ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလက လူကုန်ကူးမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာအလုပ်သမား (၁၅)ဦး အနက်မှ (၇)ဦးအား ထိုင်းအစိုးရက မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အလုပ်သမားများ ပြောပြချက်အရ သိရှိရသည်။
သြဂုတ်လ (၁၆) ရက်နေ့တွင် ပြန်ပို့ခံရသည့် အလုပ်သမား မပပက “ကျမတို့ ကျိုင်းတုံကို ရောက်ခါနီးပါပြီ။ ဒီမှာ နှစ်ပတ်လောက် နေပြီးရင်တော့ အိမ်ကို ရောက်မယ် ထင်ပါတယ်’’ဟု ပြောပြသည်။
ကျန် အလုပ်သမား (၈)ဦးမှာ ဘန်ကောက်မြို့ လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်း (IDC)တွင် ကျန်ရှိနေဆဲဖြစ်ပြီး မည်သည့်နေ့တွင် ပြန်ရမည်ကို တိတိကျကျ မသိနိုင်သေးကြောင်း အချုပ်ခန်းထဲမှ အလုပ်သမား မသွယ်က ပြောပြသည်။
အဆိုပါ မြန်မာအလုပ်သမား (၁၅)ဦးမှာ ၂၀၁၁ ခုနှစ် ဧပြီလ (၁၉) ရက်နေ့တွင် ဘန်ကောက်မြို့ ဒင်းဒဲန် ရပ်ကွက်မှ တရုတ်အမျိုးသားနှင့် မြန်မာအမျိုးသမီး လုပ်ငန်းရှင် လင်မယား ပိုင်ဆိုင်သည့် အိမ်တွင်း အထည်ချုပ်စက်ရုံ လုပ်ငန်းမှ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ဖမ်းဆီးကယ်တင်ခဲ့သည့် မြန်မာအလုပ်သမား (၄၃) ဦးထဲမှ အလုပ်သမားများ ဖြစ်ကြသည်။
ထို (၄၃)ဦးထဲမှ အခြားသောအလုပ်သမား (၂၈) ဦးမှာ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက် အလုပ်လုပ်ကိုင်မှုဖြင့် ထိုင်း အာဏာပိုင်များက ပြီးခဲ့သည့် ဇွန်လက ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပြီး ဖြစ်သည်။
အဆိုပါ (၁၅) ဦးအား လအတန်ကြာသည်အထိ နေ့စဉ် (၁၆) နာရီ ထက်မနည်း အခန်းပိတ်လှောင်ပြီး ခိုင်းစေမှု၊ လုပ်အားခ ရှင်းမပေးမှုများနှင့် ညှဉ်းပန်း နှိပ်စက်မှုများကြောင့် လူကုန်ကူးမှု မြောက်သည်ဟုဆိုကာ ထိုင်းအာဏာပိုင်များက အစိုးရ သက်သေအဖြစ် ထားရှိခဲ့သည့် အလုပ်သမားများ ဖြစ်ကြောင်း ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့မှ ရဲအရာရှိ တဦးက ပြောသည်။
၎င်း ရဲအရာရှိက “သူဌေး လင်မယားကတော့ လောလောဆယ် ထောင်ထဲမှာရှိတယ်”ဟု ဆိုသည်။
ထို အထည်ချုပ်စက်ရုံ လုပ်ငန်းရှင် လင်မယား နှစ်ဦးသည် လူကုန်ကူးမှုဖြင့် စွဲဆို ခံထားရပြီး အမှုရင်ဆိုင် နေရဆဲ ဖြစ်သည်ဟုလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ရဲအရာရှိ ပြောပြသည်။
ပြီးခဲ့သည့် ဇွန်လ (၁၅) ရက်နေ့ကလည်း ထိုင်းနိုင်ငံ အလယ်ပိုင်း ဆူဖန်ဘူရီ ခရိုင်တွင် လူကုန် ကူးခံရသူ မြန်မာ (၅၇) ဦးကို အလားတူ ကယ်တင်ခဲ့ရသည့် အမှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းများအရ သိရသည်။
Source by :http://www.ghre.org/

0 comments:
Post a Comment