မလေးရှားနိုင်ငံ၌ အကြောင်းကြောင်းကြောင့် နေထိုင်ခွင့် ကျော်လွန်သွားခဲ့ကြသည့် မြန်မာအလုပ်သမား များမှာ မလေးရှားအစိုးရ၏ တရားဝင်လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ နေထိုင်ခွင့်တရားဝင် ပြန်လည် ရရှိရန် မှတ်ပုံတင်ကြရာတွင် ငွေကြေးမတတ်နိုင်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း မလေးရှား ရောက် မြန်မာများထံမှ သိရှိရပါသည်။
မလေးရှားရောက် မြန်မာများအနေဖြင့် မိမိတို့၏ တရားဝင်မှတ်ပုံတင်ရန် ကုန်ကျမည့် ငွေကြေးပမာဏမှာ အကြမ်းဖျင်းအားဖြင့် အမေရိကန် ဒေါ်လာ ၁၂၀၀ မှ ၁၄၀၀ ကြားရှိကြရာ အချို့မှာ ငွေကြေးတတ်နိုင်ခြင်း မရှိသည့်အတွက် မိခင်နိုင်ငံသို့ ပြန်လာရဖွယ်ရှိကြောင်းလည်း သိရှိရပါသည်။
မလေးရှားနိုင်ငံ၌ တရားမဝင်ရောက်ရှိနေကြသည့် မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားများ သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ အဆင့်ခြောက်ဆင့်ဖြင့် မှတ်ပုံတင်ခြင်း စတင်လက်ခံခဲ့ပြီး အစိုးရသို့ ငွေကြေးတစ်စုံတစ်ရာပေးစရာမလိုဟု ဆိုခဲ့သော်လည်း စင်စစ်မှာ အမေရိကန်ဒေါ်လာ တစ်ထောင်ကျော်မျှထိ ပေးနေရကြောင်းနှင့် အချို့မှာ ငွေကြေးမပေးနိုင်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း မလေးရှား ဂျိုဟိုး၌ ရောက်ရှိနေသည့် မြန်မာလူငယ်တစ်ဦးက ဆိုပါသည်။
“အခုလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကျွန်တော်တို့လို ‘အို’ သမားတွေကို ပြန်ပြီး နေထိုင်ခွင့်ရအောင် လုပ်ပေးတာကောင်းပေမယ့် ဆေးကျခဲ့ရင်တော့ နေထိုင် ခွင့်ရမှာမဟုတ်တော့ဘူး”ဟု ကွာလာလမ်ပူ၌ နေထိုင်သူ ကိုသူရက ဆိုသည်။ “ပတ်စ်ပို့ ဆုံးရှုံးသွားကြတဲ့ မြန်မာတွေထဲမှာ တချို့က လစာနည်းလို့ မလုပ်နိုင် တော့လို့ တခြားအလုပ်ပြောင်းရင်း ‘အို’ ဖြစ်သွားတယ်။
တချို့ကျတော့လည်း ကိုယ့်ပတ်စ်ပို့က သက်တမ်းကုန်တာကို ငွေကြေးမတတ်နိုင်လို့ ‘အို’ ဖြစ်သွား ကြတဲ့သူတွေလည်း ရှိနေတယ်”ဟု ရန်ကင်းမြို့နယ်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူက ဆိုပါသည်။ အလုပ်သမားများ မှတ်ပုံတင် ရာတွင် လိုအပ်သော အလုပ်ရှင်များ၏ ထောက်ခံချက်များမရရှိပါကလည်း ထိုအလုပ်သမားမှာ မိခင်နိုင်ငံသို့ ပြန်လာရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်လစာနည်းပြီး ပတ်စ်ပို့ ရှိထားပြီးသော်လည်း အလုပ်ရှင်များ၏ ထောက်ခံချက်ကို ပြန်လည်ရယူကြရကာ မရရှိပါက မိခင်နိုင်ငံသို့ ပြန်လာရမည် ဖြစ်သည်ကိုလည်း သိရသည်။ ယခုအခါ မလေးရှား၏ calling ကျပြီးသူများမှာလည်း ပုံမှန်အတိုင်းထွက်ခွာမှု ရှိနေကြသည်။
မည်သည့်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည် ဖြစ်စေ မိမိတို့ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ပတ်စ်ပို့မှာ လွန်စွာအရေးပါလျက်ရှိရာ မည်သည့် အကြောင်းနှင့်ဖြစ်စေ နေထိုင်ခွင့် ကျော်လွန်မသွားစေရန် ဂရုပြုသင့်ကြောင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံရပ်ခြား၌ နေထိုင်စဉ် တရားမဝင်နေထိုင်ခြင်းမှာ တရားဝင်နေထိုင်ခြင်းထက် အလုပ်သမားခေါင်းပုံဖြတ်ခံရနိုင်သည့် ပြဿနာများကို ပိုမိုရင်ဆိုင်ရလာနိုင်ကြောင်း နိုင်ငံတကာရေးရာ ကျွမ်းကျင်သူက ဆိုသည်။
Source by : Bi Weekly Eleven

0 comments:
Post a Comment