်မှာ စတင် လုပ်ဆောင်နေကြတဲ့သတင်းပါ။
ထိုင်းနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ်မှာ ရည်မှန်းထားတဲ့ အာဆီယံဇုံဆိုတဲ့ လူ့အဖွဲ့အစည်းကြီး မတိုင်မီ ကြိုတင်ပြင်ဆင် မှုတွေထဲက တခုလည်းဖြစ်ပါတယ်တဲ့။
ဆိုလိုတာက ဒီသတင်းဖတ်ပြီး မြန်မာနိုင်ငံက Blacklist တွေနဲ့ ထိုင်းလို အိမ်နီးချင်းနိုင်ငံတွေမှာ လက်ခံ သတ်မှတ်တဲ့ Blacklist ဆိုတာ လုံးဝ ခြားနားနေတာကို ပြောချင်လို့ပါ။
မြန်မာနိုင်ငံက Blacklist တွေသတ်မှတ်ထားတာ ၆ ထောင်ကျော်ပါတယ်။ ဒီထက်မကလည်း ရှိနိုင်ပါတယ်။ မကြာသေးမီ က အဲဒီစာရင်းက ပယ်ဖျက်ပေးလိုက်တဲ့ ၂ ထောင်ကျော်ရဲ့ နံမည်စာရင်းတွေ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော် ပြထားတော့ နံမည်တွေ သေချာ လိုက်ကြည့်ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မယ်ဒလင်းအောပရိုက်၊ ကွယ်လွန်သူ ဖိလစ်ပိုင် သမ္မတဟောင်း ကိုရီ အကွီနို၊ တောင် ကိုရီးယား သမ္မတဟောင် ကင်ဒေးကျုံ၊ နံမည်ကြီး သတင်းသမားတွေဖြစ်တဲ့ အင်ဒရူးမာရှယ်၊ ဘာတေးလစ်တနာ၊ ထိုင်း သတင်းထောက် ရင်ဒီ၊ သတင်းစာဆရာကြီး ကြေးမှုံ ဦးသောင်း( ကွယ်လွန်)၊ ပါမောက္ခ ဒေါက်တာအေးကျော် (ကွယ်လွန်)၊ ရုပ်ရှင် မင်းသမီး မို့မို့မြင့်အောင်၊ နောက် မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ထောက်ခံသူတွေ စသဖြင့်ကို မြန်မာနိုင်ငံက ဥာဏ်ကြီးရှင်များက Blacklist သတ်မှတ်ထားခဲ့တာကိုး။
ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးလည်းပါလိုက်သေးတယ်။ ဒီတော့ မြန်မာနိုင်ငံက Blacklist စာရင်းဝင်သူ ဆိုတာက တကယ့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေဖြစ်နေတာပါဘဲ။ သူများ နိုင်ငံတွေက Blacklist စရင်းသွင်းတယ်ဆိုတာက မူး ရစ်ရာဇာ၊ အကြမ်းဖက်သမား စတဲ့ ရာဇ၀တ်မှုကြီးတွေ ကျူးလွန်ထားသူတွေ ကိုပါ။
ဒါဟာ ဘာကို ပြသလဲ ဆိုရင် တချိန်က မြန်မာအစိုးရ တာဝန်ရှိသူဆိုတဲ့သူတွေရဲ့ စိတ်နေ အဆင့်အတန်း ကိုပါဘဲ။ အလွန်လည်း ရှက်စရာ ကောင်းပါတယ်။
မြန်မာနိုင်ငံမှာ လ၀က ရဲဆိုတာတွေရှိခဲ့ပြီး လေဆိပ်တွေမှာ ထိုင်းနိုင်ငံလို Blacklist စာရင်းဝင် ခရီးသွားတွေကို စုံစမ်း ဖော်ထုတ်မယ်ဆိုရင် မြန်မာနိုင်ငံက လူကြီးလူကောင်းများ လေယာဉ်ခရီးမစီးကြပါနဲ့၊ မြန်မာနိုင်ငံကို သွား မယ့် ဂုဏ်သရေရှိ လူကြီးမင်းများ မြန်မာနိုင်ငံကို မသွားကြပါနဲ့ လို့တောင် ပြောရမလိုဖြစ်လို့ပါဘဲ။
Source by :http://blog.irrawaddy.org/

0 comments:
Post a Comment