Home » » ရေဘေးသင့် ရွှေ့ပြောင်း အလုပ်သမားများအား အခမဲ့ ဆေးဝါးကုသခွင့်ပြု

ရေဘေးသင့် ရွှေ့ပြောင်း အလုပ်သမားများအား အခမဲ့ ဆေးဝါးကုသခွင့်ပြု

Written By မောင်စေတနာ on Thursday, December 15, 2011 | 3:30:00 AM



photo: flicker
ထိုင်းနိုင်ငံအတွင်း ရေဘေးဒဏ် ခံနေရသည့်(နိုင်ငံခြားသား) ရွှေ့ပြောင်း အလုပ်သမားများအား ဆေးဝါးအခမဲ့ ကုသနိုင်ရန် ထိုင်းအစိုးအရ ကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဆေးရုံ ဆေးခန်းများသို့ (၂၈)ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ လိုက်သည်။

“ရေဘေးဒဏ်ကြောင့် ပြည်နယ်ပေါင်းများစွာနှင့် အထူးစီးပွားရေးဇုံများ ပျက်စီးဆုံးရှုံး ရပ်တန့်သွားသည့်အတွက် စက်ရုံကြီးများနှင့် လုပ်ငန်းခွင် လည်ပတ်နိုင်ရေး ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် ဝင်ငွေ မရတော့သဖြင့် အချို့သော အလုပ်သမားများသည် အခြားဒေသများသို့ ယာယီပြောင်းရွှေ့ နေထိုင်ရသည့်အတွက် ဆေးဝါးကုသမှု ခံယူနိုင်ရန် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသောကြောင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ကျန်းမာရေး အကျိုးဆောင် ကုသပေးနေသော ဆေးရုံး ဆေခန်းများသို့ ညွှန်ကြားချက် ထုတ်ပြန်ပေးခြင်းဖြစ်ပါသည်”ဟု အဆိုပါ အမိန့် ကြေညာစာ၌ ဖေါ်ပြထားသည်။

အဆိုပါ အမိန့်စာနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ရေဘေး ဒုက္ခသည်များအား အရေးပေါ် အကူအညီများ သွားရောက် ကူညီ ဆောင်ရွက်ပေးနေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်မှ “အခုလို ထိုင်းအစိုးရအနေနဲ့ ရေဘေးသင့် ရွှေ့ပြောင်း အလုပ်သမားတွေကို အခမဲ့ ဆေးကုသခွင့်ပေးဖို့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ တချို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆိုရင် မသန့်ရှင်းတဲ့ အစားအစာတွေ စားနေကြရပြီး မသန့်ရှင်းတဲ့ နေရာတွေမှာ နေရတာကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေပါတယ်။ တစ်ချို့ဆို ဆေးရုံ မရောက်ဘဲ သေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အစိုးရက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို ဒေသဆိုင်ရာ ဆေးရုံတွေက လိုက်နာ ဆောင်ရွက်ဖို့လည်း အထူး လိုအပ်မယ်။ ပြီးတော့ ထိုင်းဘာသာစကား မကျွမ်းကျင်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ထိုင်းအစိုးရ အနေနဲ့ ဆေးရုံတွေမှာ စကားပြန်တွေ ထားပေးနိုင်ရင် ပိုပြီး အကျိုးရှိမယ်လို့ ယူဆပါတယ်”ဟု ပြောကြားခဲ့သည်။

“အစိုးရမှ ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းတိုင်း (သို့မဟုတ်) အစိုးရမှ ကျန်းမာရေးအာမခံ ထားရှိသော ဆေးရုံ ဆေးခန်းတိုင်းတွင် ဆေးဝါး ကုသနိုင်ပါသည်။ ဆေးဝါကုသမှု ခံယူပြီး ဆေးဖိုးဝါးခ မပေးနိုင်သည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ လိုအပ်သည့် ဆေးဖိုးကုန်ကျငွေကို ရှာဖွေထောက်ပံ့ ကူညီ သွားမည် ဖြစ်ပါသည်” ဟုအမိန့်စာ၌ ဆက်လက် ဖော်ပြထားသည်။

“ကျနော် နေမကောင်းတာ (၃) ရက်လောက်ရှိပြီ။ သိပ်အဆိုးကြီးတော့ မဟုတ်ဘူးပေါ့။ ရေကြီးလို့ အလုပ်မဆင်း နိုင်တာရယ်။ သူဌေးက ကျနော်ရစရာရှိတဲ့ လုပ်အားခတွေ မပေးတာကြောင့် ကျနော်တို့မှာ ပိုက်ဆံမရှိဘူး။ ပြောရမယ်ဆိုရင် ဆေးရုံသွားဖို့ ကားခတောင်မရှိဘူး။ ထိုင်းစကားလည်း မတတ်တော့ ဆေးရုံလည်း မသွားရဲပါဘူး”ဟု ရေမြုပ်နေသည့် ဆောက်လက်စ ဆောက်လုပ်ရေးဝင်းအတွင်း နေထိုင်နေသည့် ဆောက်လုပ်ရေး အလုပ်သမား မောင်အောင်အောင်က ပြောသည်။

အဆိုပါ အမိန့်ကြေညာချက်ကို ထိုင်းအစိုးရ ကျန်းမာရေး ဝန်ကြီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နိုင်ဆွန်ချိုင် နိဖါနစ်က လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။