အင်းတော်၊ ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ အိမ်တစ်အိမ်မှ ဝါးပျံဖြင့် ထွင်းထုထားသော ဉာဏ်တော် ငါးလက်မ အမြင့်ရှိ ရဟန္တာရုပ်တု တစ်ဆူသည် ဒီဇင်ဘာ ၂၇ ရက် နံနက် ၆ နာရီမှ စတင်ကာ ဘယ်ညာလှည့်ကာ သက်ဝင် ဈာန်ကြွမှုစခဲ့ကြောင်း သိရသည်။
အဆိုပါ ရဟန္တာရုပ်တု သက်ဝင်ဈာန်ကြွချီမှုကို လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရဟန္တာရုပ်တုကို ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ကိုနေမင်းထွန်းက လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်တွင် ခမိုးကျေးရွာ ကျောက်မဲတောင်မှ သစ်ပင် တစ်ပင်ပေါ်ပေါက်နေသော ဝါးပျံသားဖြင့် ခမိုးရွာရှိ ပန်းပုဆရာ ကိုပုထံတွင် ဉာဏ်တော် ငါးလက်မခန့်ရှိ ရဟန္တာလေးဆူကို ထွင်းထုခဲ့ကာ အိမ်တွင် ကိုးကွယ်ခဲ့ကြောင်း၊ အဆိုပါရုပ်တုမှာ ဒီဇင်ဘာ ၂၇ ရက်တွင် ဘယ်ညာ လှည့်ခြင်းကို စတင်တွေ့ရှိခဲ့ကြောင်း .....
ထို့နောက် အရှေ့ဘက်ကို မျက်နှာပြုပြီး ကိုးကွယ်ထားရာမှ မြောက်ဘက်ကို လှည့်နေခြင်းကို တွေ့မြင်ရကြောင်း၊ ထို့နောက် ကြွက်တိုး သောကြောင့် လှည့်နေသည်ဟု အထင်ဖြင့် အရှေ့ဘက်ကို ပြန်လှည့်ပြီး ထိုင် စကားပြောနေစဉ် ၁၅ မိနစ် ခန့်အကြာတွင် ပြန်ကြည့်လိုက်ရာ ရဟန္တာရုပ်တုမှာ တောင်ဘက်သို့ မျက်နှာမူလျက် ထပ်မံတွေ့ရှိရကြောင်း ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ကိုနေမင်းထွန်း၏ ဇနီးက ပြောသည်။

“ရဟန္တာရုပ်တုက ဒီဇင်ဘာ ၃၀ ရက်မှာဘုရားစင်ပေါ်က အလယ်ဘုရားပန်းအိုးကို မွန်းလွဲ ၃ နာရီလောက်မှာ ကြွချီတော်မူတယ်။ ဒီဇင်ဘာ ၃၁ ရက် မနက် ၇ နာရီမှာတော့ အလယ်ဘုရားပန်းအိုးကနေ မြောက်ဘက်မှာရှိတဲ့ ဘုရား ပန်းအိုးကို ပြန်ကြွချီခဲ့တယ်။ လွတ်လပ်ရေးနေ့ မနက် ၇ နာရီမှာတော့ မြောက်ဘက် ဘုရားပန်းအိုးကနေ အလယ် ဘုရားပန်းအိုးကို ပြန်ကြွခဲ့တယ်။ ကျွန်မတို့ ကိုယ်တိုင် မြင်တွေ့နေကြရတာပါ” ဟု ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်မှ ဒေါ်စောပိုက ပြောသည်။
“အခု မနက် ၁၀ နာရီမှာ ကျွန်မလာဖူးတော့ ရဟန္တာက အလယ်ဘုရားပန်းအိုးက တောင်ဘက်ဘုရားပန်းအိုးကို ရောက်နေတာတွေ့ရတယ်။ မွန်းလွဲ ၁ နာရီလောက်မှာ ပြန်လာဖူးတော့ အလယ် ဘုရားပန်းအိုးမှာ ရောက်နေတာတွေ့ရပါတယ်” ဟု ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ဒေါ်ကြည်မြင့်က ပြောသည်။
ယခင်က အဆိုပါ ဝါးပျံသားဖြင့် ရဟန္တာလေးဆူ ထွင်းထုခဲ့သော်လည်း ကျန်ရဟန္တာသုံးဆူမှာ မည်သည့်နေရာတွင် ရောက်နေမှန်း မသိရ၊ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက် ကိုနေမင်းထွန်း ၏ နေအိမ်ရှိ ဘုရားစင်ပေါ်၌ ပန်းအိုးများပေါ်တွင် ဝါးပျံဖြင့် ထွင်းထုထားသော ငါးလက်မရှိ ရဟန္တာ တစ်ဆူသည် သက်ဝင်ဈာန်ကြွမှု ရှိနေသည့်အတွက်ကြောင့် ရဟန္တာဖူးလာသူများ နေ့စဉ် တဖွဲဖွဲရောက်ရှိ နေကြကြောင်း သိရသည်။
http://www.thithtoolwin.com/2012/01/blog-post_4890.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+thithtoolwin%2FyIWV+%28%E1%80%9E%E1%80%85%E1%80%B9%E1%80%91%E1%80%B0%E1%80%B8%E1%80%9C%E1%80%BC%E1%80%84%E1%80%B9%29
0 comments:
Post a Comment