Home » , » အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား

Written By မောင်စေတနာ on Thursday, December 15, 2011 | 12:30:00 AM



အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို ထိုင်နိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်ရှိ မြန်မာကလေးများ စာသင်ကျောင်း (ထုံခမီး)တွင် စက်တင်ဘာ (၂၆)ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) လက်အောက်ရှိ အမျိုးသမီးများ ပညာရေးနှင့် စွမ်းရည်မြှင့်တင်ရေး အဖွဲ့ (WEDA)က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ (၈၀)ခန့် တက်ရောက်ခဲ့ကြသည်။

အမျိုးသမီးများ အနေဖြင့် အကြမ်းဖက် ခံနေရခြင်းများကို ကိုယ်တိုင် သိရှိနားလည်ပြီး ကာကွယ်နိုင်ရန်နှင့် လူထုအတွင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိပြီး အကြမ်းဖက်ခြင်းများနှင့် ခွဲခြားဆက်ဆံ ခံနေရခြင်းများ လျော့နည်း ပပျောက် စေရန်အတွက် ရည်ရွယ်ပြီး ယခုလို အခမ်းအနား ပြုလုပ်ရခြင်း ဖြစ်သည်ဟု FEDမှ လက်ထောက် ဒါရိုက်တာ ဒေါ်ပိုပိုက ပြောပြသည်။

WEDA အဖွဲ့ခေါင်းဆောင် ဒေါ်မိစိန်က “မြန်မာအလုပ်သမား အမျိုးသမီးတွေ မသိသေးတဲ့၊ သတိမထားမိတဲ့၊ လူအားဖြင့် နှုတ်အားဖြင့် အကြမ်းဖက်ခံရတဲ့ အခြေအနေတွေ၊ အကြမ်းဖက် ခံရပြီဆိုရင် ဘယ်လို ကာကွယ်မလဲ၊ ဘယ်သူတွေကို အကူအညီ တောင်းမလဲ ဆိုတာတွေ သူတို့တွေ သိရှိလာအောင် ဒီအခမ်းအနားမှာ ရှင်းပြခဲ့ပါတယ်”ဟု ပြောပြသည်။

ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး တဦးကလည်း ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အိမ်းတွင်း အကြမ်းဖက် ခံခဲ့ရသည့် အခြေအနေများကို အခမ်းအနားတွင် ဆွေးနွေး ဖလှယ်သွားခဲ့သည်။

အခမ်းအနား တက်ရောက်ခဲ့သည့် မမိဂမ်းက “အရင်တုန်းကတော့ လင်မယားတွေ ရန်ဖြစ်ရင် ကြားမ၀င်ကောင်းဘူး။ ကြားသုံးကြား မ၀င်နဲ့ ဆိုပြီး လက်ခံ နားလည်ခဲ့တယ်။ အခုတော့ မိန်းမတွေ မတရား အနိုင်ကျင့် ခံနေရပြီ ဆိုရင် ဘယ်လို အကူအညီ ပေးမလဲ။ ဘယ်သူတွေကို အကူအညီ တောင်းရမလဲ ဆိုတာတွေ သိလာတယ်ရှင့်”ဟု ပြောပြသည်။

အခမ်းအနားတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ဖဲကြိုးဖြူ သင်္ကေတ အကြောင်း၊ ဥာဏ်စမ်း မေးခွန်း အစီအစဉ်၊ ကလေးငယ်များ၏ အကများ စသည်တို့ ပါဝင်ခဲ့ပြီး နောက်ဆုံးတွင် ဖဲကြိုးဖြူ သီချင်းကို အတူတကွ သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်ဟု သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။