Home » , » မလေးရှားသို့ တစ်ခေါက် တစ်ခါ (၅)

မလေးရှားသို့ တစ်ခေါက် တစ်ခါ (၅)

Written By မောင်စေတနာ on Monday, December 19, 2011 | 10:29:00 AM



မလေးရှားရောက် မြန်မာတစ်ယောက် အညတရတစ်ယောက်ရဲ့ အတွေ့အကြုံများ

မလေးရှားသို့ တစ်ခေါက်တစ်ခါ (၅)

ဂိမ်းဆိုင်က Cashier တစ်ယောက် နေစဉ် ဂျူတီစဝင်တယ် ဆိုတာနဲ့ သတိဝိရိယ ကြီးကြီးထားကာ အလုပ်လုပ်ရပါတယ်။ တာဝန်လွဲပြောင်းရတာကိုက အချိန်တစ်နာရီ နီးပါးကြာပါတယ်။ ဆိုင်မှာ လာရောက် ကစားနေကြတဲ့ ဧည့်သည်တွေ ကစားနေတုန်းမှာပဲ စက်တွေထဲက ငွေ (အကြွေစေ့ ကျပ်စေ့တွေ)၊ ကစားနေတဲ့ စက်တွေမှာ ပေါ်နေတဲ့ Credit တွေ (သူကလည်း ငွေပါပဲ၊ 1 Credit က မလေးငွေ တစ်ကျပ်)၊ ကောင်တာထဲမှာ ကြိုတင်ပေးထားတဲ့ လည်ပတ်ငွေ နဲ့ ဂိမ်းလာကစား သူတွေ ဝယ်ယူသွားတဲ့ ငွေတွေကို အသေးစိတ် စာရင်းစစ်ပြီး လွဲပေး၊ လွဲယူ လုပ်ရပါတယ်။ စာရင်းမှာ တစ်ချက်မှားရင် ငွေက စိုက်လျော် ရမယ်လေ။

ဒီလိုဂျူတီလွဲတဲ့ အခါ လွဲပေး၊ လွဲယူ လုပ်ရမယ့် ငွေကိုင်နှစ်ယောက်စလုံး တစ်ပြိုင်နက် နံပါတ်တပ်ထားတဲ့ ဂိမ်းစက်တစ်လုံးခြင်းစီက Credit counter ပြနေတဲ့ ဂဏန်းကို (ကစားနေတဲ့သူရှိနေရင် ခဏရပ်ခိုင်းပြီး) စာရင်းမှတ်၊ စက်ထဲက အကြွေစေ့တွေကို တစ်ခါတည်းထုတ်၊ ကိုယ့်ဂျူတီအစမှာ လက်ခံထားတဲ့ စက်တစ်လုံးချင်းစီက အစ Credit နဲ့ အခု ဂျူတီလွဲချိန် ကွာခြားတဲ့ Credit Amt တန်ဖိုးရယ်၊ ကြိုတင်ပေးထားတဲ့ လည်ပတ်ငွေရယ်ကို အပ်နိုင်ရပါမယ်။ အဲဒီမှာ လိုရင် တစ်ခါတည်းစိုက်၊ ချက်ချင်းမပေးနိုင်ရင် စာရင်းမှတ်၊ လကုန်ရင် လခထဲက ဖြတ်ပါမယ်။


ဒီလိုစာရင်းကောက်ရာမှာ စက်တစ်လုံးလုံးက ဂဏန်းလေး တစ်ခုမှာ “3” ကို “8” နဲ့ လွဲဖတ်မိလို့ စာရင်းချုပ်တော့ Credit 5 လိုနေရင်တော့ မလေးငွေ ၅ကျပ် (စားတတ်ရင် ထမင်းနှစ်နပ် ဖိုးလောက်) ပြတ်ထွက် သွားနိုင်ပါတယ်။ ဒီတော့ အတော် ဂရုစိုက်ရပါတယ်။ စာရင်းချုပ်တာ ငွေမကိုက်ရင်လည်း နှစ်ခါ ပြန်စစ်ဖို့ ဆိုတာက ကစားနေသူတွေ ဆက်ကစားနေကြလေတော့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

ကျွန်တော်အလုပ်ဝင်မယ် ဆိုတုန်းက လစာအပြင် မက်လုံးတစ်ခု အနေနဲ့ အလုပ်ခန့်မယ့် Supervisor က ပြောခဲ့တာလေး တစ်ခုကို ပြန်ပြောစရာလေး ပေါ်လာပါတယ်။ သူက လစာအပြင် နေ့စဉ် Short Money ပေးမယ်လို့ ပြောခဲ့ပါတယ်။ အလုပ်မဝင် ခင်က သူပြောတဲ့ “Short Money” ဆိုတဲ့ စကားလုံး အဓိပ္ပါယ်မသိလို့ မိတ်ဆွေ မြန်မာမေးကြည့်တော့ သူက ပြီးစလွယ် နေ့စဉ် အပိုပေးတဲ့ငွေလို့ ဖြေခဲ့ဖူးပါတယ်။ အလုပ်ပညာ စသင်မှပဲ ဒီ “Short Money” ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကို သေသေချာချာ သိလာရပါတယ်။

တစ်နေ့တစ်နေ့မှာ ကစားနေကြတဲ့ ဂိမ်းစက်တွေမှာ ကစားဖို့ ပိုက်ဆံစေ့တွေ ထည့်ရင် ကျပ်စေ့တစ်စေ့ထည့်တိုင်း Credit တစ်မှတ် ပြပါတယ်။ ပြောရရင် မလေးငွေ ၁၀ ထည့်လိုက်ရင် ခရက်ဒစ် ၁၀ ပေါ်နေပါတယ်။ (လောင်းကစားရင်းနဲ့ ဒီခရက်ဒစ်က အနိုင်အရှုံးပေါ်မူတည်ပြီး အနဲအများ ဖြစ်သွားပါတယ်)။ ကစားတဲ့ သူတွေက ငွေထည့်ရင် တစ်ခါတစ်ခါ အများကြီး ထည့်တာဆိုတော့ သူတို့ အကြွေစေ့ ၅၀ ထည့်လိုက်ပေမယ့် ၄၉ ခရက်ဒတ်ပဲ ပြနေတယ်ဆိုရင် ပြောလာပါတယ်။

တစ်စေ့ Short ဖြစ်တယ်ပေါ့။ (စက်တွေက နေ့စဉ်မနားတမ်း Run နေရတော့ ဖြစ်တတ်ပါတယ်)။ အဲဒါဆိုရင် ကျွန်တော်တို့က အကြွေ တစ်စေ့ ထပ်ထည့်ပေးရပါတယ်။ တစ်ချို့ ကစားသူတွေကလည်း တစ်ခါတစ်ခါ တစ်ကယ် မဖြစ်ပဲ ဒီလိုတောင်းတတ်ပါတယ်။ ဒီလို ကိစ္စမျိုးလေးတွေအတွက် နေ့စဉ် ကုမ္ပဏီက (သူတို့က ဂိမ်းဆိုင်ပေါင်းများစွာ အတွက် အပျော်တမ်း ဂိမ်းနဲ့ ဘိလိယက်ကို တရားဝင်ပြပြီး ကုမ္ပဏီ အမည်နဲ့ တရားဝင် ရပ်တည်နေကြတာပါ) Supervisor တွေ ငွေလာသိမ်းတဲ့ အခါ တစ်နေ့တစ်နေ့ ရောင်းရငွေ အနည်းအများပေါ် မူတည်ပြီး တစ်ထောင်မှာ ၁၀ ၊ ၁၅ ကျပ်လောက်စီ Short Money ဆိုပြီး စာရင်းမှာ နှတ်ရှင်းပေးပါတယ်။ နှစ်ထောင်လောက် ရတဲ့နေ့ဆိုရင် ၂၀ ၊ ၃၀ မျိုးပေါ့။ ဒီတော့ တစ်ကယ်ဖြစ်တဲ့ (ကစားသူက တစ်ကယ်မဖြစ်ပဲ Short ဖြစ်တယ်ဆိုပြီး တောင်းတာ၊ တစ်ကယ်စက်က တစ်ခုခုဖြစ်တာ) Short မရှိရင်၊ စာရင်းရှင်းတဲ့ အခါ ငွေလိုတာမရှိရင် ဒီ Short money amt တွေကို ကျွန်တော်တို့ Cashier ၃ယောက် ခွဲယူရပါတယ်။ (ကောင်တာ အပြင်က “အ” မလေးတွေ ကိုတော့ မပေးရတာက သူတို့က စာရင်းလိုရင်လည်း လျော်စရာ မလိုတာကြောင့်ပါ)။ အဲလိုတာများနေပြီး Short money နဲ့ မလောက်လည်း စိုက်လျော်ပေါ့လေ။

အလုပ်စဝင်ခါစမှာဆိုရင် တော်တော်ကြီးကို ဂရုစိုက်ရပါတယ်။ ရှေ့ကနောင်တော်တွေ ကလည်း သတိကြီးကြီး နဲ့ အလုပ်လုပ်ဖို့ သတိပေးပါတယ်။ ဂိမ်းလာကစားတဲ့ သူတွေထဲမှာ လူညစ်တွေ ပါတတ်ပြီး သူတို့က ဆိုင်ဝန်ထမ်း လူသစ်တွေဆိုရင် ပညာပြတတ်ကြပါတယ်။ ဒါကြောင့်လူတွဲရင်တောင် Cashier လူသစ်ဆို အပြင်အကူက လူဟောင်းဖြစ်မှ အဆင်ပြေတတ်ပါတယ်။

ကျွန်တော်အလုပ်ဝင် ပြီးမကြာခင်မှာ ပညာပြတာ အကြီးအကျယ် ခံလိုက်ရတာ ရှိဖူးပါသေးတယ်။ ကစားတဲ့ သူတစ်ယောက်က အလွယ်တကူ မမြင်လွယ်တဲ့ စက်တစ်လုံးမှာ ကစားသွားတာပါ။ ကစားတဲ့ စက်တွေက သစ်သားဘော်ဒီနဲ့ လုပ်ထားတာ ဖြစ်ပြီး ကစားတဲ့ သူတွေက စက်ရှေ့မှာ ခုံနဲ့ အကျအန ထိုင်ကာ အချိန်အတော်ကြာ ကစားကြတာပါ။ တစ်ချို့ဆိုရင် ၂၄နာရီ မက စက်တစ်လုံးမှာ ထိုင် ကစားနေကြပါတယ်။ ထမင်းဆာရင် ၊ မုန့်အအေးလိုရင် အပြင်က အကူ “အ” မလေးကို သွားဝယ်ခိုင်းတယ်လေ။ ဒီလိုကို ကစားကြတာ နိုင်နေရင်လည်း တစ်မျိုး၊ ရှုံးနေရင်လည်း ရှုံးမဲမဲကာ ဆက်ကစားကြပါတယ်။

ဒီအထဲမှာမှ ဂိမ်းလောက က “ကျာရီ မာကန်း” (ချာရီမကန်း လို့လည်း အသံထွက်)( Cari Makan) (မလေးစကားမှာ Ca ri ဆိုတာက ရှာဖွေတာ၊ Makan မာကန်းက စားတာ၊ ဒီတော့ ရှာစားသူ ပေါ့) တွေကလည်း များမှများပါပဲ။ သူတို့တွေက ဂိန်းဆိုင်တွေသွား၊ စက်မှာ ကစားပြီးတဲ့ ခရက်ဒစ်ပြတာ၊ Bonus Amt အမောင့်ပြနေတာတွေကြည့်ပြီး အပိုင်စက်ရွေးကာ ကစားကြပါတယ်။ (ကျာရီ မာကန်း တွေနဲ့ ဂိမ်းဆိုင်က ဝန်ထမ်းတွေ ပေါင်းစားတာလေးတွေ နောက်ဆက်ရေးပါမယ်)။ သူတို့တွေ ဆိုရင် စက်ကမလျော်မခြင်း၊ Bonus ပြုတ်မကျမခြင်း အချိန်ပေး ငွေစိုက်ကာ ကစားကြပါတယ်။

ဒီတော့ အထက်မှာ ပြောခဲ့တဲ့ ခံရဖူးတာလေး ဆက်ပါမယ်။ ကစားတဲ့ စက်ခုံမှာ ကစားသူထိုင်နေရင် ပိုက်ဆံ အကြွေစေ့ ထည့်ရတဲ့ အပေါက်က သူတို့ ဒူးနှစ်လုံးကြား ရောက်နေပါတယ်။ အဲဒီမှာ သူက ဂိမ်းစက်အကြောင်း ကောင်းကောင်းနားလည်သူ ဖြစ်မှာဆိုတော့ စက်မှာ ငွေထည့်တဲ့ အပေါက်အောက်က ငွေတွေပြန်ထုတ်ရင် သုံးတဲ့ တံခါးကို စနစ်တကျ ကလော်ပြီး ဟဟလေးဖြစ်အောင် ခွာထားကာ အဲဒီထဲကို ပေတံလို တစ်ခုခုနဲ့ လျှောလမ်းလေးဖန်တီးပြီး ငွေအကြွေစေ့ကို ထည့်၊ ပိုက်ဆံစေ့က အဲဒီက ပြန်ထွက်လာ၊ စက်မှာတော့ Credit တက်သွားပါတယ်။ ကံကောင်းတယ်ပဲ ပြောရမှာက (သူလုပ်ခွင့်ရတဲ့ အချိန်နဲလို့ပဲ ဖြစ်ပါမယ်။ သူ့မှာ ဝန်ထမ်းကြည့်ရ၊ ဘေးက ကစားသူတွေလည်း မရိပ်မိအောင်နေမှာပေါ့) Credit နစ်ရာကျော်လောက် လုပ်သွားပါတယ်။ (နှစ်ထောင်ကျော်မဖြစ်တာ တော်သေးပေါ့)။

အဲဒီနေ့ ဂျူတီပြောင်းတော့ လိုပြီခင်ဗျ Short Money နှစ်ရာကျော်၊ ပြူးပြာမောဟိုက်နဲ့ အဖြေကိုက်လိုက်၊ အတူလုပ်နေတဲ့ နောင်တော်တွေက အရင်းလိုက်ကြည့်တော့မှ လားလား……. ဒေါင့်က စက်တစ်လုံးကို ဒီလို လုပ်သွားတာ တွေရတာပါ။ ကျွန်တော်က တစ်လမပြည့်သေးတဲ့ လူသစ်၊ အပြင်က ကလေးမကိုလည်း အပြင် ခဏခဏ အအေးဝယ်၊ မုန့်ဝယ်ခိုင်းပြီး လုပ်သွားတာပါ။ ကဲ….ဒီတော့လည်း လျော်ပေါ့ဗျာ…. လကုန်ကျရင်။ စပြီး ရပါပြီ အကိုတော်တွေ ပြောပြောနေတဲ့ ဂိမ်းပညာတွေ။ (သူတို့ပြောတာက တတ်သွားရင်တော့ သိပ်လုပ်ပျော် ဆိုပဲ)။

ခုများမှာတော့ …………အမေရေ……. အမေ့သား မလေးမှာ အလုပ်ဝင်တာ လခမရခင် လျော်နေရပါပေါ့လား။ ဒီလတော့ ပထမလစာငွေလေးတောင် မပို့ နိုင်တော့ဘူး ထင်ပါရဲ့ အမေရယ်။

(နောက်ပိုင်း ဂိမ်းပညာများ ဆက်ပါအုံးမယ်၊)။

PS – တစ်ချိန်တစ်ခါက မလေးမြေကို ရောက်ခဲ့ဖူးလေသူ အညတရ မြန်မာတစ်ယောက်ရဲ့ မလေးရောက် အတွေ့အကြုံများ အသေးစိတ် ပြန်ပြောပြတာ လေးတွေကို မှတ်တမ်းယူ၊ ခွင့်ပြုချက်တောင်းကာ ရေးဖွဲ့ထားပါတယ်။

မလေးရှားသို့ တစ်ခေါက်တစ်ခါ (၄)

မလေးရှားသို့ တစ်ခေါက်တစ်ခါ (၃)

မလေးရှားသို့ တစ်ခေါက်တစ်ခါ (၂)

မလေးရှားသို့ တစ်ခေါက်တစ်ခါ (၁)

Source by :Posted by Diamond Key
http://mandalaygazette.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။