Home » » နေနေ နှင့် တွေ့ဆုံခြင်း

နေနေ နှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Saturday, January 14, 2012 | 6:00:00 PM



လမ်းဆုံ တေးအယ်လ်ဘမ်က ဖူးငုံနေတဲ့ အနုပညာပန်းများစွာကို လှပစွာပွင့်လန်း ပေးနိုင်ခဲ့ပါတယ်။ ဒီလိုပွင့်လန်းတဲ့ အနုပညာရှင်တွေထဲမှာ နေနေဆိုတဲ့ အဆိုတော်မလေးလည်း ပါဝင်ခဲ့တယ်။ ‘မိန်းကလေးအချစ်ပါ . . . ကိုယ့်ချစ်သူ ပျော်ရွှင်ဖို့ဆိုရင် အားလုံးကိုပေးဆပ် ’ဆိုတဲ့ အနိမ့်အမြင့်၊ အဆွဲအငင်၊ အပေးအယူ စတဲ့ သံစဉ်တွေနဲ့ ခက်ခဲလှပစွာ တန်ဆာဆင်ထားတဲ့ တေးသီချင်းတစ်ပုဒ်ကို

နားဆင်သူရင်ထဲ တိုးဝှေ့လာအောင် ပုံဖော်နိုင်စွမ်းကလည်း သူ့ရဲ့အနုပညာမှတ်တိုင်တစ်ခု ဖြစ်စေခဲ့သလို တစ်ပုဒ်ကောင်း၊ နှစ်ပုဒ်ကောင်းနဲ့ အောင်မြင်တဲ့ဘ၀ဆိုတာကို မတင်းတိမ်တဲ့သူမက တစ်ကိုယ်တော်ခွေကို ငါးလတာအတွင်း အပြီးစီစဉ်ခဲ့ပါတယ်။ သူခွေနာမည်က ဆူးစူးသူတဲ့၊ ဆူးစူးမိတဲ့ သူမရဲ့ အနုပညာဆူးတွေ အကြောင်းကို အခုလိုပြန်လည်သုံးသပ်မိတဲ့ အခါမှာတော့ ဒီအင်တာဗျူးလေးက အသက်ဝင်လာခဲ့ပါတော့တယ်။

မေး ။ ‘ဆူးစူးသူ’ကို ဘယ်လိုစိတ်ကူးနဲ့ ပုံဖော်ဖြစ်သွားခဲ့တာလဲ။

ဖြေ ။ အစကတော့ ပိုက်ဆံလည်း စုပြီး အေးအေးဆေးဆေးလုပ်ဖို့ စိတ်ကူးထားတာ။ မိတ်ဆွေတွေက လည်း လုပ်ဖို့အားပေးတယ်။ ဒါနဲ့ စလုပ်တဲ့အခါမှာလည်း အားလုံးက ကူညီကြတဲ့အတွက် ငါးလနဲ့အပြီး စီစဉ်ဖြစ်သွားတာပါ။

မေး ။ နေနေက သီချင်းအချိုးအကွေ့တွေ၊ ဆိုဟန်ခက်တာတွေနဲ့ လိုက်ဖက်တော့ ဒီခွေရဲ့ သီချင်းတွေကို ဘယ်လိုပုံစံမျိုးထည့်လုပ်ထားလဲ။

ဖြေ ။ အားလုံးကို ကိုယ်သဘောကျတာတွေ ချည်းပဲ လုပ်ထားတယ်။ သီချင်းတိုင်းကို ဆိုကြည့်တယ်။ ကိုယ်ကိုယ်တိုင် ကြိုက်မှဆိုတယ်။ သီချင်း ပုံစံကတော့ အစုံပဲ။ ကော်ပီလည်းပါတယ်။ ကိုယ်ပိုင်သံစဉ်လည်းပါတယ်။ အင်္ဂလိပ်၊ ကိုရီးယား၊ တရုတ်အပြင် အင်ဒိုနီးရှားသီချင်းတွေလည်း ပါတယ်။ တေးရေးတွေကလည်း ရွှေဂျော်ဂျော်၊ အငဲ၊ သြရသ၊ နေထိုက်စိုးနဲ့ အသစ်တွေ အများကြီးပါပါတယ်။ ကျွန်မ ကိုယ်တိုင်ဝင်ရေးထားတယ်။ ဆရာ့ (မြင့်မိုးအောင်) သီချင်းကဒီခွေမှာ အကြောင်းကြောင်းကြောင့် မပါနိုင်ခဲ့ဘူး။

မေး ။ အရင်တုန်းက ကိုယ်ပိုင်သံစဉ်တွေနဲ့ ခွေစီစဉ်ဖို့ ရည်ရွယ်ထားပေမယ့် တကယ်တမ်း မစီစဉ် ဖြစ်ခဲ့တာက ဘယ်လိုကြောင့်လဲ။

ဖြေ ။ အရင်ကတော့ တစ်ကိုယ်တော်ခွေ လုပ်ရင် ကိုယ်ပိုင်သံစဉ်တွေ ချည်းပဲ လုပ်မယ်ဆိုပြီး ကြုံးဝါးမိတယ်။ တကယ်တမ်းလည်း လုပ်ချင်တယ်။ ကိုယ်ပိုင်သံစဉ်ခွေက ကိုယ့်အတွက်ရော၊ ဂီတသမားအတွက် ရော မှတ်တိုင်ပါပဲ။ ဒါပေမယ့်လုပ်မယ် ဆိုတဲ့အခါမှာ စိတ်တိုင်းမကျတာတွေ ရှိနေတယ်။ ကိုယ်တိုင်က လုပ်မယ်ဆိုပြီး ဆုံးဖြတ်တဲ့အခါ မှာလည်း ဇန်န၀ါရီလလောက်မှာ ထွက်ချင်တဲ့အခါမှာ ပထမဆုံးခွေကို ပရိသတ်အမှတ်ရ စေနိုင်လောက်တာလေးတွေ ဖြစ်အောင်လုပ်ချင်တာလည်း ပါတဲ့အတွက် ခုလိုနားထောင် လို့ကောင်းမယ့် သီချင်းတွေနဲ့ လုပ်ဖြစ်သွားတာပါ။ တတ်နိုင်သမျှ မျှတ အောင် ကြိုးစားပြီးတစ်ပုဒ်ချင်းစီကို ပရိသတ်ရင်ထဲခံစားလို့ ရနိုင်အောင် သီဆိုပေးထားပါတယ်။

မေး ။ အမေရိကန်စင်တာက လုပ်တဲ့ ပြဇာတ်တွေမှာလည်း သရုပ်ဆောင် ဖူးတယ်လို့ သိရပါတယ်။ သရုပ်ဆောင်အလုပ်ကို ရော စိတ်ဝင်စားလား။

ဖြေ ။ Rentဆိုတဲ့ ပြဇာတ်ပါ။ HIV ဝေဒနာရှင်တွေအတွက် ရန်ပုံငွေပွဲပါ။ အဲဒီတုန်းက ကိုယ်ကဆိုချင်၊ ကချင် တဲ့ အရွယ်လည်းဖြစ်တယ်။ ဆိုရမယ် ဆိုတက်ကြွနေတော့သူတို့က လူခေါ်တာနဲ့ ညီအစ်မသုံးယောက်လုံး ၀င်လျှောက်တာ အရွေးခံရပြီး ကျွန်မနဲ့ အစ်မက၀င်ကခဲ့တာပါ။

မေး ။ Melody World မှာဘာကြောင့် ၀င်မပြိုင်ခဲ့တာလဲ။

ဖြေ ။ ဆရာက Theme Song မှာ ဆိုဖို့ပြောပါတယ်။ နောက်ပြီး ခွေလုပ်နေတဲ့ လူက ၀င်ပြိုင်ခွင့်မရှိတဲ့ အတွက် ၀င်မပြိုင်ခဲ့တာပါ။

မေး ။ အနုပညာလမ်းကို လျှောက်ဖို့လှမ်းတုန်း က ညီအစ်မသုံးယောက်လို့ သိရပေမယ့် နှစ် ယောက်ပဲ ဘာကြောင့်ဖြစ်သွားရတာလဲ။

ဖြေ ။ ငယ်ငယ်တုန်းကဆို Girl Band ဖွဲ့မယ်ဆိုပြီး အမြဲစိတ်ကူးယဉ်ခဲ့ပါတယ်။ ဒါပေမယ့် အစ်မက သိပ်စိတ်မရှည်တော့ သူကဆက်မလုပ် ဖြစ်တာပါပါတယ်။ ခွေထွက် လို့သူစိတ်ပါရင်တော့ MTV တစ်ပုဒ် ရိုက်ဖို့တော့ပြောထားတယ်၊ လုပ် ဖြစ်မလား မသိဘူး။

မေး ။ စီးရီးထွက်တာလည်း မဟုတ်ဘူး၊ အဆိုပြိုင်ပွဲဆုရတဲ့သူလည်း မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ နေနေဆိုတဲ့ နာမည်တစ်လုံး ရရှိတဲ့အပေါ် အမြင်လေးကို သိပါရစေ။

ဖြေ ။ ဆရာတွေကလည်း ကူညီပေးကြတယ်။ ကိုယ်တိုင်ကလည်း အဲဒီတုန်းက ဆိုရမယ်ဆို ပျော်နေတာပဲ။ ပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် ကိုယ်က ဆိုနိုင်တယ်။ ဆိုတတ်တယ် ဆိုပေမယ့် အခွင့်အလမ်းမရှိရင်လည်း မဖြစ်ဘူး။ အခွင့်အလမ်းတော့ ရှိပါပြီ ကိုယ့်မှာ အရည်အချင်းမရှိရင်လည်း မဖြစ်ဘူး။ ဒါကြောင့် အဲဒီကာလတုန်း က အခွင့်အလမ်းလည်း ပေါ်တယ်။ ကိုယ်တိုင်လည်း ကြိုးစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

မေး ။ အိုင်စီနဲ့ ပွဲတော်တော်များများ ဆိုခဲ့ဖူးပြီ ဆိုတော့ ရော့ခ်တီးဝိုင်းတစ်ဝိုင်းမှာ အခုလို လှလှပပပွဲထွက်နိုင်ဖို့ ဘယ်လိုပြင်ဆင်ခဲ့လဲ။

ဖြေ ။ ဟိုးပြီးခဲ့တဲ့ သင်္ကြန်လောက် က စပြီးဆိုဖြစ်တာပါ။ သင်္ကြန်ဆိုတော့ အားပေးတာက အစုံဆိုတော့ ကိစ္စမရှိခဲ့ပေမယ့် သီးသန့်ပွဲတွေဆို တဲ့အခါမှာ အနုပညာဘက်ကိုလည်း ကြိုးစားထားသလို၊ စိတ်ရော ကိုယ်ရော ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

မေး ။ နေနေတို့ ညီအစ်မတွေက Personal တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့ အပေါ် ကိုယ့်ခံယူချက်က . . .

ဖြေ ။ ကျွန်မတို့ကို ငယ်ငယ်ကတည်းက မိဘတွေက အမှားနဲ့အမှန်ပဲ ချပြတယ်။ ကိုယ်ဘာသာကိုယ်ထိန်း၊ ကောင်းရင်စံရမယ်။ ဆိုးရင်ခံရမယ်ပေါ့။ ဒါကြောင့် သူတစ်ပါးကို မထိခိုက်ဘူး။ မှန်တယ်ထင်ရင် ဘယ်အရာကိုမှ မလျှို့ဝှက်ဘူး။ ဒီလိုဘွင်းဘွင်းပြော ဆိုရတဲ့အတွက်လည်း စိတ်ပေါ့ပါးပါတယ်။

Profile

အမည်ရင်း ။ နေနေရည်မွန်

မွေးနေ့ ။ ၁၈ - ၉ - ၈၅

မိဘအမည် ။ ဦးမောင်မောင်စန်း၊ ဒေါ်အေးအေး

ပညာအရည်အချင်း ။ BA (Geo:)

ပထမဆုံးအတွဲခွေ ။ လမ်းဆုံ

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။