
ပြည်တွင်း အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ ပြည်ပနိုင်ငံများမှ အထည် အော်ဒါမှာယူမှုတွင် လတ်တလော ၌ ဂျပန်နိုင်ငံမှ အများဆုံးဖြစ်နေကြောင်း ပြည်ပသို့တင်ပို့ပေးနေရ သည့် အထည်ချုပ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများကို ၁၉၈၀ ပြည့်နှစ်ဝန်း ကျင်ခန့်မှစတင်ခဲ့သော်လည်း၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်၍ အစပြုခဲ့ပြီး ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်နှင့်ဂျာမနီနိုင်ငံများမှ လာရောက် ရင်းနှီးမြုပ်နှံခဲ့ကြကာ တိုင်းရင်းသားပိုင် အထည်ချုပ်လုပ်ငန်းများကို လည်း အဆိုပါအချိန်မှစ၍ ထူထောင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ အထည်ချုပ်ခဈေးချိုခြင်းနှင့် လုပ်သားအင်အား ပေါများခြင်းတို့ကြောင့် ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း ပြည်ပမှ အော်ဒါများစွာ ရရှိခဲ့သော်လည်း ၂၀၀၃ ခုနှစ်မှစတင်၍ အမေရိကန် စီးပွားရေးပိတ်ဆို့သည့် ပြဿနာရပ်ကြောင့် အဆိုပါနှစ်အတွင်း အထည်ချုပ်လုပ်ငန်း တစ်ရာကျော်ခန့်ကို ပိတ်သိမ်းခဲ့ရကြောင်း သိရသည်။ “စီးပွားရေးပိတ်ဆို့မှုတွေ မဖြစ်ခင်တုန်းကတော့ အမေရိကနဲ့ ဥရောပနိုင်ငံတွေကို အများဆုံးတင်ပို့ ပေးခဲ့ရပြီး ၂၀၀၃ ခုနှစ် နောက်ပိုင်းမှာတော့ အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေကို ပြောင်းပြီးတင်ပို့ခဲ့ရတယ်။ အဲဒီဈေးကွက်ထဲမှာ အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံ ကတော့ စည်းကမ်း တင်းကျပ်တာတို့၊ စစ်ဆေးမှု များပြားတာ တို့နဲ့ အထည်ချုပ်ခ နည်းတာကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေက ဂျပန်အော်ဒါထည်တွေကို ချုပ်ဖို့ စိတ်ဝင်စား မှုနည်းခဲ့တယ်။
ဒါပေမယ့် အမေရိကန် ဈေးကွက်မရှိတော့တာရယ်၊ အခြားဥရောပနိုင်ငံတွေလို ပိတ်ဆို့မှုမရှိတာတွေနဲ့ မြန်မာနိုင်ငံကအထည်တွေ ကို လိုလိုလားလား လက်ခံလာတဲ့အတွက် ဂျပန်အော်ဒါတွေကို တဖြည်းဖြည်း စမ်းချုပ်ရင်းကနေ ဂျပန်နိုင်ငံ အကြိုက် အရည်အသွေးမြင့်မြင့်၊ အမှားအယွင်း နည်းနည်းနဲ့ ချုပ်နိုင်ခဲ့တာကြောင့် ၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းကစပြီး ဂျပန်နဲ့ကိုရီးယား နိုင်ငံတွေက အပ်ထည်တွေ အများအပြား ရရှိခဲ့တယ်။ လက်ရှိ အခြေအနေမှာတော့ ဂျပန်နိုင်ငံက အခြားနိုင်ငံတွေထက် အော်ဒါလက်ခံရရှိမှု ပိုမိုများပြား နေပါတယ်။ ဒါပေမယ့် အခြားနိုင်ငံတွေမှာရှိတဲ့ လုပ်ငန်းတွေနဲ့နှိုင်းယှဉ်ရင်တော့ ပြည်တွင်းအထည်ချုပ် လုပ်ငန်းတွေရဲ့ အားနည်းချက်က လျှပ်စစ်မီး အခြေအနေနဲ့ စက်ဟောင်းတွေကို သုံးနေရတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်”ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
အထည်ချုပ် လုပ်ငန်းများသည် ကမ္ဘာ့ဝယ်လက်များ၊ နိုင်ငံတကာအထည် ကုမ္ပဏီများနှင့် အထည်ချုပ်လုပ်ငန်းများ၏ သုံးပွင့်ဆိုင်ကုန် ထုတ်လုပ်မှု(Triangular Manufacturing) သဘောတရားအရ လုပ်ငန်းများချိတ်ဆက်လျက် ရှိနေမှုကြောင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှလည်း လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးစင်တာကို အသင်းဝင် အချုပ်လုပ်ငန်း ၇၅ ရုံ ပူးပေါင်းကာ ဖွင့်လှစ်ထားကြောင်း သိရသည်။ ထို စင်တာမှ မြန်မာ့အထည်များ အရည်အသွေး မြင့်မားစေရေးအတွက် နည်းပညာဆိုင်ရာ ဗဟုသုတ များကို Semi nar နှင့် အသေးစား သုတေသနပြပွဲ များ ပြည်ပမှ အထည်ချုပ် ပညာရှင်များဖြင့် ပြုလုပ်ကာ စက်ရုံများတွင် ဖြစ်လေ့ရှိသော Puckering ပိတ်တွန့်ခြင်းစသည့် ချုပ်ရိုးချုပ်ကြောင်း မလှသော ပြင်ထည်များကိုတုံ့ပြန် ဖြေရှင်းနိုင်ရန်အတွက် သုတေသနပြပွဲများကို စီစဉ်ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ Seminar များသို့ ပြည်တွင်း အထည်ချုပ်လုပ်ငန်းများရှိ Supervisor နှင့် စက်ပြင်များ တက်ရောက်မှုရှိကြပြီး၊ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ဂျပန်နိုင်ငံ၌ အထည်ချုပ် စက်ရုံတည်ထောင် ခဲ့ဖူးသူ Mr.YOSHIT က စက်ညှိခြင်းနှင့် ပတ်သက်သည့် အခြေခံ သဘောတရားများကို လာရောက်ရှင်းလင်း ပြောကြားမှုများ ပြုလုပ်ခဲ့သည်။
ထို့အပြင် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ယင်း စင်တာမှ အခြေခံ စက်ချုပ်သင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး အသင်းဝင်စက်ရုံများမှ လူသစ်များ၊ အကူလုပ်သားများ လာရောက်တက်ရောက်မှုရှိခဲ့သည့် အပြင်ရပ်ဝေးမှ လာတက်ရောက်သူ များပါရှိခဲ့ပြီး အလျဉ်းသင့်ရာ အထည်ချုပ်စက်ရုံများသို့ ပြန်လည် အလုပ်ဝင်ကြကြောင်း သိရသည်။
Source by :http://www.news-eleven.com/




.jpg?width=750)

0 comments:
Post a Comment