Home » » ထိုင်းတွင် ရှပ်နီ ဆန္ဒပြပွဲများ ပြန်စ

ထိုင်းတွင် ရှပ်နီ ဆန္ဒပြပွဲများ ပြန်စ

Written By မောင်စေတနာ on Tuesday, September 21, 2010 | 2:30:00 PM


အကျဉ်းသားဝတ်စုံဖြင့် ဆန္ဒပြကြသူများ။ (ဓာတ်ပုံ- ဧရာဝတီ)

စိုင်းဇွမ်ဆိုင်း
Monday, September 20, 2010

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အစိုးရကို ဆန့်ကျင်သော ရှပ်နီတို့၏ လှုပ်ရှားမှု ပြန်လည် စတင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ ရှပ်နီအဖွဲ့မှ ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။

၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် အစိုးရကို ဖြုတ်ချပြီး စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ၄ နှစ်မြောက် အခမ်းအနားကို ဦးဆောင်ဦးရွက်ပြုရန် ဘန်ကောက်မြို့မှ ချင်းမိုင်မြို့သို့ ရောက်လာရခြင်း ဖြစ်ကြောင်း ရှပ်နီခေါင်းဆောင် တဦးဖြစ်သူ မစ္စတာ ဆောက ပြောသည်။

ချင်းမိုင်မြို့နှင့် အနီးတဝိုက်မြို့နယ်များမှ သက်ဆင်ကို ထောက်ခံသော ထောင်နှင့်ချီသည့် ရှပ်နီများသည် ယမန်နေ့ နံနက်ပိုင်းကတည်းက ချင်းမိုင်မြို့ စည်ပင်သာယာဌာန၏ အားကစားကွင်းတွင် စုရုံးကြပြီး အခမ်းအနား၏ ရည်ရွယ်ချက်များ၊ ချီတက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

ထို့နောက် နေ့လယ် တနာရီခန့်တွင် မော်တော်ကားများ၊ ဆိုင်ကယ်များနှင့် လမ်းလျှောက်ချီတက်သူများပါ အဆိုပါ အားကစားကွင်းမှ ချင်းမိုင်မြို့၏ အထင်ကရ နေရာတခု ဖြစ်သော Three Kings Monument (ထိုင်းဘုရင် သုံးပါး ရုပ်တု ရင်ပြင်) သို့ ချီတက်ရန် ထွက်ခွာခဲ့ကြကြောင်း၊ ဗုံ၊ မောင်းများတီး၍ ရှပ်နီ သီချင်းများဆိုကာ ချီတက်ခဲ့ကြ ကြောင်း တွေ့ရသည်။


ပြီးခဲ့သည့် မတ်လမှ မေလအတွင်း ဘန်ကောက်မှ ရှပ်နီတို့၏ ဆန္ဒပြပွဲကဲ့သို့ အကြမ်းဖက် ဆန္ဒပြခြင်း မပြုကြတော့ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။


အဖိဆစ် အရုပ်ကြီးကို ကြိုးတုပ်ပြီး ထမ်းလာစဉ်။ (ဓာတ်ပုံ - ဧရာဝတီ)

ထိုင်း အာဏာပိုင်များဘက်မှလည်း လမ်းပြရဲများသာ တာဝန်ချထားပြီး ရှပ်နီတို့၏ ဆန္ဒပြခြင်းကို တစုံတရာ တားဆီးခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။

မစ္စတာ ဆောက “ဒီနေ့လိုမျိုး ချီတက်မှုတွေကို အပတ်တိုင်း ပြုလုပ်နိုင်အောင် ကျနော်တို့ဘက်က ကြိုးစားသွားမယ်။ ၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပျက်စီးခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ကျနော်တို့ပြန်ပြီး ဖော်ဆောင်သွားကြမှာပါ” ဟု ပြောသည်။


ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူတဦး။ (ဓာတ်ပုံ - ဧရာဝတီ)

ပြီးခဲ့သည့် ရှပ်နီတို့၏ ဘန်ကောက် ဆန္ဒပြမှုနှင့် ပတ်သက်၍ ၎င်းတို့အား အကြမ်းဖက်သမားများဟု ထင်မြင်ခြင်း အပေါ်တွင် မစ္စတာ ဆောက “ကျနော်တို့တွေက လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။ တဘက်သားအပေါ်ကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက်မျိုး ကျနော်တို့မှာ မရှိပါဘူး။ ပြီးခဲ့တဲ့ မတ်လကနေ မေလအတွင်း အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ကျနော်တို့ ရှပ်နီတွေမှ မဟုတ်ဘူး၊ ဘယ်သူမဆို ဖြစ်နိုင်တာပဲ” ဟု ဆိုသည်။


ဆိုင်ကယ်များနှင့် ချီတက်သွားစဉ်။(ဓာတ်ပုံ - ဧရာဝတီ)

ယမန်နေ့ ချီတက်ဆန္ဒပြပွဲတွင် ထိုင်း စစ်တပ် ယူနီဖောင်း ဝတ်ဆင်၍ ချီတက်ဆန္ဒပြခဲ့သူ နာတီပေါင်က ဆန္ဒပြပွဲ အတွက်သာ ယခုကဲ့သို့ ဝတ်ဆင်ရခြင်းဖြစ်ကြောင်း၊ လက်တွေ့တွင် သူသည် စစ်တပ်ကို အလွန် ငြီးငွေ့နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

ချီတက်ဆန္ဒပြပွဲတွင် “အဖိဆစ် အလိုမရှိ”၊ “welcome to Myanmar”၊ “အရပ်သားတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးတာ ဘယ်သူလဲ” စသည့် ဆိုင်းဘုတ်များ၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နှင့် လုပ်ကြံခံခဲ့ရသည့် ဗိုလ်ချုပ် စေဒန် တို့၏ ဓာတ်ပုံများ ကိုင်ဆောင် ချီတက်ကြသည်။


ဆန္ဒပြရှပ်နီများတွင်လူငယ်များရော လူကြီးများပါ ပါဝင်သည် (ဓာတ်ပုံ - ဧရာဝတီ)

ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် မြန်မာနိုင်ငံကဲ့သို့ ဆိုးဝါးနေသဖြင့် “welcome to Myanmar” ဆိုသည့် ဆိုင်းဘုတ် ကိုင်ဆောင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆန္ဒပြသူများအနက် ထိုင်းအကျဉ်းသားပုံစံ ဝတ်ဆင်ထားသူများ၊ သွေးများ ပေကျံပြီး လူသေပုံစံမျိုး ပြုလုပ်ထားသူများ၊ ထိုင်းဝန်ကြီးချုပ် အဖိဆစ် မျက်နှာဖုံးတပ်ထားသော အရုပ်ကြီးကို ကြိုးတုပ်၍ ထမ်းကြသူများ ပါဝင်ကြောင်း တွေ့ရသည်။


ဘန်ကောက်ဆန္ဒပြပွဲတွင် သေဆုံးခဲ့သူ တဦး၏ ဓာတ်ပုံကို သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ - ဧရာဝတီ)

အဖိဆစ် မျက်နှာဖုံးတပ်ထားသော အရုပ်ကြီးကို သက်ကြီးရွယ်အို ရှပ်နီများက ခေါင်းခေါက်ခြင်း၊ လည်ပင်းညှစ်ခြင်း တို့ကို ပြုလုပ်ကြသည်။

အကျဉ်းသားပုံစံ ဝတ်ဆင်၍ ဆန္ဒပြသူတဦးက လက်ရှိ ထိုင်းနိုင်ငံတွင် အကျဉ်းသားများအား ဆိုးဆိုးဝါးဝါး ဆက်ဆံနေခြင်း၊ ပြီးခဲ့သည့် ဆန္ဒပြမှုအတွင်း ရှပ်နီတို့ကို စစ်တပ်မှအင်အားသုံး ဖြိုခွဲခဲ့ခြင်းများကို အသိပေးချင်၍ ယခုကဲ့သို့ ဝတ်ဆင်ပြီး ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။


အကျဉ်းသားဝတ်စုံဖြင့် ဆန္ဒပြကြသူများ။ (ဓာတ်ပုံ- ဧရာဝတီ)

ဆန္ဒပြပွဲကို ကြည့်ရှုနေသည့် ကမ္ဘာလှည့်ခရီးသည် အသက် ၂၄ နှစ်အရွယ် အမေရိကန် နိုင်ငံသူ ဆယ်လီက “ဘယ်အစိုးရက ကောင်းတယ်၊ ဘယ်သူက မကောင်းဘူး ဆိုတာကိုတော့ ကျမအနေနဲ့ ပြောလို့မရပါဘူး။ ဒါပေမယ့် သူတို့ (ရှပ်နီ) တွေ လိုချင်တဲ့ အပြောင်းအလဲအတွက် ဒီလို လူထု လှုပ်ရှားမှုကြီး ရှိဖို့လိုအပ်ပါတယ်” ဟု ပြောသည်။


သက်ဆင်ကိုထောက်ခံသူ တဦး။ (ဓာတ်ပုံ - ဧရာဝတီ)

ဘန်ကောက်မြို့တော်တွင်လည်း လူဦးရေ ၇ ထောင်ခန့် ရှိသော ရှပ်နီတို့သည် မိုးပျံပူဖောင်းများလွှတ်ခြင်း၊ ချီတက် ဆန္ဒပြခြင်းများ ပြုလုပ်ကြသည်ဟု ဘန်ကောက်အခြေစိုက် ဧရာဝတီ သတင်းထောက် ဆိုင်မွန် ရောက်ဂ်နင်း က သတင်းပေးပို့သည်။

ယခုနှစ် မတ်လမှ မေလအထိ ကြာမြင့်ခဲ့သည့် ရှပ်နီတို့၏ ဆန္ဒပြမှု အပြီးတွင် လူပေါင်း ၉၀ ကျော်သေဆုံးခဲ့ပြီး ၂၀၀၀ ခန့် ဒဏ်ရာရခဲ့သည်ဟု ထိုင်းသတင်းများအရ သိရသည်။

သတင်းနှင့် ဓာတ်ပုံများကို http://www.irrawaddy.org/ မှ မျှဝေပါသည်။
Share this article :

1 comments:

မေပယ်လ် said...

ဟင်............
လာပြန်ပြီလား ဒီရှပ်နီတွေ..။
နှစ်ဖက်လုံး ငြိမ်းချမ်းကြပါစေ..။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။