Home » » အခြေခံလုပ်သားများ လုပ်ခ၏ ၂၀ ရာခိုင်နှုန်း လစဉ်ပေးသွင်းလျှင် အိမ်ပိုင်နိုင်မည်

အခြေခံလုပ်သားများ လုပ်ခ၏ ၂၀ ရာခိုင်နှုန်း လစဉ်ပေးသွင်းလျှင် အိမ်ပိုင်နိုင်မည်

Written By မောင်စေတနာ on Sunday, October 21, 2012 | 1:18:00 PM


အခြေခံ အလုပ်သမားများ လုပ်ခ လစာ၏ အနိမ့်ဆုံး ၂၀ ရာခိုင်နှုန်းကို ပေးသွင်းလျှင် လူမှုဖူလုံရေး ဥပဒေအရ အိမ်ပိုင် ဆိုင်နိုင်မည်ဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောကြားသည်။ 

အင်းယားလိတ် ဟိုတယ်တွင် အောက်တိုဘာလ ၁၆ ရက်နေ့က ပြု လုပ်သော ရန်ကုန် တိုင်းဒေသကြီး အတွင်း လူမှုဖူလုံရေး အိမ်ရာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ 

အလုပ်သမားများ လုပ်ခလစာမှ လစဉ် အရစ်ကျ စုဆောင်းရမည့် နှုန်းထားကို ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဟု သတ်မှတ်ထားပြီး အိမ် တန်ဖိုးကို A အဆင့် ကျပ်သိန်း ၅၀၊ B အဆင့် ကျပ်သိန်း ၈၀၊ C အဆင့် ကျပ်သိန်း ၁၀၀ ဟု သုံးမျိုး သတ်မှတ် ထားကြောင်း၊ အလုပ်သမားများ လုပ်ခ လစာ ရရှိမှုကိုလည်း သုံးမျိုး ခွဲခြားထားပြီး တစ်လလျှင် ကျပ် ၆၀,၀၀၀ ရရှိသော အဆင့်၊ ကျပ်တစ်သိန်း ရရှိသော အဆင့် ကျပ် ၁၂၀,၀၀၀ ရရှိသော အဆင့်ဟု သုံးမျိုး ခွဲခြားထားကြောင်း ၎င်းကဆိုသည်။ 

အဆိုပါ အိမ်တန်ဖိုး၏ တစ်ဝက်ကို ပေးသွင်းပြီး သို့မဟုတ် သုံးပုံ နှစ်ပုံကို ပေးသွင်းပြီးပါက ယင်းအိမ်ကို နေထိုင်ခွင့် ပေးမည်ဖြစ်ပြီး ကျန်ငွေများကို လစာ မှ လစဉ် ဖြတ်တောက်သွားမည် ဖြစ်ကြောင်း၊ အနည်းဆုံး တစ်ဝက်ပေး စုဆောင်းပြီး မဟုတ်သော အလုပ်သမား များမှာမူ နေထိုင်လိုပါက လစဉ် အရစ်ကျ စုဆောင်းရမည့် အပြင် ငှားရမ်းသုံး စွဲခကိုပါ ပေးရမည်ဖြစ်ကြောင်း ဦးယုလွင်အောင်က ဆိုသည်။ 

အလုပ်သမားများကို အိမ်တန်ဖိုး ၏ တစ်ဝက် ပေးသွင်းပြီးမှသာ နေထိုင်ခွင့် ရမည်ဆိုပါက တစ်ဝက် မပြည့်ခင် ငှားရမ်းနေထိုင်ရမည် ဆိုသော အချက်သည် အလုပ်သမားများအတွက် အလွန် နစ်နာကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဌေးက ယင်း အခမ်းအနားတွင် သုံးသပ်ပြောကြား သည်။ “အိမ်ပိုင်ဖို့အတွက် လစဉ်လည်း အရစ်ကျ သွင်းရမယ်၊ တစ်ဝက် မပြည့် သေးလို့ ငှားရမ်းခပါ ပေးရမယ်ဆိုရင် အလုပ်သမားတွေက မိအေး နှစ်ခါနာမယ်။ 

အဲဒါဆိုရင် အလုပ်သမားတွေ အတွက် အကျိုးမဖြစ်နိုင်ဘူး” ဟု ၎င်းက သုံးသပ်သည်။ အိမ်တန်ဖိုး၏ လစဉ်အရစ်ကျ စနစ်ဖြင့် စုဆောင်းသူများကို ၀န်ဆောင် စရိတ်ကိုသာ ယူပြီး ခွင့်ပြုမိန့်ဖြင့် နေထိုင်ခွင့် ပြုသင့်ကြောင်း၊ လစဉ် အရစ်ကျ စုဆောင်းမှုတွင် အလုပ်သမား များ ရရှိသော လုပ်ခ၏ လေးပုံ တစ်ပုံ ၂၅ ရာခိုင်နှုန်းခန့်ကို သာ အများဆုံး စုဆောင်းသင့်သည်ဟု အဆိုပါ အခမ်း အနားကို တက်ရောက်လာသူများက အကြံပြုခဲ့ကြကြောင်း ၎င်းက ထပ်မံပြော ကြားသည်။ 

၈၈ မျိုးဆက်ကျောင်းသားတစ်ဦး ဖြစ်သူ ဦးမင်းဇေယျကမူ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကို အကြောင်းပြု၍ လုပ်ငန်းရှင်များက ၀င်ရောက် အခွင့်ကောင်း ယူသွားမည်ကိုလည်း စိုးရိမ်ရကြောင်း ရှင်းပြသည်။ လူမှုဖူလုံရေး ဥပဒေအရ အလုပ် သမားများ အမှန်တကယ် အိမ်ပိုင်ဆိုင် နိုင်ရေးအတွက် လူမှုဖူလုံရေး နည်း ဥပဒေ ပြဋ္ဌာန်းရာတွင် အထောက်အကူ ပြုစေရန် ကဏ္ဍ အသီးသီးမှ ပုဂ်္ဂိုလ်များ ၏ အကြံဉဏ်ကို ရယူခြင်းဖြစ်ပြီး မန္တလေးမြို့တွင်လည်း ယင်းကဲ့သို့ အခမ်း အနား ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးယုလွင်အောင်ကဆိုသည်။ 

 ရန်ကုန်မြို့တွင် လူဦးရေ ခြောက်သန်း ရှိသည့်အနက် ၁၅ ရာခိုင်နှုန်းခန့် သာ အိမ်ပိုင်ဆိုင်သူများ ဖြစ်ကြကြောင်း အလုပ်သမား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးဦးမြင့်သိန်းက ယင်းအခမ်းအနား တွင်ပြောကြားသည်။ အလုပ်သမား ၀န်ကြီးဌာနက ခေတ်နှင့် လျော်ညီမှု မရှိ တော့သည့် ၁၉၂၃ ခုနှစ်လျော်ကြေး ဥပဒေကို လာမည့် နိုဝင်ဘာလတွင် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာန ဗဟိုပြည်တွင်း ကုန်တင်ကုန်ချ ကော်မတီရုံးမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း က ပြောကြားသည်။ 

“လွတ်လပ်ရေး မရခင်က ဥပဒေ ဖြစ်နေတာက တစ်ကြောင်း၊ မူရင်း ဥပဒေ ကလည်း အင်္ဂလိပ်လို ဖြစ်နေတဲ့အတွက် ကန့်သတ်ချက်တွေကို အပြည့်အ၀ သိဖို့လည်း မလွယ်ဘူး။ နိုင်ငံတကာ စံနှုန်းရော၊ အာဆီယံ ဒေသတွင်း ဥပဒေနဲ့ရော နှိုင်းယှဉ်လိုက်ရင် ကျင့်သုံးဖို့ကလည်း အဆင်မပြေတဲ့ အတွက် မဖြစ်မနေ ပြင်ဆင်မှသာ ပြည်သူ လူထု အတွက် အကျိုး ရှိမယ်” ဟု ၎င်းကဆိုသည်။ 

အလုပ်သမား ၀န်ကြီးဌာနသည် ၁၉၂၃ ခုနှစ်တွင် ရေးဆွဲခဲ့သည့် အလုပ်သမား လျော်ကြေးဥပဒေကို ပြင်ဆင်ရေး ဆွဲနိုင်ရေးအတွက် ဆွေးနွေးပွဲကို ယခု လ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား ၀န်ကြီးဌာန၌ ပြုလုပ်ခဲ့ ပြီးဖြစ်သည်။ 

 Source by :http://yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။