Home » » နယ်ခြားမြစ် ကမ်းထိန်းတမံ စတင် တည်ဆောက်

နယ်ခြားမြစ် ကမ်းထိန်းတမံ စတင် တည်ဆောက်

Written By မောင်စေတနာ on Wednesday, August 25, 2010 | 2:05:00 PM



ကမ်းထိန်းတမံဆောက်ရန် စီစဉ်နေသည့် သောင်ရင်းမြစ်ဘေး မြဝတီမြို့ကို
မဲဆောက်ဘက်ခြမ်းမှ ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
နရီလင်းလက်
Wednesday, August 25, 2010

ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်နှင့် ထိစပ်နေသော မြ၀တီမြို့ဘက် အခြမ်းရှိ မြစ်ကမ်း ရေတိုက်စားမှု ကာကွယ်ရန် ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၄ ခုက ကမ်းထိန်းတမံများ တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။

ကမ်းထိန်းတမံ တည်ဆောက်ခွင့်ကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သော ဦးကျော်ဝင်း၏ ရွှေသံလွင် ကုမ္ပဏီ၊ ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီ၊ ကြယ်မြင့်မိုရ် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် AK ဆောက်လုပ်ရေး ကုမ္ပဏီတို့က တာဝန်ယူတည် ဆောက်သွား မည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အရာရှိ တဦးက ပြောသည်။

“မိုးတွင်းဆိုတော့ ရေတိုက်စား နှုန်းကလည်း ပိုလာပြီး မြစ်ကမ်း ပျက်စီးမှုနှုန်း များလာတယ်။ ဒါနဲ့ အာဏာပိုင် တွေက နီးစပ်တဲ့ ကုမ္ပဏီ တွေကို ချပေးပြီး မြန်မြန် လုပ်ခိုင်း လိုက်တာ။ မြစ်ကမ်း တောက်လျှောက် အကုန်လုံးကို လုပ်ခွင့်ပေးတာ မဟုတ်သေးဘူး။ ရေတိုက်စားလို့ ပျက်စီးနိုင်တဲ့ အဓိက နေရာကို ရွေးပြီး အရင်ဆုံး ပြင်ခိုင်းတာ” ဟု အဆိုပါ အရာရှိက ဧရာဝတီသို့ ပြောသည်။



ယင်း ကုမ္ပဏီ ၄ ခုက ကျောက်စီ ကမ်းထိန်းတမံ အရှည် ပေ ၃၃၀၀ ကို အပိုင်း ၄ ပိုင်းခွဲ၍ တာဝန်ယူ တည်ဆောက်မည် ဖြစ်ပြီး တလအတွင်း အပြီးသတ် တည်ဆောက်ရန် ညွှန်ကြားထားကြောင်း၊ ကြယ်မြင့်မိုရ် ဆောက်လုပ်ရေး ကုမ္ပဏီက ပေ ၆၀၀ တည်ဆောက်မည်ဖြစ်ပြီး ကျန်ကုမ္ပဏီ ၃ ခုက ပေ ၉၀၀ စီ တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်းရှိ လမ်း၊ တံတား၊ ဆည်မြောင်းနှင့် အဆောက်အအုံများ တည်ဆောက်ခွင့်ကို နအဖစစ်အစိုးရ လက်ထက်တွင် စီးပွားရေးလုပ်ငန်းရှင်များအား တည်ဆောက် လုပ်ကိုင် လွှဲပြောင်း စနစ် (B.O.T) ဖြင့် လုပ်ကိုင်စေခဲ့သည်။

AK ကုမ္ပဏီသည် B.O.T စနစ်ဖြင့် The Prince Hotel ၊ နိုင်ငံတကာအဆင့်မီ ရွှေမန်းတောင် ဂေါက်ကွင်းနှင့် ကြယ်လေး ပွင့်အဆင့်မီ Hotel Mandalay ၊ ဘားအံ- ကော့ကရိတ်-မြ၀တီ လမ်းမကြီး ပြင်ဆင်ဖောက်လုပ်မှုနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်ပြီး ဟိုတယ်လုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။

ဧဒင် ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်သည် ဘဏ်လုပ်ငန်း၊ သဘာဝဓာတ်ငွေ့ ရှာဖွေခြင်းလုပ်ငန်း၊ ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် ရရှိထားသူဖြစ်ပြီး ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခွင့်ရရှိနေသည့် စီးပွားရေး လုပ်ငန်းရှင်တဦးလည်းဖြစ်သည်။

“ထိုင်းနိုင်ငံဘက်အခြမ်းက ကမ်းပါး မပြိုအောင် တမံတွေဆောက်တော့ ရေစီးကြောင်းက ပြောင်းပြီး မြန်မာဘက်ကမ်းကို ပိုတိုက်စားလာတယ်။ ဒါကို တုန့်ပြန်တဲ့အနေနဲ့ မြန်မာဘက်က တမံပြန်ဆောက်တဲ့ သဘောပါပဲ” ဟု မြ၀တီ တည်ဆောက်ရေး လုပ်ငန်းခွင်ရှိ စီမံကိန်း အင်ဂျင်နီယာတဦးက ပြောသည်။

မြ၀တီမြို့နှင့် ထိစပ်လျက်ရှိသော သောင်ရင်းမြစ်မှာ ပေ ၁၅၃၀၀ ရှိပြီး ကျောက်စီ ကမ်းထိန်းတမံ ဆောက်လုပ်ခြင်းကို မြ၀တီမြို့ အမှတ် ၅ ရပ်ကွက် သံတံခါး အနီးမှ စတင်ဆောင်ရွက်သွားမည်ဟု သိရသည်။

“ဟိုးအရင်ကတည်းက ရေတိုက်စားမှုကို ကာကွယ်ဖို့ဆိုပြီး တနှစ်ကို ပေ ၁၀၀ စီ ဆောက်နေတာ။ ဒီပမာဏထက် တိုးပြီး အာဏာပိုင်တွေဘက်က ဆောက်လို့ရပေမယ့် လိုအပ်တဲ့နေရာတွေမှာ သိပ်အလေးမထားဘဲနေတော့ မြန်မြန်မပြီးဘူး။ အချိန်ဆွဲသလို ဖြစ်နေတာ။ အခု အခြေအနေက မဆောက်ရင် မရတာ့ဘူး။ ကမ်းပါးပြိုတဲ့အထိ ဖြစ်လာနိုင်တယ်” ဟု ရွှေသံလွင် ဆောက်လုပ်ရေးမှ တာဝန်ရှိသူတဦးက ဆိုသည်။

၎င်းက “အစိုးရက ဆက်မဆောက်နိုင်တော့တာနဲ့ လုပ်ငန်းရှင်တွေကို ပေးလိုက်တာ။ လုပ်ငန်းရှင်တွေကို ချပေးလိုက်တော့ အချိန် ဘယ်လောက်အတွင်း မြန်မြန်ပြီးသွားဖို့ တွန်းလို့ရမယ်။ တခုခု လွဲချော်ခဲ့ရင်လည်း အာဏာပိုင်တွေဘက်က ရှောင်လို့ရတယ်။ ဒီ ကမ်းထိန်းတမံ ဆောက်ပြီးသွားရင်တော့ ကုန်ကျစရိတ်အတွက် အာဏာပိုင်တွေဘက်က တံတားဖြတ်သန်းခတွေ ပိုကောက်တာမျိုး ရှိနိုင်တယ်” ဟု ပြောသည်။

သောင်းရင်းမြစ်သည် နယ်စပ်တလျှောက် ပေပေါင်း ၁၅၃၀၀ ရှိပြီး ရေတိုက်စားမှု ကာကွယ်ရန် ပေ ၇၇၆၅ ကို တည်ဆောက်ပြီး ပေ ၇၅၃၅ ကျန်ရှိသေး ကြောင်းသိရသည်။

ဧဒင် ကုမ္ပဏီမှ တာဝန်ရှိသူတဦးက “ပေ ၇ ထောင်ကျော် ကျန်တဲ့အထဲမှာမှ တ၀က်ကို အရင်လုပ်ဖို့ ချပေးတာ။ ကျန်တဲ့တ၀က်ကို ဘယ်ချိန်လုပ်မယ်၊ ဘယ်သူတွေ လုပ်ခွင့်ရမယ်ဆိုတာ မသိသေးဘူး။ စဆောက်မယ့် အမှတ် ၅ ရပ်ကွက် သံတံခါးနားမှာ သံဇကာခြင်းကြီးတွေထဲကို ကျောက်တုံးကြီးတွေ ဖြည့်၊ ရေထဲချပြီး ရေကြောင်းလမ်း ပြောင်းအောင် စလုပ်နေတယ်။ တည်ဆောက်ရေးအတွက်လည်း ဒီဇိုင်းတွေဆွဲပြီး စလုပ်နေပြီ” ဟု ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်းကို မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ဇူလိုင်လဆန်းပိုင်းမှ စတင်ပိတ်ထားခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်တွင် စစ်အစိုးရက နယ်စပ်ကုန်သွယ်ရေးဂိတ်များ တလကျော်ကြာ ပိတ်ထားသောကြောင့် ထိုင်းနိုင်ငံသည် ထိုင်းဘတ်ငွေ သန်း ၂၀၀၀ ကျော် ထိခိုက်နစ်နာနေပြီဖြစ်ကြောင်း တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Bunpot Kokiatcharone ကို ကိုးကား၍ ထိုင်းသတင်းတရပ်တွင် ဖော်ပြထားသည်။

http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။