Home » , , » စင်္ကာပူမှာကြုံရတဲ့ သတင်းလွတ်လပ်ခွင့်နေ့

စင်္ကာပူမှာကြုံရတဲ့ သတင်းလွတ်လပ်ခွင့်နေ့

Written By မောင်စေတနာ on Saturday, May 5, 2012 | 10:00:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8l3t5aWoFtO5q7enLKFFq0Y9AKkiywbe4Cz-8eQT5LErmHlgWGYBIV7hFzbTBghlGXOd16Dc69pP1YOdvocd6TdBYjPZjkpnl_qmiTpR1p_qRy9_lzPlMAio_DCoXUmqDtSss-9HQPtk/s400/380732_400154200007089_100000375386111_1254705_539200658_n.jpg

ဝမ်းနည်းခြင်း အထိမ်းအမှတ် အနီရောင် မိုးပျံပူပေါင်းများ

မိုးပျံပူပေါင်း အလုံး ၆၀ တပြိုင်နက် လွင့်တက်သွားသည်။ ထူးခြားသည်က ပူပေါင်း ၅၉ လုံးမှာ အဖြူဆွတ်ဆွတ်များ ဖြစ်ပြီး တလုံးတည်းသော ပူပေါင်းက အနီရောင်ဖြစ်သည်။ ထိုအနီရောင်ပူပေါင်းက ကျန်ပူပေါင်းများထက် ၂ စက္ကန့်ခန့် စောစွာ ကောင်းကင်သို့ လွင့်တက်သွားသည်။

သောကြာနေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့သတင်းစာ လွတ်လပ်ခွင့်နေ့ အထိန်းအမှတ်အဖြစ် စင်ကာပူနိုင်ငံ နန်ယန်း တက္ကသိုလ် Asia Journalism Fellowship (AJF) ၂၀၁၂ အစီအစဉ် တက်ရောက်နေသည့် အာရှနိုင်ငံ ၁၄ နိုင်ငံမှ သတင်းထောက်များအပါအဝင် သတင်းထောက်များက Wee Kim Wee အဆောင်ရှေ့တွင် ထိုပူပေါင်းများကို လွှင့်တင်လိုက်ခြင်း ဖြစ်သည်။

လုပ်ကြံခံခဲ့ရတဲ့ ပါကစ္စတန် သတင်းထောက် (ဓာတ်ပုံ - AJF)

AJF အစီအစဉ် စတင်သည်မှာ ယခုနှစ်ပါနှင့်ဆို ၄ ကြိမ် ရှိပြီ၊ စုစုပေါင်း သတင်းထောက် ၆၀ တက်ရောက်ခဲ့သည်ကို အစွဲပြု၍ မိုးပျံပူပေါင်း အလုံး ၆၀ လွှင့်တင်ရန် AJF ကို ဦးဆောင်ပါဝင်သူ တဦးဖြစ်သော ပါမောက္ခ ချယ်ရန် ဂျော့ခ်ျက စီစဉ်ခဲ့ခြင်း ဖြစ်၏။

လွှင့်တင်ခဲ့သည့် ပူပေါင်း ၆၀ ထဲမှ အနီရောင်တလုံးကတော့ ပါကစ္စတန်နိုင်ငံမှ အယ်ဒီတာ Murtaza Razvi ကို ကိုယ်စား ပြုပါသည်။ သူက ၂၀၀၉ ခုနှစ် AJF ပထမဆုံး အသုတ်မှ Senior Fellow တဦးဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းက ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ ကွယ်လွန်ချိန်တွင် သူ့အသက်က ၄၈ နှစ် ရှိပြီ။

“သူက ကျမတို့နိုင်ငံမှာ လူသိများတဲ့ သတင်းစာဆရာတယောက်ပါ။ မူဆလင် ဘာသာဝင် တဦးဖြစ်ပေမယ့် ပါကစ္စတန်နိုင်ငံရဲ့ လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူ ဘာသာဝင်တွေ ဘက်က ရပ်တည်ပြီး သတင်းတွေ၊ ဆောင်းပါးတွေ ရေးသားခဲ့သူ တဦးပါ။ ကျမတို့ရဲ့ အစ်ကိုကြီးလို့လည်း ပြောနိုင်ပါတယ်။ ကျမတို့နိုင်ငံမှာ သတင်းသမားတွေ အသတ်ခံရတာ အခြိမ်းခြောက် ခံရတာ ဒါ ပထမဆုံးတော့ မဟုတ်ဘူး” ဟု AJF ၂၀၁၂ မှ ပါကစ္စတန် နိုင်ငံသူ မစ္စ ဂိုနီလာ ဂေလ်က ရှင်းပြသည်။ သူက Murtaza Razvi အတွက် ကိုယ်စားပြုသည့် အနီရောင် ပူပေါင်းကို လွှင့်တင်ခဲ့သည်။

ကမ္ဘာအရပ်ရပ်တွင် အမှန်တရားကို ဖော်ထုတ်ရေးသား တင်ဆက်နေသူ သတင်းသမားများအတွက် အန္တရာယ်ရှိနေဆဲ၊ အခြိမ်းခြောက် ခံနေရဆဲဖြစ်သည်။ Murtaza Razvi ၏ လက်တလော အဖြစ်အပျက်က သတင်းသမားများ ကြုံတွေ့ရနိုင်သည့် အန္တရာယ်ကို ညွှန်ပြနေသည်။

အခန်းအနားတွင် ပူပေါင်းများ မလွှတ်တင်မီ သီရိလင်္ကာနိုင်ငံမှ မစ္စ ခရစ်ရှနီးကလည်း သူတို့ သီရိလင်္ကာနိုင်ငံက ခွဲခြား ဆက်ဆံမှုနှင့် ပတ်သက်ပြီး ပြောပြသည်။ သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သည့် ဆယ်စုနှစ် တခုအတွင်း တမီလ် လူနည်းစု သတင်းထောက် ၁၀ ဂဏန်းများစွာ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

ခရစ်ယာန် ဘာသာဝင်တဦးဖြစ်သည့် မစ္စ ဂိုနီလာ ဂေလ်က “ကျမ ကိုယ်တိုင်လည်း ၂၀၀၈ ခုနှစ်လောက်က လူများစု မူဆလင် ဘာသာဝင် တချို့ရဲ့ ခြိမ်းခြောက် တာကို ခံခဲ့ရတယ်” ဟု ပြောပြသည်။

ပါကစ္စတန်နိုင်ငံတွင် လူနည်းစု ဟိန္ဒူဘာသာဝင်များ အနေဖြင့် ဈာပန ကိစ္စတွင် ၎င်းဘာသာဝင်များ၏ ရိုးရာ မီးသင်္ဂြိုဟ်ခွင့်ကို တားမြစ်ပိတ်ပင်ခြင်း ခံနေရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ မစ္စ ဂိုနီလာက ဖော်ထုတ်ရေးသားခဲ့ရာ မူဆလင် ဘာသာဝင် တချို့က သူ့အိမ်သို့လာရောက်၍ မှတ်တမ်းယူ ခြိမ်းခြောက်ခဲ့သည်ဟု ပြောပြသည်။

အမှန်တရားကို ဖော်ထုတ်ရေးသားရန် ကြိုးစားရင်း၊ လူနည်းစု အားနည်းသူဘက်မှ ရပ်တည်ကာ အဖြစ်မှန်ကို ကမ္ဘာက သိအောင် ပေါင်းကူးပေးရန်ကြိုးစားရင်း နည်းအမျိုးမျိုးဖြင့် အသက်စွန့်သွားသူ သတင်းထောက်များစွာ ရှိပါသည်။

မြန်မာပြည်တွင်လည်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလကို မှတ်တမ်းတင်ရင်း သေနတ်ပြောင်းဝတွင် အသက်စွန့်သွားရသူ ဂျပန်သတင်းထောက် ခန်းဂျိ နာဂအိဆု ၏ အဖြစ်အပျက်က ပူနွေးဆဲ ရှိသေးသည်။ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် မြန်မာသတင်းထောက် ဆယ်ဂဏန်းမက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၂၀၀၈ မေလ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲ အဖြစ်အပျက်များကို မှတ်တမ်းတင်သူ သတင်းထောက်များ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။

အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်လိုက်သော အမေရိကန်ပြည်ထောင်စု နယူးယောက် အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) အဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံ၏ သတင်းစာ လွတ်လပ်ခွင့်သည် အီရန်၊ ဆီးရီးယား၊ မြောက်ကိုးရီယား၊ ဥဇဘက်ကစ္စတန်၊ အီကွေတိုရီယယ် ဂီနီနှင့် အီရီထရီးယား နိုင်ငံများ ပြီးလျှင် အဆိုးဆုံး အဆင့်တွင် ရှိနေဆဲဟု သိရသည်။

နိုင်ငံ ၁၄ နိုင်ငံမှ AJF ၂၀၁၂ သင်တန်းသားများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ သတင်းစာလွတ်လပ်ခွင့်နေ့တွင် ၎င်းတို့၏ Senior Fellow Murtaza Razvi သေဆုံးရခြင်းအတွက် ဝမ်းနည်းကြောင်း၊ ဂုဏ်ယူကြောင်း အပါအဝင် အာရှ နိုင်ငံအသီးသီးမှ အဖိနှိပ်ခံ ပြည်သူများအကြောင်း၊ လူ့အခွင့်အရေးအကြောင်း ထုတ်ဖော်ရေးသားနေသည့် သတင်းသမားများအား ခြိမ်းခြောက် သတ်ဖြတ်မှု မပြုရန်၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ရရှိရန် တောင်းဆိုချက်တစောင် ရေးသားဖြန်ချိလိုက်ပါသည်။

“အာရှနိုင်ငံအသီးသီးက အစိုးရတွေကို အရေးတကြီး တောင်းဆိုချင်တာကတော့ သတင်းသမားတွေအပေါ် နှိပ်ကွပ်တာ၊ အကြမ်းဖက် သတ်ဖြတ်တာတွေကို ဆန့်ကျင် အရေးယူပေးပါဆိုတာပါပဲ” ဟု AJF ၂၀၁၂ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သက်ဆိုင်ရာ အစိုးရကြောင့် ဖြစ်စေ၊ အင်အားကြီးသူ များကြောင့်ဖြစ်စေ သတင်းသမားများ အကြမ်းဖက်ခံရမှု၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခြင်း အတွက် ပိတ်ပင်ခံရမှုများမှ ကင်းဝေးစေရန် ရည်ရွယ်၍ AJF ၂၀၁၂ အဖွဲ့သားများက အခမ်းအနား တရပ်ကျင်းပကာ လွတ်မြောက်မှုကို ကိုယ်စားပြုသည့် မိုးပျံပူပေါင်းများ လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည်က မိုးပေါ်သို့ လွတ်လပ်စွာ ပျံတက်သွားသော ပူပေါင်းအလုံး ၆၀ အနက် တလုံးက သွေးများ စွန်းထင်းသည်ကို ဖော်ဆောင်သည့် အနေဖြင့် အနီရောင် ဖြစ်နေခြင်းပင်။


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။