Home » » အဓမ္မ တောင်းရမ်းခိုင်းခံရသော ကလေးငယ် ၆ ဦးကို ကယ်တင်

အဓမ္မ တောင်းရမ်းခိုင်းခံရသော ကလေးငယ် ၆ ဦးကို ကယ်တင်

Written By မောင်စေတနာ on Thursday, July 28, 2011 | 9:30:00 PM

http://www.irrawaddy.org/bur/images/stories/TACDB-02.jpg
လွန်ခဲ့သည့် ဇွန်လက ဆူဖန်ဘူရီခရိုင် ဆမ်ချုပ်မြို့နယ်တွင် ကယ်တင်ထားသော လူကုန်ကူးခံရသည့်
မြန်မာများ (ဓာတ်ပုံ - TACDB)

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် လူကုန်ကူးခံရပြီး အတင်းအဓမ္မ တောင်းရမ်းခိုင်းခံရသည်ဟု ယူဆရသော မြန်မာ ကလေး ၆ ဦးကို ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် နေအိမ်တခု၌ သွားရောက်ကယ်တင်ခဲ့သည်။

တရားခံဟု ယူဆရသော အသက် ၅၇ နှစ်အရွယ်ရှိ ဦးတင်ငွေ၊ ၅၄ နှစ် အရွယ် ဇနီး ဒေါ်ရွှေကြည်၊ ၄၇ နှစ်အရွယ် ဒေါ်မချိုဦးတို့ကို ချင်းမိုင်မြို့ရှိ မဲ့ပင်း ရဲစခန်းတွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

“ဦးတင်ငွေကို လူကုန်ကူးမှု၊ ကလေးတွေကို အတင်းအဓမ္မ ခိုင်းစေမှုတွေအပြင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနဲ့ တရားစွဲ ထားတယ်” ဟု ဒု ရဲမှူးကြီး ဆိုင်ပင်တိကျရက်က ဧရာဝတီကို ပြောသည်။

ယင်းအမှုကို လတ်တလော စစ်ဆေးနေပြီး မကြာခင် တရားရုံးသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါ ဒု ရဲမှူးကြီးက ဆိုသည်။

ဦးတင်ငွေက ၎င်းသည် ပဲခူးတိုင်း ဇာတိဖြစ်ကြောင်း၊ ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် ၎င်း၏ဇနီး ဒေါ်ရွှေ ကြည်ရှိရာသို့ ၂၀၁၀ ခုနှစ် ဧပြီလက ရောက်ရှိခဲ့ကြောင်း ပြောသည်။

ဦးတင်ငွေက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ ၎င်း၏ မြေးအရင်းက အငြိုးထားပြီး ယခုကဲ့သို့ စွပ်စွဲခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယခု ကယ်တင်လိုက်သည်ဆိုသော ကလေးငယ်များမှာ ၎င်းတို့နှင့် ဆွေးမျိုးတော်စပ်သည်ဟု ထိမ်းသိမ်းခံထားရသော ဦးတင်ငွေက ပြောသည်။

“မြေးအရင်းကို သွားပြီတော့ မတော်တရောလုပ်ရမယ် ဆိုတဲ့ အဆင့်ဆိုရင် ကျနော်ဟာ ဘာဖြစ်သွားမလဲ၊ ခွေးလောက်မှ တန်းဖိုးမရှိတဲ့ လူဖြစ်သွားမှာပေါ့” ဟု ဦးတင်ငွေက ဆက်ပြောသည်။

ကယ်တင်ခဲ့သော ကလေး ၆ ဦးကို မိသားစုနှင့် ကလေးများ စောင့်ရှောက်ရေး ချင်းမိုင်ဂေဟာ (Chiang Mai Shelter for Children and Families) တွင် ထိန်းသိမ်းထားပြီး ဦးတင်ငွေနှင့် ဆွေမျိုးသားရင်း ဟုတ်မဟုတ် DNA စစ်ဆေးနေကြောင်း ၎င်းစခန်းမှ တာဝန်ရှိသူ Ms. Mingkhwan Weerachart က ဧရာဝတီကို ပြောသည်။

“ဖမ်းလာတဲ့ ကလေးတွေနဲ့ စကားပြောကြည့်တော့ သူတို့တောင်းစားတဲ့အချိန်မှာ မူးယစ်ဆေးလို ဆေးတမျိုး တိုက်ကျွေးတယ်လို့ ပြောတယ်” ဟု Ms. Mingkhwan က ဆိုသည်။

အဖမ်းခံရသော ကလေးများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ ဆွေမျိုးများနှင့် ဆက်သွယ်၍ ပြန်ပို့ပေးမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း ချင်းမိုင်ခရိုင် ဟော့မြို့နယ် စစ်ဆေးရေး ဂိတ်တွင် လူကုန်ကူးခံရသည်ဟု ယူဆရသော မြန်မာကလေးငယ် ၁၅ ဦးကို ထိုင်းအာဏာပိုင်များက ကယ်တင်၍ ဆွေမျိုးမိဘများထံ ဆက်သွယ်ပြီး နယ်စပ်သို့ ပြန်လည် လွှဲပေးခဲ့ကြောင်း Ms. Mingkhwan က ပြောသည်။

မြန်မာ နိုင်ငံသားများ လူကုန်ကူး ခံရနေခြင်းသည် စီးပွားရေးကျပ်တည်းပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် ဖြစ်ကြောင်း ၀ါရှင်တန် အခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ဆိုသည်။

World Vision အဖွဲ့ကလည်း အာရှနိုင်ငံများတွင် လူကုန်ကူးမှုများရှိသော်လည်း ထိုင်းနိုင်ငံတွင် အများဆုံးဖြစ်ကြောင်း ပြော ဆိုသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။