Home » , » အန်ဝါအီဘရာဟင် တရားသေ လွတ်မြောက်လာမှုက မလေးရှား နိုင်ငံရေး စင်ပြိုင်အုပ်စုနှစ်စုလုံးအား အငိုက်မိစေခဲ့

အန်ဝါအီဘရာဟင် တရားသေ လွတ်မြောက်လာမှုက မလေးရှား နိုင်ငံရေး စင်ပြိုင်အုပ်စုနှစ်စုလုံးအား အငိုက်မိစေခဲ့

Written By မောင်စေတနာ on Saturday, January 14, 2012 | 4:30:00 AM



DK၊ ၊အန်ဝါအီဘရာဟင်အား တရားရုံးမှ တရားသေ လွှတ်လိုက်ခဲ့ခြင်းသည် မလေးရှားနိုင်ငံရေး၌ ဆန့်ကျင်ဘက်ဖြစ်နေသော အုပ်စုနှစ်စုလုံးအား အံအားသင့်သွားစေခဲ့ပြီး၊ ယခုတရားရုံး၏ ဆုံးဖြတ်ချက်မှ ရိုက်ခတ်မှုအား အကဲဖြတ်ရန် ၄င်းတို့၏နိုင်ငံရေးသမားများကို စေ့ဆော်ပေးလာခဲ့သည်။

ဇန်နဝါရီ၊ (၉) ရက်နေ့နံနက်၌ ဂျလန်ဒူတာရှိ အထက်တရားရုံးသို့ ရောက်ရှိလာသူ အန်ဝါအနေနှင့်မဖွယ် မရာပြုသည်ဟု ၄င်းအပေါ်စွဲချက်တင်ထားမှု (Sodomy Charges) အား တရားရုံးမှအပြစ်ရှိသည်ဟု ဆုံးဖြတ်ချက် ချလိမ့်မည်ဟု ယုံကြည်ထားခဲ့ပုံရ၏။

နောက် (၂) နာရီကြသောအခါ တရားရုံးမှ အန်ဝါသည် သူ၏ကိုယ်ရေးလက်ထောက်ဖြစ်သူ ဆိုင်ဖူအား မဖွယ်မရာပြုသည်ဆိုသော စွဲဆိုချက်အား ပလပ်၍ အန်ဝါအားတရားသေလွှတ်လိုက်သည်။ ယခုစီရင်ချက်မှ အန်ဝါအားအပြစ်ရှိသည်ဟု တရားရုံးမှဆုံးဖြတ်ချက်အားကြေငြာရန် မျှော်လင့်ထားကြသောနိုင်ငံရေး ပြိုင်ဘက် အုပ်စုနှစ်ခုလုံးအား ကြက်သေ သေသွားစေခဲ့သည်။

အန်ဝါသည် ယောက်ျားခြင်း ဆက်ဆံသည်ဆိုသော စွဲဆိုချက်နှင့် ၄င်းစွဲဆိုချက်အား စစ်ဆေးနေသော၊ ဂဏာမငြိမ်သော မျောက်တကောင်လို အိနြေ္ဒမရပဲ ဟိုခုန်ဒီခုန် ခုန်နေသောတရားရုံးတို့အား နှစ်အတန်ကြာအောင် ရင်ဆိုင်နေရသော (People’s Alliance) ဟုအမည်ရသော အတိုက်အခံ Pakatan Rakyat မဟာမိတ်အုပ်စုဘက်မှ ယခုတရားစီရင်ချက်အား မယုံနိုင်အောင်ပင် ဖြစ်သွားခဲ့ကြရသည်။

စီရင်ချက်ချပြီးသည်နှင့် လူအများတဦးနှင့် တဦးပေးပို့ကြသော သတင်းတိုများ တရားရုံးထဲမှ ပလူပျံ နေအောင် ထွက်လာခဲ့သည်။ တရားစွဲခံရသူ အန်ဝါကိုယ်တိုင်ပင် အငိုက်မိသွားခဲ့ရ၏။ ထိုတရားစီရင်ချက် ပေါ်ထွက်လာလိမ့်မည်အား လူတိုင်းနီးပါးမှ မမျှော်လင့်ထားခဲ့ကြပေ။

PR မဟာမိတ်အဖွဲ့ ၏ခေါင်းဆောင်များပင်လျှင် (National Front) ဟုအဓိပ္ပာယ်ရသည့် လက်ရှိအာဏာရ Barisan Nasional ညွန့်ပေါင်းမှ ခေါင်းဆောင်များထက်ပင် ပို၍အံအား သင့်သွားခဲ့ကြရပြီး စိတ်သက်သာရ သွားကြသောကြောင့် အောင်ပွဲခံကြလေပြီး အချင်းချင်း တလှည့်စီချီးမွန်းစကားဆိုကြလေ၏။ ၄င်းတို့ချီးမွမ်းကြသည့်အထဲ၌ တရားရုံးတော့မပါပါ။

BN ထောက်ခံသူများ အနေနှင့်မူ ဆိုင်ဖူမှ အန်ဝါအပေါ်တင်ထားသည့် စွဲချက်များအား ဝမ်းမြောက်ဝမ်းသာဖြင့် မည်သို့မှ သံသယမရှိသည့်အတွက်၊ ယခုဆုံးဖြတ်ချက်အား ၄င်းတို့အနေနှင့် ယုံကြည်လက်ခံနိုင်ကြလိမ့်မည်တော့ မဟုတ်ပေ။ ယခုစီရင်ချက်၏ ရိုက်ခတ်မှုများကိုလက်ခံနိုင်ရန်ကြိုးပမ်းနေစဉ်တွင်း ၄င်းတို့၏ တုံ့ပြန်မှုသည်ကား မယုံကြည်နိုင်မှုနှင့် ဒေါသတရားတို့ဖြစ်လေသည်။

ယခု ရလာဒ်အား မိမိတို့ မမျှော်လင့်ခဲ့သော်လည်း လက်ခံရမည်ဖြစ်သည်။ မိမိတို့အနေနှင့်ဥပဒေစိုးမိုးမှုကို ယုံကြည်သည့်အတွက် ဥပဒေအဆုံးအဖြတ်ကို လက်ခံပြီး ယခုဆုံးဖြတ်ချက်အား လေးစားမည်ဖြစ်သည်ဟု ဆလန်ဂေါပြည်နယ် အမ်နိုပါတီအတွင်းရေးမှူးနှင့်ဆီပန်းမြို့နယ်လွှတ်တော်အမတ်ဖြစ်သူ မိုဟာမက်ဇင်မိုဟာမက် မှဆိုခဲ့သည်။ လက်မခံ လို့လည်း မရပေ။

ကြိုက်ကြိုက်မကြိုက်ကြိုက် ထိုနေ့၌ အန်ဝါကတော့ မင်းသားဖြစ်သွားခဲ့ရ၏။ လေအေးစက်များတပ်ထားသော အထက်တရားရုံးထဲမှနေ၍ ခပ်နွေးနွေးအပူချိန်ရှိသော တရားရုံးပြင်သို့ထွက်လာသော အန်ဝါအား သတင်းထောက်များ အလုအယက်ဝိုင်းအုံနေခဲ့ကြ၏။ အမှန်ကအန်ဝါ၏ခေါင်းထဲ၌ရှိနေမည့် မိန့်ခွန်းကတော့ တရားရေးစနစ်အား ရှုံ့ချ၊ မလေးရှားအစိုးရနှင့်ဝန်ကြီးချုပ်သည် တရားဝင်မဟုတ်တော့ဆိုသည့် လက်တန်းမိန့်ခွန်းဖြစ်ပြီး အန်ဝါ၏ PKRပါတီအတွင်းရေးမှူးချုပ် ဆိုင်ဖူဒင်နာဆူရှင် ကိုင်ပေးထားသည့် လော်စပီကာမှ အပီဟဲရန်အန်ဝါအနေနှင့် စဉ်းစားထားပုံရသည်။

ယခုစီရင်ချက်သည် နိုင်ငံတကာ သတင်းကွန်ယက်များနှင့် သတင်းစာများ၌ ခေါင်းကြီးသတင်း ဖြစ်သွားခဲ့ရပြီး မြန်မာပြည်မှ သမ္မတသိန်းစိန်ကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်နေသည်ဟု အသံကောင်း ဟစ်နေသော မလေးရှား ဝန်ကြီးချုပ် နာဂျစ်၏ ပုံရိပ်အား အပြုသဘော သက်ရောက်စေမည်လည်း ဖြစ်၏။ တလျှောက်လုံး အန်ဝါအား တိုက်ခိုက်နေသော မဟာသီယာမိုဟာမက်မှမူ အန်ဝါအနေနှင့်ထောင်ထဲ ရောက်ရောက် မရောက်ရောက် ပြဿနာတရပ်ဖြစ်နေလိမ့်မည်ဖြစ်သည်ဟု ကြိတ်မနိုင်ခဲမရဆိုလေ၏။

အန်ဝါသာ ပြစ်ဒဏ်ချခံရလျှင်တော့ လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့အား ဝိုင်းဆဲကြမည်မှာအမှန်ပင်။

သို့သော်လည်း အန်ဝါသည် တရားသေလွတ်မြောက်သွားပြီဖြစ်၍ BN ညွန့်ပေါင်း အဖွဲ့အနေနှင့် PR မဟာမိတ်ကို ရင်ဆိုင်နိုင်ရန် ၄င်းတို့၏ စီမံချက်များနှင့် မဟာဗျူဟာများကို ပြန်လည်သုံးသပ်ရတော့မည်ဖြစ်၏။ ချက်ချင်းရှင်းရှင်းလင်းလင်းဖြစ်သွားသည်ကား အန်ဝါသည် လွတ်လပ်မှု အပြည့်ရှိသွားပြီဖြစ်၍ PR မဟာမိတ်အနေနှင့် အတိုက်အခံခေါင်းဆောင် ဘယ်သူလဲဆိုသောမေးခွန်းနှင့် ဘဲဥအစရှာနေရန် မလိုတော့ဟု UCSI ၏ စာပေနှင့် နိုင်ငံရေးသုတေသီတဦးဖြစ်သူ ဒေါက်တာအေဲာန်ကျန်မင်း မှဆိုသည်။

အန်ဝါအား မတရားစွပ်စွဲမှုများကြောင့် PR မဟာမိတ်အတွက် ပြည်သူတို့၏ ဂရုဏာတရားကို
ရရှိစေခဲ့ခြင်းက ပြီးဆုံးသွားပါပြီ။ တကယ်လို့ အန်ဝါသာ ပြစ်ဒဏ်ကျခဲ့မယ်ဆိုရင် BN ညွန့်ပေါင်းတွေ ကလိန်ကကျစ်တွေဆိုပြီး တနိုင်ငံလုံးကိုလှည့်ပြောလို့ရသွားတော့မှာဖြစ်လို့ BN ညွန့်ပေါင်းအဖွဲ့အပေါ် ဖိအားတွေတော်တော်သက်ရောက်လာမှာဖြစ်ပါတယ်။

အခုတော့ PR မဟာမိတ်အနေနှင့် အဲလိုတော့မလုပ်နိုင်တော့ပါဘူး။ ဒီအမှုဟာ လိင်ကိစ္စနဲ့ပတ်သက်နေပေမယ့် ပုဂ္ဂိုလ်ရေးအရ အများထောက်ခံမှုတွေကို ရရှိစေလို့ အန်ဝါနဲ့ သူ့မိသားစုအတွက်တော့ကောင်းပါတယ်.. ဟု ဒေါက်တာအေဲာန်မှပြောကြားခဲ့သည်။

တရားလိုရှေ့နေများအဖွဲ့မှ ယခုဆုံးဖြတ်ချက်အား စောဒကတက်ပြီး အယူခံဝင်မည်၊ မဝင်မည်မှာမူ မရှင်းလင်းသေးပေ။ ယခုစီရင်ချက်အား ဝေဖန်ကြသူများအနေနှင့်မူ အန်ဝါနှင့် သူ၏လူမှုဘဝမှ မလေးရှား နိုင်ငံရေး၌ အကြီးအကျယ်ရိုက်ခတ်နေသည်ကို အမ်နိုပါတီ၏ခေါင်းဆောင်ငယ်များစိတ်ကုန်နေကြသည်ကို မြင်လိုကြ၏။ လုံးဝအပြီး အပြတ်ဖြစ်စေရန် တရားလိုအဖွဲ့အနေဖြင့်အယူခံဝင်သင့်သည်ဆိုသော အကြောင်းပြချက်အား မိမိအနေနှင့် လက်မခံပဲ၊ ယခုအမှုသည်ဖြစ်သင့်သည်ထက် ပို၍လွန်ကဲနေခဲ့သည်မှာ ကြာနေပြီဖြစ်သည်ဟု ကိုတာဘလုဒ် အမတ် ရာမန်ဒါလန်မှဆိုသည်။

ယခုအချိန်သည် မလေးရှားနိုင်ငံ သားများအဖို့ တစ်မှ ပြန်စရမည့်အချိန်သို့ ရောက်နေပြီဖြစ်သည်ဟု ရာမန်မှ ပြောသည်။

ယခုစီရင်ချက်သည် အန်ဝါအား အပြစ်မရှိကြောင်း ပြသခဲ့သည်ဟု အခြားတဖက်မှ ဆိုနေကြသော်လည်း၊ ယခုဆုံးဖြတ်ချက် သည် တရားရေးစနစ်၊ ရဲတပ်ဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တို့ကိုပါပြဿနာ စက်ကွင်းမှလွတ်စေခဲ့သည်ဟု ၄င်းမှဆိုသည်။ ကြားနေ၍ကြည့်လျှင် တစ်မှပြန်စပြီးနိုင်ငံ တည်ဆောက်ရေးကို အာရုံစိုက်ရမည့် အချိန်ရောက်နေပြီဖြစ်သည်ဟု ဒါလန်မှဆို၏။

တရားစီရင်မှု၏ ရိုက်ခတ်မှု အတိုင်းအတာမှန်အား လာမည့်သီတင်းပတ်များနှင့် လများ၌ တွေ့ကြရမည် ဖြစ်သည်။ ကောင်းသောအချက်မှာမူ ယခုအခါ ရုပ်ရှင်ဆန်ဆန် ရိုက်ချက်များကို ဘေးဖယ် ထားလိုက်နိုင်ပြီ ဖြစ်သည်။ နိုင်ငံရေး ဆန့်ကျင်ဘက် အုပ်စုနှစ်ခုအနေနှင့် လောလောဆယ် BN မှအသာစီး ရထားသော မူဝါဒရေးရာ တိုက်ပွဲနှင့် ပြည်သူအတွက် လုပ်ဆောင်နိုင်မှု သို့ အာရုံရွှေ့နိုင်မည်ဖြစ်ပြီး တရားရုံးမှ အောင်ပွဲခံပြီးပြန်လာသော အန်ဝါအနေနှင့် မွန်းလွဲပိုင်း၌ ဆီဂမ်ဘုမြို့နယ်ရှိ သူ၏နေအိမ်သို့အရောက်တွင် သူ့အား ထောက်ခံသူများမှ စောင့်ကြိုနေခဲ့ကြသည်။ အောင်ပွဲခံလာသော အန်ဝါ၏ရှပ်အကျီမှာလည်း တွန့်ကြေနေပြီး ချွေး များဖြင့်ရွှဲနစ်နေ၏။

ထိုနေ့ဖြစ်ရပ်ကြောင့် စိတ်ရောကိုယ်ပါပင်ပန်းနေပုံရသော်လည်း အန်ဝါ၏မျက်နှာပေါ်ရှိအရေးအကြောင်းများမှ နက်နက်ရှိုင်းရှိုင်းမြင်နေရ၏။ (၂၀၀၈) နောက်ပိုင်းတွင် အန်ဝါအတွက်ကောင်းသောအချိုးအကွေ့တခု ထပ်မံရောက်ရှိလာဟန်တူ၏။

သို့သော် ၄င်းနှင့်ယှဉ်ပြိုင်ရမည်သူ နာဂျစ်ရာဇက်ဆိုသော လက်ရှိဝန်ကြီးချုပ်မှာလည်း လက်တွေ့ကျပြီး ခပ်နပ်နပ်လူစားမျိုးဖြစ်နေသောကြောင့် ပွဲကျပ်တခုဖြစ်လာမည်ဖြစ်၏။ လူသတ်မှု၊ အကြီးအကျယ် လာဘ်စားမှုများနှင့် လုံးထွေးနေရသော အခြေအနေမှ ဝန်ကြီးချုပ်နေရာရောက်အောင် ခင်း လာနိုင်ခဲ့သော နာဂျစ်ကလည်း နှယ်နှယ်ရရတော့မဟုတ်ပေ။ လာမည့် ရွေးကောက်ပွဲသည်အမှုတခုအပေါ်၌ ယှဉ်ပြိုင်ကြရမည်မဟုတ်ပဲ စီးပွားရေးမူဝါဒများ၊ နိုင်ငံရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုများနှင့် နာဂျစ်ရာဇက်၏ လုပ်ဆောင်ချက်တို့ အပေါ်တွင် အခြေခံနေမည်ဖြစ်သည်။

ပြီးခဲ့သောလေး နှစ်တာကာလ အတွင်း၌မူ အန်ဝါ၏ဂုဏ်သိက္ခာနှင့် အများယုံကြည်လက်ခံနိုင်မှုတို့မှာ မှတ် ကျောက်အတင် ခံခဲ့ရလေ၏။ သာမန်လူတန်းစားတို့၏ အသိစိတ်များအတွင်း၌ အန်ဝါ၏လူမှုဘဝနှင့် ပတ်သက်သော သံသယ များဖြစ်လာခဲ့ကြ၏။

သို့သော်လည်းကိုယ်ရေးကိုယ်တာကိစ္စများအားစိတ်မဝင်စားသောသူအရေအတွက် က ပိုများနေ၏။ အလားတူပင် ထိုပုဂ္ဂိုလ်ရေးကိစ္စသည်နိုင်ငံရေးဦးဆောင်မှုနှင့် လုံးဝသက်ဆိုင်သည်ဆိုသော လူပြိန်းများလည်း ဒုနဲ့ဒေးပင်။ ထိုလူစားမျိုးများသည် အန်ဝါအတွက် စိန်ခေါ်မှုများထဲမှ တခုဖြစ်လာနိုင်ပေသည်။

အန်ဝါသည်လည်း ထိုနေ့တနေ့လယ်လုံးလုံး ၄င်းပါတီမှထိပ်တန်းခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်း မှုများလုပ်နေခဲ့၏။ ထိုနေ့မှောင်ရီမသန်းခင်မှာပင် အန်ဝါ၏ Limousine ကားသည် KLIA သို့ထွက်ခွာသွားပြီး အန်ဝါ၏နိုင်ငံခြားခရီးစဉ်များအနက်မှ အိန္ဒိယခရီးစဉ်အား စတင်နေခဲ့ပြီဖြစ်လေသည်။

Source by :http://freedomnewsgroup.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။