Home » , » တူရိယာလုလင်ကြီးရဲ့ ရာပြည့်ပွဲ

တူရိယာလုလင်ကြီးရဲ့ ရာပြည့်ပွဲ

Written By မောင်စေတနာ on Saturday, May 5, 2012 | 9:50:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3mqjhhjK93_n1vfEKsPcPgsbZso78SlKFvO9Ue5FNB22I16A0oLV6T9Bj-Zdu5vNrzQXB6wwh4kK-79f6Op_Naefaj_pqysP4MoGxSDr6zZ4w50IZw418qVpF8J2Z2tBnqRUP7bsvW6Q/s400/IMG_5771.JPG

မန္တလေးမှာ ပြုလုပ်တဲ့ ဦးဘသိန်း ရာပြည့် အမှတ်တရ အစီအစဉ်

မြန်မာ့ဂီတကို တသစ်ဆန်းစေခဲ့တဲ့ ဆရာကြီးဦးဘသိန်းရဲ့ ရာပြည့်အထိမ်းအမှတ် ဂီတပွဲတော်ကို မန္တလေး မြို့မအသင်းတိုက်ရှေ့မှာ ကြာသပတေးနေ့ညက ကျင်းပခဲ့ပါတယ်။

ဆရာကြီးရဲ့ ကျော်ကြားခဲ့တဲ့သီချင်းတွေကို အဆိုတော် သန်းမြတ်စိုး၊ ဖိုးသောကြာ၊ ရာဇာဝင်းတင့်၊ လှမြင့်ဝင်း၊ ရီရီသန့်၊ နှင်းရည်သန့် ၊ စိုးစန္ဒာထွန်း၊ စန္ဒရားကိုမျိုးနိုင်တို့က ပရိသတ်ကို သီဆိုဖျော်ဖြေကြပါတယ်။

ဦးဘသိန်းဟာ ဆရာမြို့မငြိမ်းတို့ နဲ့ခေတ်ပြိုင်လို့ ဆိုနိုင်သလို ဂီတညီအစ်ကိုလို့လည်း ပြောလို့ရသူပါ။

သုံးရာသီ၊ တူရိယာလုလင် တို့လို မြို့မအသင်းရဲ့ ကျော်ကြားတဲ့ ဧည်ခံတေးတွေ ရေးစပ်ခဲ့သလို၊ ရွှေမန်းဆီသို့ လို ရုပ်ရှင်တေးသီချင်းကိုလည်း ရေးစပ်ခဲ့ပါတယ်။

မြန်မာ့ဂီတလောက အကြောင်း ပြောမယ် ဆိုရင် နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း၊ ဦးဘသိန်း (တင်၊ ငြိမ်း၊ သိန်း)ဆိုတဲ့ ဂီတ စာဆိုကြီး သုံးဦးက မပါမဖြစ် ဆိုသလို ယနေ့ထိ သူတို့ ရေးစပ်ခဲ့တဲ့သီချင်းတွေကို ပြန်လည် သီဆိုနေကြဆဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ် လူငယ်တချို့ကတော့ ဆရာကြီး ဦးဘသိန်းဆိုတာ ဘယ်သူ၊ ဘယ်သီချင်းတွေကို ရေးခဲ့တယ်၊ မြန်မာဂီတကို ဘယ်လို ပြောင်းလဲခဲ့တယ်ဆိုတာ မသိကြတော့ပါဘူး။

ဟစ်ဟော့တွေ ရက်ပ်တွေ ခေတ်စားနေတဲ့ ခေတ်ကြီးမှာ လူငယ်တွေက ဆရာမြို့မငြိမ်း၊ ဆရာဦးဘသိန်းတို့လို ကမ္ဘာသုံး ဂီတကိုရော၊ မြန်မာ့ဂီတကိုပါ ကျွမ်းကျင်ပိုင်နဲ့တဲ့ ဂီတစာဆိုကြီးတွေဆိုတာ မသိတော့တာ ၀မ်းနည်းစရာကောင်းကြောင်း မန္တလေးသား စာရေးဆရာဆူးငှက် အခုလို ပြောပါတယ်။

“မနေ့ည ပွဲကို ပရိတ်သတ်ကြားထဲကနေ ကြည့်ခဲ့တယ်၊ လူငယ်တော်တော်များနဲ့လည်း စကားပြောခဲ့တယ်၊ ဒီသီချင်းတွေဆိုတာ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်ကတည်းက ခေတ်စား နာမည်ကြီးတဲ့ သီချင်းမှန်း မသိဘူး၊ မနေ့တနေ့ကမှ ရာဇာဝင်းတင့်အတွက် ရေးပေးတယ်လို့ သူတို့ကထင်နေတယ်” လို့ ပြောပါတယ်။

စစ်ပြီးခေတ် ၁၉၄၆-၄၇ ခုနှစ်လောက်ကတည်းက မြို့မတူရိယာ အသင်းကြီးအတွက် ရေးစပ်လာခဲ့တဲ့ ဆရာဦးဘသိန်းဟာ ၁၉၅၀မှာတော့ မြို့မအသင်းရဲ့ ဂီတမှူးတာဝန်ကို ယူခဲ့ပါတယ်။

၁၉၅၂ ခုနှစ်မှာ သင်္ဂဟ အပျော်တမ်းတေးဂီတအဖွဲ့ကို တည်ထောင်ခဲ့ပြီး ဒါးတန်းဦးသန့် ဦးစီးတဲ့ မန္တလေးရုပ်ရှင်လီမိတက်အတွက် ဘ၀သံသရာ၊ ဤလူဘောင်တွင်၊ ကိုယ်ပိုင်မေတ္တာ စတဲ့ အဲဒီခေတ် ထင်ရှားတဲ့ ဇာတ်ကားကြီးများရဲ့ နောက်ခံတေး၊ ဇတ်ဝင်သီချင်းတို့ အတွက် ဂီတ မှူးတာဝန်ကို ယူခဲ့ပါတယ်။

၁၉၆၃- ၁၉၆၆ခုနှစ် မန္တလေးပန်တျာကျောင်းအုပ် တာဝန်ယူစဉ်အတွင်း တရုတ်၊ ဆိုဗီယက်ရုရှားနိုင်ငံများကို လေ့လာရေး သွားရောက်ခဲ့ပြီးနောက်မှာ အနားယူခဲ့ပါတယ်။ ဒါပေမယ့်လည်း အနားယူရင်းနဲ့ပဲ ဂီတ အနုပညာလုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေခဲ့ပါတယ်။

မြန်မာပြည်ရဲ့ အထင်ကရ အနုပညာရှင်ကြီး၊ မန္တလေးမြို့မအသင်းရဲ့ ဂီတစာဆိုကြီး ဦးဘသိန်းဟာ အသက် ၁၀၀ အရွယ် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။