Home » » သရုပ်ဆောင် မော်ဒယ်လ်ယုသန္တာတင်နှင့် တွေ့ဆုံခြင်း ....

သရုပ်ဆောင် မော်ဒယ်လ်ယုသန္တာတင်နှင့် တွေ့ဆုံခြင်း ....

Written By မောင်စေတနာ on Friday, August 5, 2011 | 12:03:00 PM

http://www.weeklyeleven.com/images/stories/Aug11/Bi/e4182.jpg
‘အနုပညာလမ်းကြောင်းပေါ်မှာ ဖြောင့်မတ်မှန်ကန်သော နည်းလမ်းနဲ့ပဲ လျှောက်လှမ်းဖို့ ခံယူထားပါတယ်’ ၊
သရုပ်ဆောင် မော်ဒယ်လ်ယုသန္တာတင်နှင့် တွေ့ဆုံခြင်း ....

အနုပညာ ပန်းခင်းအတွင်းမှ ပန်းလေးတစ်ပွင့်။ စတင်ပွင့်လန်းရန် အရှိန်ယူနေသည့် ပန်းကလေးဟုဆိုလျှင် ပို၍မှန်ပေလိမ့်မည်။ မော်ဒယ်လ်စင်မြင့်များ ထက်ဆီမှ ကြော်ငြာ၊ billboard များတွင်ပါ တွေ့မြင်လာရသူ။ တစ်နည်းဆိုရသော် Miss ငွေဆောင်ဆုနှင့် ပရိသတ် တွဲဖက်သိမြင်ထားသူ မော်ဒယ်လ် ယုသန္တာတင်သည် ကြော်ငြာသရုပ်ဆောင် တစ်ယောက်အဖြစ်သို့ ယခုနှစ်ပိုင်းအတွင်း စတင်လှုပ်ရှားလာခဲ့ သည်။ ယုသန္တာတင်၏ အနုပညာခရီးလမ်းအစနှင့် အနုပညာအပေါ်သဘောထား၊ ရှေ့ဆက်လျှောက်လှမ်းမည့် ခရီးတို့ကို ယခုတစ်ပတ် အင်တာဗျူးကဏ္ဍအတွက် မေးမြန်းဖြစ်ခဲ့ရာ . . .

မေး ။ မော်ဒယ်လ်လမ်းကြောင်းကနေ စခဲ့တာဆိုတော့ အနုပညာနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်ကရော။

ဖြေ ။ မော်ဒယ်လ်သင်တန်း တက်ဖြစ်တဲ့ ရည်ရွယ်ချက်က နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စီစဉ်ထားတယ်။ အဲဒီအခါ အားနေတဲ့အချိန်လေးမှာ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုလည်း ပိုရချင်တဲ့အတွက် တက်ဖြစ်သွားတာ။ သင်တန်းပြီး သွားချိန်မှာ အသားဖြူဆေး ကြော်ငြာတစ်ခု ရိုက်ဖြစ်တယ်။ အဲဒီကနေ NaturE၊ မီကို Billboard၊ Max အချိုရည်ကြော်ငြာတွေ ရိုက်ဖြစ်တယ်။ နှစ်လလောက်အတွင်းမှာ ကြော်ငြာတွေ ဆက်တိုက်ရိုက်ဖြစ်ရာကနေ ကိုယ့်ပုံလေးတွေ ကိုယ်ပြန်မြင်ခွင့်ရတော့ ကျေနပ်မိတယ်။ အဲဒီကနေမှ ဒီအလုပ်ကို လုပ်ချင်တဲ့ စိတ်တွေဝင်လာပြီး ဆက်လုပ်ဖြစ်သွားတာ။

မေး ။ ကျောင်းသွားတက်ဖို့ စီစဉ်ပြီးခါမှ မော်ဒယ်လ်အလုပ်ကိုဆက်လုပ်ဖြစ်တာဆိုတော့ တစ်ခါတလေ နောင်တရတာမျိုးရော ရှိလား။

ဖြေ ။ ကျောင်းတက်ဖို့ ရည်ရွယ်ရင်းကနေ ဒီအလုပ်လေးလုပ်ခွင့်ရတဲ့အချိန်မှာ လုပ်ကြည့်ချင်တယ်၊ ကြိုးစားကြည့်ချင်တယ် ဆိုတဲ့စိတ်နဲ့ လုပ်ဖြစ်တာဆိုတော့ တစ်ခါတလေ အားငယ်မိတာမျိုး၊ စိတ်ညစ်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် ယု ဆုံးဖြတ်ထားတာက ကိုယ်လုပ်နိုင်တဲ့ အလုပ်တစ်ခုကို အကောင်းဆုံးဖြစ် အောင်တော့လုပ်ကြည့်မယ်။ လုပ်ရင်းနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုရင်တော့ တခြားတိုးတက်ရာ လမ်းကြောင်း တစ်ခုကို ထပ်ရွေးမယ်ဆိုပြီး ခံယူထားတယ်။ ဒါကြောင့် အနုပညာအလုပ် လုပ်စဉ်မှာလည်း တတ်နိုင်သမျှ ကြိုးစားမှာပါ။

မေး- မော်ဒယ်လ်ကနေ သရုပ်ဆောင်ဘက်ကို ကူးကြတဲ့သူတွေများတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ကူးပြောင်းဖို့ရော လွယ်ကူခဲ့လား။

ဖြေ ။ ရှိုးပွဲတွေလျှောက်ရင်းကနေ ပရိသတ်မျက်မှန်းတန်းမိလာသလို ဂျာနယ် မဂ္ဂဇင်းတွေမှာ ဓာတ်ပုံတွေပါလာတော့လည်း ပရိသတ်နည်းနည်း သိလာတာပေါ့လေ။ အဲဒီကနေ ဗီစီဒီတို့ကြော်ငြာတို့ ရိုက်ဖို့လာပြောကြတယ်။ ရိုက်ဖြစ်တဲ့ ကြော်ငြာတွေကလည်း ပရိသတ် သတိထားမိသွားစေတယ် ဆိုတော့အရမ်းတော့ မခက်ခဲခဲ့ဘူးလို့ ဆိုရမှာပါ။

မေး ။ ပရိသတ်စပြီးသိလာပြီဆိုတဲ့ အနေအထားကိုရော ကျေနပ်လား။

ဖြေ ။ ကျေနပ်လောက်တဲ့ အနေအထားတော့ မရသေးဘူး။ အပြင်မှာတွေ့ရင် ဟိုကြော်ငြာထဲက မော်ဒယ်လ် လေ၊ ဟို Billboard မှာ သရုပ်ဆောင်ထားတာစသဖြင့် သိစပြုလာတဲ့ အနေအထားတော့ ရောက်ပြီပေါ့လေ။ ဒါပေမယ့် အများကြီး ကြိုး စားရဦးမှာပါ။

မေး ။ အခွင့်အရေးဆိုတာမျိုး ကရော ကိုယ်တိုင်ဖန်တီးယူဖို့ လိုတာလား၊ ရလာမယ့်အချိန်ကိုပဲ စောင့်နေမယ်လို့ ဆုံးဖြတ်ထားတာလား။

ဖြေ ။ မှန်ကန်သော နည်းလမ်းနဲ့တော့ အခွင့်အရေးရချင်ပါတယ်။ တစ်ခါတလေမှ အခွင့်အရေးဆိုတာကို မသိလို့ လက်လွတ်ရတာ မျိုးရှိသလိုနည်းလမ်းမကျတဲ့ အခွင့်အရေး ဖြစ်တဲ့အတွက် လက်လွှတ်ရတာမျိုးလည်း ရှိပါတယ်။ မှန်ကန်သော နည်းလမ်းနဲ့ရလာတဲ့ အခွင့်အရေးမျိုးကိုပဲ လိုချင်ပါတယ်။ ယုရှေ့မှာ တိုင်ပင်ရမယ့် အမေတို့ ဆရာသမားတွေတို့ ကိုယ့်ထက်ဝါရင့်တဲ့စီနီယာတွေကို တိုင်ပင်လို့ရတဲ့အတွက် ဘယ်အလုပ်မဆို ညှိနှိုင်းတိုင်ပင်ပြီးမှပဲ ဆုံးဖြတ်ဖြစ်တယ်။

မေး ။ ဇာတ်ကားတွေရိုက်ဖို့ရော စပြီး လက်ခံဖြစ်နေပြီလား။

ဖြေ ။ ဇာတ်ကားရိုက်ဖို့ စဉ်းစားနေဆဲ ပါပဲ။ လာပြောထားတဲ့ ဇာတ်တွေက အများကြီးရှိပေမယ့် သူတို့ပေးလာတဲ့ ဇာတ်ကောင်စရိုက်က ယုကလုပ်နိုင် မလုပ်နိုင်ဆိုတာ စဉ်းစားနေတာပါ။

မေး ။ ကြော်ငြာတွေက တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့ အမြန်ဆုံးထိတွေ့နိုင်တဲ့ အရာဖြစ်နေတော့ ကြော်ငြာတွေမှာ သရုပ်ဆောင်တဲ့အခါမှာရော သေချာပြင်ဆင်ဖြစ်တာမျိုးရှိလား။

ဖြေ ။ ဟုတ်ပါတယ်။ ယုတို့လို စပြီး ကြိုးစားနေရတဲ့ အနေအထားမှာ ကြော်ငြာတွေက အရေးကြီးပါတယ်။ ကြော်ငြာတစ်ခုက ရိုက်ပြီး တစ်လလောက်အတွင်း ပြန်ထုတ်လွှင့်သလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ထုတ် လွှင့်တဲ့အတွက် ပရိသတ်နဲ့ပိုပြီး ထိတွေ့ခွင့်ရတယ်လေ။ ကြော်ငြာရမယ့် ကုန်ပစ္စည်းနဲ့ လိုက်ဖက်တဲ့ အ၀တ်အစား၊ အပြင်အဆင်ဖြစ်အောင် ကြို ပြင်ဆင်သလို သရုပ်ဆောင်တဲ့အခါမှာ လည်းတစ်ခုနဲ့တစ်ခု မထပ်အောင်ခွဲပြီး သရုပ်ဆောင်ဖြစ်ပါတယ်။

မေး ။ အနုပညာဆိုတာကို ဘယ်လိုနားလည်ထားလဲ။ အနုပညာနဲ့ ပတ်သက်လို့ရော ဘယ်လို ခံယူချက်ထားလဲ။

ဖြေ ။ အနုပညာဆိုတာက သင်ယူ လေ့လာလို့ မဆုံးနိုင်တဲ့ ပညာတစ်ခုပါ။ ဒါကြောင့် ယုအနေနဲ့ တတ်စွမ်းသရွေ့ သင်ယူလေ့လာသွားဖို့ ဆုံးဖြတ်ထားပါတယ်။ နောက်ထပ် ခံယူထားတာ က အနုပညာလမ်းကြောင်းပေါ်မှာ ဖြောင့်မတ် မှန်ကန်သော နည်းလမ်း နဲ့ပဲ လျှောက်လှမ်းဖို့ပါပဲ။

မေး ။ ဒီလမ်းကြောင်းပေါ်လျှောက်ရင် ကိုယ်စွမ်းကိုယ်စ ဆိုတာထက် သူများ အထောက်အပံ့ဆိုတာမျိုး မျှော်ကိုးကြတာတွေ များနေတဲ့ အပေါ်မှာ ညီမလေးက ဘယ်လိုခံယူထားလဲ။

ဖြေ ။ ဘယ်သူတွေ ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်တိုင်းကိုပဲ အကောင်းဆုံးဖြစ်အောင် စဉ်းစားပါတယ်။ လူတွေအားလုံးကတော့ သူ့အကြောင်း တရားနဲ့သူ၊ သူ့ခံယူချက်နဲ့သူပေါ့ လေ။ ယုအနေနဲ့ကတော့ ကိုယ်လုပ် စရာရှိတာလေးလုပ်၊ ကိုယ်နေတတ်သလို အေးအေးဆေးဆေးပဲ နေပြီးအချိန် တန်ရင်တော့ ကိုယ့်ရဲ့အကျင့်စာရိတ္တ၊ ကိုယ့်ရဲ့အနေအထိုင်အပြုအမူကို သိလာလိမ့်မယ်လို့ပဲ ခံယူထားပါတယ်။

မေး ။ လတ်တလော အနုပညာလှုပ်ရှားမှုအနေ နဲ့ ရော။

ဖြေ ။ လတ်တလောက ကုန်ပစ္စည်းပွဲတစ်ခုမှာ မော်ဒယ်လ်လျှောက်ရမယ်။ ကြော်ငြာက Brands ကြက်ပေါင်း ရည်ရိုက်ဖို့ရှိတယ်။ Billboard ကြော်ငြာတစ်ခု ရိုက်ဖို့လည်း ရှိတယ်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။