Home » » "စင်ကာပူမှ ပြစ်မှု၊ ပြစ်ဒါဏ်များ အကြောင်း"

"စင်ကာပူမှ ပြစ်မှု၊ ပြစ်ဒါဏ်များ အကြောင်း"

Written By မောင်စေတနာ on Saturday, August 21, 2010 | 4:44:00 AM



မီးရထားခြံဝင်းကို သံဖြတ်ပလာယာဖြင့် ဖြတ်ဝင်ကာ မနေနိုင်မထိုင်နိုင် ရထားတွဲများကို ဆေးမှုတ်သွားသော ဆွစ်လူမျိုး တစ်ဦးကို ထောင်ဒါဏ် ၇ လ ချလိုက်သည့်သတင်း သည်ကနေ့ထုတ် mypaper သတင်းစာတွင် ဖတ်လိုက်ရ သဖြင့် ရေးချင်နေတာကြာပြီ ဖြစ်သော စင်ကာပူမှ ပြစ်မှု၊ ပြစ်ဒါဏ်များအကြောင်း ရေးလိုက်ခြင်း ဖြစ်ပါ၏။

ပထမဦးဆုံးပြောလိုသည်မှာ စင်ကာပူကား ပြစ်ဒါဏ် ချပြီဆိုလျှင် မှတ်လောက်သားလောက်အောင် ရက်ရက်ရောရော နှင့် သာသာထိုးထိုးလေး ချတတ်သည့်သဘောရှိကြောင်း သိထားကြရန် ဖြစ်ပါ၏။
နောက်ပြီး ကိုယ်ချမှတ်ထားသည့် ပြစ်ဒါဏ်ကိုမည်သည့်အကြောင်းမျိုးနှင့်မှ ပြန်လည်ရုပ်သိမ်းပေး ခြင်း၊ အသနားခံလွှာကြောင့် လျှော်ပစ်ခြင်းမျိုး အင်မတန် လုပ်ခဲသည်ဆိုခြင်းဖြစ်ပါသည်။ (သာမန်အမှုကို မဆိုထားနှင့်။ သေဒါဏ်ကိုတောင် အသနားခံ၍ မရပါ။)




Fricker

လွန်ခဲ့သော ဇူလိုင်လက ကျွန်တော်တို့ အင်္ဂလိပ်စာဆရာမ၏ မိတ်ဆွေ၊ Work Permit Holder
တစ်ဦးကို ရဲဖမ်းသွား သဖြင့် ကူပါဦးဟု sms ပို့လာပါ၏။ ကျွန်တော်က ဘာကိစ္စလဲ၊
ဘာညာ မေးနေတုံးရှိသေး တော်တော်ကြာတော့ sms ပြန်လာ ပါ၏။ မတော်ရာသွား ရှူရှူပေါက်မိသဖြင့် ဖမ်းကြောင်းတရားရုံးကိုခေါ်သွားရာ ဒါဏ်ငွေ S$1000 တပ်ရိုက်လိုက်ကြောင်း၊ သူ့ သူငယ်ချင်းများစုကာ ထိုငွေကို ပေးလိုက်သဖြင့် ပြန်လွတ်လာပြီ ဖြစ်ကြောင်းများ ဖြစ်ပါ၏။ စင်ကာပူဒေါ်လာ ၁၀၀၀ ဘိုးသာ ရှူးရှူးပေါက်ရရင်ဖြင့် မြို့တော်ရန်ကုန်မှာ ရှိသမျှ အိမ်သာအားလုံးကို တစ်သက်တာ
ကန်ထရိုက်ဆွဲပြီးတောင် ပေါက်လို့ရသည်။

ယခုနှစ်ဆန်းပိုင်းက ကျွန်တော့်ညီတစ်ဝမ်းကွဲနေသော dormitory တစ်ခုမှ ကုလားတစ်ယောက်သည်
တရုတ်မ တစ်ယောက်ကို ဘာသွားလုပ်သည်မသိ။ ရဲဖမ်းသဖြင့် ၅၀၀ လျော်လိုက်ရသေးသည်။
ကျွန်တော် ECC Project တွင် လုပ်နေစဉ်ကလည်း ပရောဂျက်ထဲမှ မြန်မာကောင်လေးတစ်ဦး
Orchard တွင် အမှိုက်ပစ်မိသဖြင့် ဒါဏ်ငွေ ၂၀၀ ဆောင် လိုက်ရကြောင်း သူပြောပြ၍ သိခဲ့ရသည်။

အထက်ပါ အသက် ၃၂ နှစ်ရှိ Fricker ဆိုသူ ဆွစ်လူမျိုးမှာ ရထားဝင်းအတွင်း
ဖောက်ထွင်းဝင်မှုကြောင့် ထောင်ဒါဏ် ၂ လ၊ ရထားတွဲများဆေးမှုတ်မှုကြောင့် ထောင်ဒါဏ် ၃ လ
စုစုပေါင်း ၅ လ မူလက အချခံထားရသူဖြစ်ပါသည်။ ယခုမှ တရားသူကြီးက ဖောက်ထွင်းဝင်မှုအတွက်
ထောင် ၂ လဆိုတာ နည်းလွန်းသည် ဟု တွေးပြီး ၂ လအစား နှစ်ဆတိုးကာ ၄ လ ချလိုက်ခြင်း ဖြစ်ပါသည်။ သို့အတွက် ၄ လ + ၃ လ = ၇ လ ဖြစ်သွားရခြင်း ဖြစ်ပါ၏။ (ခုနက ကျွန်တော်ပြောခဲ့သလို
သာသာ ထိုးထိုးလေး ချတတ်တယ်ဆိုတာ မလွန်ပါဘူးနော။) နေဦး၊ မပြီးသေးဘူး။ ထောင်ဒါဏ်အပြင် ကြိမ်ဒါဏ် ၃ ချက်လည်း ပါသေး၏။ သို့သော် ကြိမ်ဒါဏ်ကိုမူ အသနားခံလွှာတင်ထားရာ ကျခံ၊ မကျခံ မဆုံးဖြတ်ရသေးပေ။

စင်ကာပူသည်ကား ပြစ်မှုကြီးများအနည်းဆုံး၊ လူနေမှုအဆင့်အတန်း အမြင့်မားဆုံး
အရှေ့တောင်အာရှမှ မြို့ပြနိုင်ငံ တစ်နိုင်ငံ ဖြစ်ပေသည်။



Michael Fay နှင့် ၎င်း၏ မွေးစားဖခင်

၁၉၉၄ ခုနှစ်က အသက် ၁၈ နှစ်သာရှိသေးသော အမေရိကန် နိုင်ငံသား Michael Peter Fay
ကိုလည်း (အမေရိကန်သမ္မတ ဘီလ် ကလင်တန်က ငယ်ရွယ်သေးသူဖြစ်သဖြင့် ကြိမ်ဒါဏ်မပေးပါရန်
မေတ္တာ ရပ်ခံချက်ကို ပယ်ချကာ) ကြိမ်ဒါဏ် ၄ ချက်နှင့် ထောင် ၂ လ ချခဲ့ပါသည်။ (မူလပြစ်ဒါဏ်မှာ
ကြိမ်ဒါဏ် ၆ ချက်၊ ထောင် ၄ လ နှင့် $2200 ဖြစ်ပြီး စင်ကာပူသမ္မတ နှင့် အမေရိကန်သမ္မတတို့၏
သနားကြင်နာမှုကြောင့် ပြစ်ဒါဏ်ကို လျှော့ချခဲ့ခြင်း ဖြစ်ပါသည်။)

Michael Fay နှင့်အတူ အခြား နိုင်ငံခြားသား လူငယ် ၈ ဦးလည်း ပါသေးသည်။
၁၅ နှစ်သားအရွယ် မလေးလူမျိုး နှစ်ဦး၊ ၁၆ နှစ်အရွယ်သြစတေးလျလူမျိုး၊ ၁၆ နှစ်နှင့် ၁၈
နှစ် အသီးသီးရှိ အမေရိကန် နှစ်ဦး၊ ၁၆ နှစ်အရွယ် ဟောင်ကောင် သားနှင့် ထိုင်းသံအမတ်၏ သား
တို့ဖြစ်သည်။ သူတို့သည် ကားစီးရေ အတော်များများကို ဆေးများဖြင့်လိုက်မှုတ်ခြင်း
အုတ်ခဲ ကျိုးများ၊ ကြက်ဥများ ဖြင့်ပေါက်ခြင်း၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း တို့ ပြုလုပ်ခဲ့ကြသည်။



လွန်ခဲ့သော ဆယ်နှစ်အတွင်း ဤကဲ့သို့ နိုင်ငံပိုင်ပစ္စည်းများကို ဖျက်ဆီးသူ
နိုင်ငံခြားသားများအား အပြစ်ပေးခဲ့သည့် အရေအတွက်မှာတစ်ဒါဇင်ကျော် ရှိပြီ ဖြစ်ပါသည်။

ကလေးများနှင့် အမျိုးသမီးများကို ကြိမ်ဒါဏ်မပေးပါ။ တစ်ကြိမ်ထည်း ရိုက်နိုင်သော အများဆုံးကြိမ်ဒါဏ်မှာ
၂၄ ချက် ဖြစ်ပါသည်။ကြိမ်လုံးအရွယ် အစားမှာ အရှည် ၁.၂ မီတာ (၃ ပေနှင့် ၁၁ လက်မ)၊ အထူ
၁.၃ စင်တီမီတာ (လက်မ၀က်) ဖြစ်၏။

(Ref: Prison Regulations 132(2))၊ ကြိမ်ကို ပျော့ပြောင်းစေရန် တစ်ညလုံး ရေစိမ်ထားပြီး
ရိုက်ခြင်း ဖြစ်ပါသည်။ ကြိမ်ဒါဏ်မပေးမီ ကြိမ် ရိုက်ခံရန် သင့်မသင့် ဆရာဝန်က
အလျင်စစ်ပါသည်။ ကြိမ်ရိုက်ခံနိုင်ရန် ကျန်းမာရေးအခြေအနေ ကောင်းသည်ဟု ထောက်ခံ
ချက်ရမှ ရိုက်ခြင်း ဖြစ်ပါသည်။ ကြိမ်ဒါဏ်တစ်ချက်နှင့် တစ်ချက်အကြား မိနစ်ဝက်ခန့် ခြားပါသည်။

၁၉၈၈ ခုနှစ် ဧပြီလ ၈ ရက်နေ့က လက်နက်ကိုင် ဒါးပြတိုက်မှုဖြင့် အသက် ၂၆ နှစ်ရှိသူ
Quek Kee Chong ကို Changi အကျဉ်းထောင်တွင် တစ်နေ့ထဲ ကြိမ်ဒါဏ် ၄၈ ချက်
ကျခံစေခဲ့သဖြင့် ၎င်းက တင်ပါးအသားများကို ဆိုးရွားစွာ ပျက်စီး စေမှုဖြင့် စင်ကာပူအစိုးရကို
တရားစွဲခဲ့သည်။ ဥပဒေအရ တကြိမ်ထည်းဆိုလျှင် ၂၄ ချက်ထက် မများစေသော ကြိမ်ဒါဏ်ကို သာ
ကျခံစေရမည် ဖြစ်ပါသည်။

ကြိမ်ဒါဏ်ပေးနိုင်သော အမှုများမှာ Criminal Procedure Code အရ ၃၀ ခန့်ရှိပါသည်။
ထိုအထဲတွင် လူသတ်မှု၊ လူဆိုးဂိုဏ်း၊ မူးယစ်ဆေးမှု၊ အများပြည်သူပိုင်ပစ္စည်းများအား
ဖျက်ဆီးမှု (ထိုဖျက်ဆီးမှုများတွင် မြန်မာပြည်၌ အများဆုံး တွေ့ရတတ်သည့် နံရံများတွင်
အရုပ်များဆွဲခြင်း၊ စာများရေးခြင်းပိုစတာများကပ်ခြင်း၊ ဒါးနှင့်ခြစ်ခြင်း၊ ထိုင်ခုံကို ဒါးနှင့်ခွဲခြင်း၊
ဆေးမှုတ်ခြင်း စသည်တို့ ပါဝင်ပါသည်။)၊ မုဒိန်းမှု၊ ဖောက်ထွင်းမှု၊ ဒါးပြမှု၊
ခိုးမှု ပြည့်တန်ဆာ အရောင်းအ၀ယ်လုပ်မှု စသည်တို့ကို ကြိမ်ဒါဏ်ပေးနိုင် ပါသည်။

Mandatory ကြိမ်ဒါဏ်ဟူသည် ဥပမာ - မူးယစ်ဆေး(အချို့ပမာဏ) လက်ဝယ်တွေ့ရှိခြင်းတွင်
ကြိမ်ဒါဏ်မှအပ အခြားပြစ်ဒါဏ် မရှိခြင်း၊ overstay ရက် ၃၀ ကျော်သည်နှင့် ကြိမ်ဒါဏ် ၃ ချက်
ကျခံရမည် ဟု အလိုလိုသတ်မှတ်ပြီးသားဖြစ်ခြင်း စသည်တို့ကို ခေါ်ပါသည်။ (သို့သော် ၁၉၉၄
ခုနှစ်ကမူ သူ၏ ဗီဇာထက် ရက်ကျော်နေသော အသက် ၄၅ နှစ်အရွယ် ပြင်သစ်နိုင်ငံသားတစ်
ဦးကိုမူ ကြိမ်ဒါဏ် ၅ ချက်နှင့် ထောင်ဒါဏ်၈ လ ကျခံစေခဲ့သည်။)



ကြိမ်ဒါဏ်ပေးနိုင်သော ပြစ်မှုများနှင့် ကြိမ်ဒါဏ်အရေအတွက်ကို
http://www.corpun.com/sgjur2.htm တွင်ကြည့်နိုင်ပါသည်။

ပုံမှန်အားဖြင့် ကြိမ်ဒါဏ်ပေးနိုင်သည့် အသက် မှာ ၁၈ နှစ်မှ ၅၀ အတွင်း ဖြစ်ပါသည်။ ၁၆ နှစ်အထက်
၁၈ နှစ် အောက်အတွင်းဆိုလျှင် အများဆုံးကြိမ်ဒါဏ်ကို ၁၀ ချက်ဟု သတ်မှတ်ထားပါသည်။ သေဒါဏ်ကျခံပြီးသူများကို ကြိမ်ဒါဏ် မပေးပါ။

မှတ်တမ်းများအရ ကြိမ်ဒါဏ်ပေးခဲ့သော ပြစ်မှုများမှာ ၁၉၈၇ ခုနှစ်တွင် ၆၀၂၊ ၁၉၈၈ ခုနှစ်တွင် ၆၁၆၊ ၁
၉၉၂ ခုနှစ်တွင် ၁၄၂၂၁၉၉၃ ခုနှစ်တွင် ၃၂၄၄၊ ၂၀၀၆ ခုနှစ်တွင် ၅၉၈၄၊ ၂၀၀၇ ခုနှစ်တွင် ၆၄၀၄
(၇ ရက်တစ်ပတ်လျှင် ကြိမ်ဒါဏ် ၁၂၀ နှုံး) မှု ဖြစ်ပါသည်။ များသောအားဖြင့် ကြိမ်ဒါဏ်ကို
Changi Prison တွင်ပေးပါသည်။

ဓါတ်လှေခါးအတွင်း အမျိုးသမီးတစ်ဦးကို နသားပါးယားလုပ်မှုဖြင့် အသက် ၁၈ နှစ်အရွယ်
Goh Cheng Yew ဆိုသူကို ကြိမ်ဒါဏ် ၃ ချက်နှင့် ထောင် ၆ လ ကျခံစေခဲ့သည်။ အမျိုးသမီး
တစ်ဦးဦး၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုကို နသားပါးယား လုပ်လိုစိတ်နှင့် ထိ၊ ကိုင် သူအား
ကြိမ်ဒါဏ် ၃ ချက်နှင့် ထောင် ၉ လ ကျခံစေရန် ၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှ စတင်သတ်မှတ်ခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

အေးငြိမ်း

၁၉-၈-၂၀၁၀
http://myanmarinsingapore.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။