ဓာတ်ပုံ ... ဧရာဝတီမှ
စိုင်းဇွမ်ဆိုင်း
Saturday, May 22, 2010
ထိုင်းနိုင်ငံ၌ ရှပ်နီဝတ်များ ဆန္ဒပြမှုကြောင့် ည မထွက်ရ အမိန့် ထုတ်ပြန်လိုက်သည့်အတွက် ချင်းမိုင်မြို့ညဈေး (Night Bazaar)တွင် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများ အပေါ် ထိခိုက်မှုများ ရှိကြောင်း သိရှိရသည်။
“အနီတွေ ဆန္ဒပြတဲ့ မေလ ၁၉ ရက် ကတည်းက အဖြူ (နိုင်ငံခြားသား) တွေ အပြင်မထွက်ကြတော့ဘူး၊ သူတို့ကိုပဲ အဓိကထားရောင်းနေရတဲ့ ကျနော်တို့အတွက် တော်တော်ကို အခက်အခဲ ဖြစ်ကြရပါတယ်”ဟု ညဈေးတွင် ကိုယ်ပိုင်ဆိုင် ဖွင့်လှစ်ရောင်းချနေသော ကိုဘင်ဂျမင် ဆိုသူက ပြောသည်။
ရှပ်နီဝတ်များ၏ ဆန္ဒပြမှုကြောင့် ယခုလ ၁၉ ရက်နေ့မှစ၍ လက်ရှိ ထိုင်းအာဏာပိုင်များက ည ၈ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ ကာဖျူး အမိန့်ထုတ်ပြန်ခဲ့သည်။
“အရင်ကဆိုရင် ည ၁၂ နာရီလောက်အထိ ရောင်းတယ်၊ အခုတော့ ၈ နာရီလောက်ဆိုရင် ဆိုင်သိမ်းရပြီ၊ ရောင်းအား ကျသွားတာက ရောင်းချိန်နည်းသွားတာလည်း ပါတာပေါ့၊ အခြေအနေက ဒီအတိုင်းပဲ ဆက်သွား နေမယ်ဆိုရင် မြန်မာပြည်က အိမ်ပဲ ပြန်နေဖြစ်တော့မယ်ထင်တယ်”ဟု ကိုဘင်ဂျမင်က ဆက်ပြောသည်။
ချင်းမိုင်မြို့မှ ညဈေးသည် ယခုလ ၁၉ ရက်နေ့က ရှပ်နီဝတ်များ ဆန္ဒပြခဲ့သော မြို့တော်ဝန် အိမ်အနီးတွင် တည်ရှိပြီး မြန်မာနိုင်ငံမှ ကချင်၊ ဗမာ၊ ရှမ်း၊ ကရင်၊ ပအို့ဝ် စသည့် တိုင်းရင်းသား လူမျိုး ခန့်မှန်းခြေ ၂၀၀ ကျော် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ချုပ် ဖိနပ်များကို ရောင်းချသော ကချင်အမျိုးသမီးတဦးဖြစ်သူ မအနား ဆိုသူကလည်း“ကျမ ဒီမှာ ဆိုင်လာဖွင့်တာ လေးနှစ်ကျော်ပြီ၊ ဒီလိုမျိုး ဈေးရောင်း မကောင်းတာ တခါမှ မရှိခဲ့ဖူးဘူး”ဟု ဆိုသည်။
ချင်းမိုင် ညဈေးတွင် ကိုယ်ပိုင်ဆိုင် ဖွင့်လှစ်ရောင်းချနိုင်သော သူများ အနည်းငယ်သာရှိပြီး အများစုမှာ လခစား၊ နေ့စား အလုပ်သမားများအဖြစ်နှင့် လုပ်ကိုင်ကြရသူများဖြစ်သည်။
ယင်း ညဈေးတွင် အလုပ်လုပ်နေသည့် နန်းဟွမ် ဆိုသူ ရှမ်းအမျိုးသမီးတဦးက“ခုလို ဈေးရောင်းမကောင်းတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားထဲမှာ ပြဿနာတွေ ဖြစ်လာပါတယ်၊ တချို့အလုပ်ရှင်တွေက အလုပ်သမားကို လုပ်အားခ မပေးဘဲနဲ့ အလုပ် နားခိုင်း လိုက်တာမျိုး၊ နေ့စားနဲ့ လုပ်တဲ့သူတွေဆိုလည်း ချက်ချင်းကြီး အလုပ်နား ခိုင်း တာမျိုးတွေ ဖြစ်နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ငွေထည်ပစ္စည်းများ၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဖန်စီ ပစ္စည်းများ၊ စားသောက်ကုန်များ၊ လက်မှု အနုပညာ ပစ္စည်းများ အစရှိသည့် ရိုးရာ ပစ္စည်းများကို ချင်းမိုင် ညဈေးတွင် ရောင်းချကြခြင်းဖြစ်သည်။
ဈေးအကူရောင်းသည့် ကိုပေါက် ဆိုသူက“အရင်တုန်းက ဈေးရောင်းမကောင်းဘူးဆိုရင် တရက်ကို ဘတ် ၂၀၀၀၊ ၃၀၀၀ ဝန်းကျင် လောက် ရသေးတယ်၊ အခုဆိုရင် တရက်တရက်ကို ၆၀၀၊ ၇၀၀ လောက်ပဲရတော့တယ်”ဟု ဆို သည်။
ည မထွက်ရ အမိန့်ကြောင့် ညဘက် ဈေးရောင်းချိန် နည်းသွားသဖြင့် တချို့သော ဆိုင်ရှင်များက မိမိတို့ ပစ္စည်း များကို တနိုင်တပိုင် သယ်ဆောင်ပြီး နေ့ခင်းဘက်၌ နိုင်ငံခြားသားများ ရှိတတ်သော နေရာများတွင် လိုက်လံ ရောင်းချခြင်းမျိုးများ ရှိကြောင်းလည်း စုံစမ်း သိရှိရသည်။
ယခုနှစ် မတ်လ ၁၂ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ ၂ လကျော် ကြာမြင့်ခဲ့သော ရှပ်နီတို့၏ ဆန္ဒပြမှုတွင် ဘန်ကောက်မြို့၏ အချက်အချာနေရာဖြစ်သော ပသူးနမ်းဈေး၊ Central World၊ Big C ၊ Carrefour စသည့် ကုန်တိုက်များနှင့် ရွှေဆိုင်များလုယက်ခံခဲ့ရပြီး နောက် Central World Shopping mall သည် မီးရှို့ခံရ၍ ပြိုကျ သွားခဲ့ရသည်။
အဆိုပါ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ကို ထောက်ခံသော ရှပ်နီများ၏ ဆန္ဒပြမှု အတွင်း စုစုပေါင်း ၈၅ ဦး သေဆုံးခဲ့ပြီး ၁၃၇၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

http://www.irrawaddy.org/
0 comments:
Post a Comment