Home » » ၾသစေၾတးလ်-မလေးရှား ဒုက္ခသည်လဲလှယ်ရေး မအောင်မြင်

သြစတြေးလျ-မလေးရှား ဒုက္ခသည်လဲလှယ်ရေး မအောင်မြင်

Written By မောင်စေတနာ on Saturday, September 17, 2011 | 2:34:00 PM



DK-မအောင်မြင်သော သြစတြေးလျ-မလေးရှား ဒုက္ခသည် လဲလှယ်ရေး အစီအစဉ်ကဲ့သို့ စိတ်အနှောင့် အယှက်ဖြစ်စရာ ကိစ္စရပ်များအား အနာဂတ်ကာလတွင် ရှောင်ရှားနိုင်ရန်အတွက် ဒုက္ခသည်များအား တရားဝင် အသိအမှတ်ပြုရန် မလေးရှားအစိုးရအား ရှေ့နေများအသင်း (Bar Council) မှ တိုက်တွန်းလိုက်သည်။

ဒုက္ခသည်များအား တရားဝင် အသိအမှတ်မပြုသောကြောင့် မလေးရှားနိုင်ငံ အနေဖြင့် လူ့အခွင့်အရေးများ အားအသိအမှတ်ပြုခြင်းနှင့် ပတ်သက်လျှင် နောက်ကျကျန်ရစ်နေသော နိုင်ငံတနိုင်ငံဖြစ်လာရသည်ဟု ဘားကောင်စီ၏ အကြီးအကဲဖြစ်သူလင်ချီဝီး (Lim Chee Wee) မှပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ၏ (၅၄) နှစ်မြောက်လွတ်လပ်ရေးနေ့အား ကျင်းပနိုင်ခဲ့သည့် စိတ်ဓါတ်ရေးရာအရ၊ အချုပ်အခြာအာဏာပိုင်ဖြစ်သော နိုင်ငံတနိုင်ငံဖြစ်သည့် မလေးရှား နိုင်ငံသည် ၄င်း၏ အရေးကိစ္စရပ်များအား ဖြေရှင်းရာတွင် နိုင်ငံတကာမှလက်ခံထားသည့်စံနှုန်းများ၊ အပြုအမူများနှင့် လိုက်လျောညီထွေ လုပ်ဆောင်ရန် လိုအပ်သည်ဟု ၄င်းမှဆိုသည်။

သြစတြေးလျနိုင်ငံမှ ခိုလှုံခွင့်လျှောက်ထားသူ (၈၀၀) အားမလေးရှားသို့ ပို့ဆောင်ရန်ကိစ္စတွင် မလေးရှား နိုင်ငံ၌ ဒုက္ခသည်များ အားကာကွယ်စောင့်ရှောက်ရန်ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ မရှိသောကြောင့် သြဂုတ်လ (၃၁) ရက်နေ့တွင် သြစတြေးလျ အထက်တရားရုံးမှ ထိုအစီအစဉ်အား ပယ်ဖျက်ဆုံးဖြတ်ခဲ့ခြင်းအပေါ် ဘားကောင်စီ အကြီးအကဲဖြစ်သူလင်ချီဝီးမှ ရည်ညွှန်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၂) နိုင်ငံအနက်မှ (၁၉၆၇) လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များ (1967 Protocol) အရဒုက္ခသည်များ၏ အဆင့်အတန်းနှင့်ပတ်သက်၍ (၁၉၅၁) ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာညီလာခံမှ သဘောတူညီချက် (1951 Convention on the Status of Refugees) အား သဘောတူ လက်မှတ်ရေးထိုးခြင်း မပြုရသေးသော နိုင်ငံ (၄၅) နိုင်ငံတွင် ပါဝင်နေသည်။



အဆိုပါ ဒုက္ခသည်လဲလှယ်ရေး သဘောတူညီချက်အရ သြစတြေးလျမှ ခိုလှုံခွင့်လျှောက်ထားသူ (၈၀၀) အားမလေးရှားသို့ ပို့ဆောင်မည်ဖြစ်ပြီး မလေးရှားဘက်မှ (UNHCR) ရုံး၏ အသိအမှတ်ပြုခံထားရပြီးသော ဒုက္ခသည် (၄၀၀၀) အား ပြန်လည်နေရာချထားရန် သြစတြေးလျမှလက်ခံမည်ဖြစ်သည်။

(၁၉၅၈) သြစတြေးလျရွှေ့ပြောင်းနေထိုင်မှု အက်ဥပဒေ (Australian Migration Act – 1958) ၏ သတ်မှတ်ချက်အရ ခိုလှုံခွင့် တောင်းခံသူများအား သြစတြေးလျနိုင်ငံမှ အခြား တတိယနိုင်ငံတနိုင်ငံသို့ ပို့ဆောင်၍ ၄င်းတို့၏ ခိုလှုံခွင့်တောင်းခံသည့် ကိစ္စရပ်များကိုစီစစ်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဖြစ်တည်မှုဆိုင်ရာ ဝန်ကြီး အားပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာသည် အဆိုပါ တတိယနိုင်ငံအနေနှင့် ဒုက္ခသည်များ ဆိုင်ရာကိစ္စရပ်များအား ဥပေဒေကြောင်းအရ နိုင်ငံတကာဥပဒေများ (သို့) ပြည်တွင်းဥပဒေများနှင့် အညီအသိအမှတ်ပြုမှသာ အာဏာတည်သည်ဟုသြစတြေးလျ အထက်တရားရုံး၏ တရားစီရင် ချက်တွင် ဖေါ်ပြထားခဲ့သည်ဟုလင်မှ ဆိုခဲ့သည်။

ဆိုလိုသည်မှာ

• ခိုလှုံခွင့်တောင်းခံသူများ(Asylum Seekers) အား ကာကွယ်နိုင်ရန်အတွက် လိုအပ်ချက်များကို အကဲဖြတ်ရန် ၄င်းတို့အား ထိရောက်မှုရှိသော လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်စေခြင်း၊

• ခိုလှုံခွင့်တောင်းခံသူများအား ဒုက္ခသည် (Refugees) အဖြစ် အသိအမှတ်အပြုမခံရ သေးခင်စပ်ကြား ကာလတွင် ကာကွယ်စောင့်ရှောက်မှုပေးအပ်ခြင်း၊

• ဒုက္ခသည် အဆင့်အတန်း ပေးအပ်ခံ ထားရသူများအား ပြန်လည်နေရာ ချထားရန် တတိယနိုင်ငံသို့ ပို့ဆောင်ခြင်းမပြုမီ (သို့) ၄င်းတို့၏ မိခင်နိုင်ငံဆီသို့ ဆန္ဒအလျောက် မပြန်မီကာလအတွင်း ကာကွယ်စောင့်ရှောက်မှု ပေးရန် တို့ဖြစ်သည်။

အထက်ပါ အဆင့်အတန်းသတ်မှတ်ချက် အပြင် တတိယနိုင်ငံအနေနှင့် လိုအပ်သော ကာကွယ်စောင့်ရှောက်မှုပေးအပ်ရန် လိုအပ်သောလူ့အခွင့်အရေးဆိုင်ရာအဆင့်အတန်းတရပ် ရှိနေရန်လိုအပ်သည်ဟုသြစတြေးလျရွှေ့ပြောင်းနေထိုင်မှုအက်ဥပဒေတွင် သတ်မှတ်ထားသည်။

သို့သော်လည်း မလေးရှားနိုင်ငံအားခိုလှုံသူများကို ပို့ဆောင်နိုင်သော တတိယနိုင်ငံအဖြစ် တရားဝင် ကြေငြာနိုင်ရန် သြစတြေးလျရွှေ့ပြောင်းနေထိုင်မှု အက်ဥပဒေမှ သတ်မှတ်ထားသော ဒုက္ခသည်များအနေနှင့် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်နိုင်စေရန်နှင့် ၄င်းတို့အား ကာကွယ်စောင့်ရှောက်နိုင်ရန် အချက်များအား မလေးရှားနိုင်ငံတွင် ဥပဒေကြောင်းအရ သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပေ။

လာမည့် (၅၅) နှစ်မြောက် လွတ်လပ်ရေးနေ့ မတိုင်မီကာလအတွင်း များစွာသော ဒုက္ခသည်များ ဆိုင်ရာ နိုင်ငံတကာလူ့အခွင့်အရေး သဘောတူညီချက်များအား သဘောတူလက်ခံသည့် လိုအပ်သော ဥပဒေများကို မလေးရှားလွှတ်တော်အနေနှင့် ပြဋ္ဌာန်းနိုင်မည်ဆိုလျှင် အဆိုပါ ဥပဒေများသည် မလေးရှားနိုင်ငံအတွက် ကြီးကျယ်သော မွေးနေ့လက်ဆောင်ကြီးတခု ဖြစ်လာလိမ့်မည်ဟု လင်မှဆိုခဲ့သည်။

ထိုအခါ မိမိတို့သည် အချုပ်အခြာ အာဏာပိုင်ဆိုင်သော နိုင်ငံများအကြားရင်ကော့၊ ခေါင်းမော့၍ ဝင့်ဝင့်ကြွားကြွား ရပ်တည်နိုင်လိမ့်မည်ဖြစ်သည်ဟု ၄င်းမှပြောကြားခဲ့သည်။

သူရိယသတင်းဂျာနယ်

Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။