Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၄)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၄)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:45:00 AM



မရမ်းကုန်းမြို့နယ်၊ ၇ ရပ်ကွက် မဲရုံအမှတ်(၂)သို့ မဲပေးရန်ရောက်လာသော ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေ ဓာတ်ပုံ - အောင်သူရ မရမ်းမြို့နယ် ၇ ရပ်ကွက်၊ မဲရုံအမှတ်(၂)သို့ နံနက် ၉ နာရီထိုးရန် ၅ မိနစ်အလိုတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်ဝင်းရွှေနှင့် သားဖြစ်သူ ကိုဇော်နိုင်ဦးတို့ လာရောက်မဲပေးခဲ့ကြသည်။

မဲပေးခြင်းနှင့်ပတ်သက်၍ ဦးခင်ညွန့်အားမေးမြန်းရာ အများဆန္ဒနဲ့ထပ်တူ မဲပေးခဲ့ပါကြောင်း ပြန်လည်ဖြေကြားပြီး ပါတီနိုင်ငံရေးမလုပ်၊ အမျိုးသားနိုင်ငံရေးသာလုပ်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသွားသည်။ သားဖြစ်သူ ကိုဇော်နိုင်ဦးက မဲပေးရာတွင် NLD ပါတီမှ ဒေါက်တာဒေါ်မေ၀င်းမြင့်အား ပေးခဲ့ကြောင်း ယင်းသို့ပေးရခြင်းမှာ လူပုဂ္ဂိုလ်အရ လေးစား၍ဖြစ်ကြောင်း ပြန်လည်ဖြေကြားသွားသည်။


ဒဂုံဆိပ်ကမ်း ၉၄ ရက်ကွင်းတွင် မဲစာရင်းတွင်မပါဝင်သူ ၃၀၀ ကျော်ရှိနေ

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ ၉၄ ရပ်ကွက်တွင် မဲပေးခွင့်ရှိပြီး မဲစာရင်းတွင် မပါဝင်သူ ၃၀၀ ကျော်ခန့်ရှိကြောင်း စာရင်းပြုစုနေသော အဖွဲ့ငယ်များမှ သိရသည်။ ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံ ၁၄ ရုံဖွင့်လှစ်ထားသည်။ ထိုကျောင်းရှေ့တွင် မဲစာရင်းတွင် မပါဝင် သူများက လာရောက်ကာ စုရုံးနေကြသည်

ယင်းတို့ကို ရွေးကောက်ပွဲစောင့်ကြည့်ကွန်ယက် ၈၈ နှင့် NLD အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များက စာရင်းပြုစုလျက်ရှိသည်။ ၉၄ ရပ်ကွက်တွင် ကျပန်းမေးမြန်းမှုများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အားကောင်းလျက်ရှိကြောင်း 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။

မဲလာထည့်သည့် ဆန္ဒရှင်များအား ကျပန်းမေးမြန်းရာ ၁၅ ဦးတွင် ၁၀ ဦးက NLD ကို မဲထည့်သည်ဟု ဖြေကြားပြီး ၅ ဦးက ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ခဲ့သည်ဟု ဖြေကြားခဲ့သည်။ မဲစာရင်းတွင်မပါဝင်သူ အများစုသည် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က မဲပေးခဲ့သူများဖြစ်ကြသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပါတီ ၇ ခုမှ ၀င်ရောက်ယှဉ်ပြိုင်သည်။


ကော့မှူးမြို့ပေါ်မှာ မဲရုံ ၃ ရုံမှမဲပေးပြီး ထွက်လာသူ ၁၂ ဦးကို ကျပန်းမေးမြန်းကြည့်ရာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြောင်း ပြောသည်။

ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်ကွက် မဲရုံအမှတ် (၃)အနီး နေထိုင်သူအများစုက ၂၀၁၀ ခုနှစ်တွင် မဲပေးခွင့်ရခဲ့သော်လည်း ယခုကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းတွင် အမည်စာရင်းမပါဝင်ခြင်းအတွက် စုပေါင်းစာရင်းကောက်ယူ၍ မြို့နယ်ကော်မရှင်ရုံးသို့ သွားရောက်ကြမည်ဖြစ်ကြောင်း ဒေသခံများကပြောသည်။
"မနှစ်က အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ပါရင် မဲပေးလို့ရတယ်။

ဒီနှစ်ကပေးလို့မရဘူး။ ၂၄ ရက်နေ့မဲစာရင်းပိတ်တယ်ဆိုတာ ကျူပ်တို့ကိုမှ မပြောတာ။ ကြိုတင် မဲစာရင်းကောက်တုန်းက လော်နဲ့အော်ပြောသလို အခုမဲစာရင်းပိတ်တဲ့ဟာကို လော်နဲ့အော်ပြောရင် ဘာဖြစ်မှာမို့လို့လဲ"ဟု မိသားဝင် ၆ ဦးစလုံး မဲပေးခွင့်မရရှိခဲ့သူ အမျိုးသမီးကြီးတစ်ဦးကပြောသည်။

မကွေးမြို့ အမှတ် ၈၈ တပ်မဌာနချုပ် ခြေမြန်တပ်ရင်းအတွင်းရှိ မဲရုံနှင့် ခုတင်တစ်ရာဆံ့ဝင်းအတွင်းရှိ မဲရုံနှစ်ရုံတွင် ပြည်ခိုင်ဖြိုးပါတီမှ မဲရုံကိုယ်စားလှယ်နှင့် တာဝန်ရှိသူများမှ

လွှဲ၍ အခြားပါတီများမှ မဲရုံကိုယ်စားလှယ်နှင့်တာဝန်ရှိ သူများကို မတွေ့ရှိရကြောင်း 7Day News သတင်းထောက် သတင်းပေးပို့ထားသည်။ ထိုမဲရုံ ၂ ရုံတွင်မဲပေးခဲ့သော မဲဆန္ဒရှင်တပ်မတော်သားများနှင့် မိသားဝင်အချို့ကို မေးမြန်းရာတွင် ၄င်းတို့၏ ဆန္ဒအလျောက်သာလွတ်လပ်စွာမဲပေးခဲ့ကြကြောင်းပြောဆိုသည်။ မည်သည့်ပါတီကို မဲပေးရမည်ဆိုသည့် ညွှန်ကြားချက်မျိုးလည်းမရှိကြောင်းသိရသည်။ အသက် ၂၃ နှစ်အရွယ် တပ်မတော် သားတစ်ဦးက "သိတဲ့အတိုင်းပဲလေ။ တပ်မတော်သားဆိုတော့ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးခဲ့တယ်။ ကိုယ့်ဆန္ဒနဲ့ကိုယ် ကြိုက်လို့ပေးခဲ့တာ" ဟုဆိုသည်။

မန္တလေးမြို့ ရဲမွန်သောင်ရပ်ကွက် မဲရုံအမှတ် (၂)တွင် မဲဆန္ဒရှင် အမည်များ မဲစာရင်းတွင် မပါဝင်သောအဖြစ်အပျက်များရှိကြော င်းသိရသည်။ ၂၀၁၀ ခုနှစ်တွင်လည်း မဲပေးခဲ့သော မဲဆန္ဒရှင်များ၏ စာရင်းများကောက်ယူခဲ့ပြီး စာရင်းတွင် ပါဝင်သည်ဟု သက်ဆိုင်ရာလူကြီးက ပြောသည်ဟုဆိုသည်။ အမျိုးသမီးတစ်ဦးဆိုလျှင် ရန်ကုန်မှ လေယာဉ်စီးလာ၍ မဲလာပေးမည့် ယောက်ျားဖြစ်သူကို မည်သို့ရှင်းပြရမည်မသိဘဲ မျက်ရည်လည်နေပြီဖြစ်ကြောင်း 7Day News သတင်းထောက်မှ သတင်းပေးပို့ထား သည်။

ယင်းကိစ္စကို ခရိုင်ကော်မရှင်တာဝန်ရှိသူများက ရှင်းလင်းပြောကြားနေပြီး မဲစာရင်းတွင် မပါဝင်သူများ မဲပေးခွင့်ရ၊ မရမသေချာ သေးကြောင်းသိရသည်။ အချို့အလုပ်သမားမဲဆန္ဒရှင်များကလည်း နာမည်ရှာမတွေ့ခြင်းအား စောင့်ဆိုင်းမနေတော့ဘဲ အလုပ်ခွင်သို့ သွားရောက်နေကြပြီဖြစ်သည်။

စစ်ကိုင်းဒေသကြီး ပုလဲမြို့နယ် လက်ပုကန်ကျေးရွာ၌ မဲပေးနိုင်သူ ၁၂၀၀ ရှိရာတွင် ကြိုတင်မဲမည်မျှပေးပြီးရှိသလဲဟု မေးမြန်းရာ၌ ကျေးရွာကော်မရှင် တာဝန်ရှိသူတစ်ဦးက ကြိုတင်မဲအရေအတွက်ကို မပြောနိုင်ဘူးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းကျေးရွာ၌ မဲပေးရန် ပြန်လာသော ဆေးတက္ကသိုလ်ပထမနှစ်ကျောင်းသား တစ်ဦးသည် မဲစာရင်း၌ နာမည်မပါ၍ မဲပေးခွင့်မရခဲ့ကြောင်း၊ ထို့အတူ သမ၀ါယမ ကျောင်းသူတစ်ဦးနှင့် GTC ကျောင်းသား တစ်ဦးတို့ကလည်း ယင်းရွာ၌ပင် နေထိုင်ပြီး မဲပေးခွင့်မရခဲ့ကြောင်း ဖြေကြားကြသည်။ ယင်းကဲ့သို့ အထောက်အထား အပြည့်အစုံရှိပါလျက် မဲပေးခွင့်မရသူပေါင်း ၁၇၀ ဦးခန့်ရှိကြောင်းသိရသည်။

7Day News Journal

Source by :
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။