Home » » (6P) လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အတွက် မတန်တဆ ငွေပေးခဲ့ရသူများ အမှုဖွင့်နိုင်

(6P) လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အတွက် မတန်တဆ ငွေပေးခဲ့ရသူများ အမှုဖွင့်နိုင်

Written By မောင်စေတနာ on Friday, September 16, 2011 | 10:19:00 AM



DK-(6P) လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ ဘိုင်အိုမက်ထရစ်စနစ်ဖြင့် မှတ်ပုံတင်ခြင်း နှင့် တရားဝင်ဖြစ်စေရန် လုပ်ဆောင်မှုအစီအစဉ် (LegalisationProgramme) တို့အတွက်မတန်တဆငွေပေးခဲ့ရသူ တရားဝင်နိုင်ငံခြားသား အလုပ်သမားများ (Legal Foreign Workers) နှင့်တရားမဝင် နေထိုင်သော နိုင်ငံခြားသားများ (Illegal Immigrants) အနေနှင့် သတ်မှတ်နှုန်းထားထက် ကျော်လွန်ပြီး ၄င်းတို့ ကောက်ခံပေးခဲ့ရသည့် ငွေပမာဏကို ပြန်လည်ရယူရန် စားသုံးသူများဆိုင်ရာ စုံစမ်းစစ်ဆေးရေး တရားရုံးတွင် အမှုဖွင့်နိုင်ကြပြီဖြစ်သည်။

အဆိုပါ အကြံပြုချက်အား စားသုံးသူများရပိုင်ခွင့်ဆိုင်ရာ တရားရုံး၏ယခင်ဥက္ကဋ္ဌဖြစ်ခဲ့သူ ပရီတမ်ဆင်းဒါရှန်းဆင်း (Pretam Singh Darshan Singh) မှပေးခဲ့ခြင်းဖြစ်သည်။

မလေးရှားအစိုးရ အနေနှင့် တရားမဝင် နေထိုင်သူနိုင်ငံခြားသားများအားအစိုးရမှ ခန့်အပ်သောအေးဂျင့်ကုမ္ပဏီ (၃၄၈) ခုတို့မှတဆင့် မှတ်ပုံတင်ရာတွင်မှတ်ပုံတင်ကြေးအား (၃၅) ရင်းဂစ်အဖြစ်သတ်မှတ်ထားခဲ့ပြီး၊ တရားဝင်ပါမစ်လျှောက်ထားပေးခြင်း (Legalisation) အတွက် သတ်မှတ်နှုန်းထားမှာရင်းဂစ် (၃၀၀) ဖြစ်သည်။

သို့သော်လည်း အဆိုပါ သတ်မှတ်နှုန်းထားကို ကျော်လွန်၍ ပေးဆောင်ခဲ့ရသောတရား မဝင်နိုင်ငံခြားသား အများအပြား ရှိနေသည်ဟု ပရီတမ်မှပြောကြားခဲ့သည်။ ထို့ကြောင့် သတ်မှတ်နှုန်းထားထက် ကျော်လွန်၍ပေးဆောင်ခဲ့ရသူများအနေနှင့် ၄င်းတို့ပေးခဲ့ရသည့် အပိုငွေပမာဏ အားပြန်လည်ရယူနိုင်ရန် စားသုံးသူများ ရပိုင်ခွင့်ဆိုင်ရာတရားရုံးတွင် အမှုဖွင့်လျှောက်ထားနိုင်ကြသည်ဟု ၄င်းမှဆိုခဲ့သည်။

အလားတူပင် သတ်မှတ်နှုန်းထားကို ကျော်လွန်ပြီးမတန်တဆကောက်ခံခဲ့သော အေးဂျင့်များကိုလည်း မဖွယ်မရာပြုမှု၊ သတင်းမှားများပေးမှု နှင့် မတရားသဖြင့် လုပ်ဆောင်မှုတို့အရ(၁၉၉၉) စားသုံးသူ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေဖြင့်တရားစွဲဆိုနိုင်သည်ဟု ပရီတမ်မှပြောကြားခဲ့သည်။



မလေးရှားနိုင်ငံတွင် စားသုံးသူများ၏ အခွင့်အရေးများ အားကာကွယ်ပေးရန်အတွက် စားသုံးသူများဆိုင်ရာ တရားရုံးအား(၂၀၀၀) ခုနှစ်မှစတင်၍ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့သည်။

(6P) အစီအစဉ်တွင် မှတ်ပုံတင်ခြင်း (Registration)၊ တရားဝင်ဖြစ်စေခြင်း (legalisation)၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း (Amnesty)၊ စိစစ်ကြီးကြပ်ခြင်း (Supervision)၊ ဥပဒေ ထိန်းသိမ်းမှုဆိုင်ရာ ဆောင်ရွက်ခြင်း (Enforcement)နှင့် ပြည်နှင်ဒဏ်ပေးခြင်း(Deportation) တို့ အဆင့်ဆင့်ပါဝင်သည်။

အလျင်စလို တက်သုတ်ရိုက် လုပ်ဆောင်မှုများကြောင့် မတန်တဆ ငွေပေးခဲ့ရသူ တရားမဝင်နိုင်ငံခြားသားများ အနေနှင့် ၄င်းတို့၏ဆုံးရှုံးမှုများ ကိုပြန်လည်ရရှိရန် နှင့် အနိမ့်ဆုံးဈေးနှုန်းသာ ပေးရရန်အတွက် စားသုံးသူများဆိုင်ရာ တရားရုံးသည် အခြားသောရွေးချယ်စရာတခုဖြစ်ပြီး တရားမဝင်နိုင်ငံခြားသားများအနေ၏ လျှောက်ထားချက်များကို လွတ်လပ်စွာကြားနာဆုံးဖြတ်ရန်လိုအပ်ပြီး ၄င်းတို့အနေနှင့်လည်း ငွေပေးချေခဲ့သော ပြေစာများနှင့် စာရွက်စာတမ်းများကို တင်ပြရန်လိုအပ် သည်ဟုပရီတမ်မှဆိုခဲ့သည်။

မလေးရှားပြည်ထဲရေးဝန်ကြီးဋ္ဌာနမှလုပ်ဆောင်ခဲ့သော တရားမဝင်နိုင်ငံခြားသားများ မှတ်ပုံတင်ခြင်းသည် (၂၀၁၁) သြဂုတ်လ (၃၁) ရက်နေ့တွင် အဆုံးသတ်ခဲ့ပြီးဖြစ်သည်။ အဆိုပါမှတ်ပုံတင်ခြင်းအား (၂၀၁၁) ဇူလိုင်လ (၁၃) ရက်နေ့မှစတင်ခဲ့သည့် အချိန်မှစ၍ နိုင်ငံခြားသား အလုပ်သမားစုစုပေါင်း (၂.၅) သန်းခန့် မှတ်ပုံတင်ခဲ့ကြပြီးဖြစ်၍ ၄င်းတို့ အနက်မှ (၁.၆) သန်းခန့်သည် တရားဝင်နိုင်ငံခြားသား အလုပ်သမားများဖြစ်ကြပြီး၊ ကျန်ရှိသူ (၉၀၀၀၀၀) ခန့်မှာ တရားမဝင်နေထိုင်သူ နိုင်ငံခြားသားများဖြစ်ကြသည်။

သူရိယသတင်းဂျာနယ်

Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။