Home » » စင်ကာပူ လစာတိုးမြှင့်မှု မြန်မာများအတွက် မျှော်လင့်ချက်နည်းပါး

စင်ကာပူ လစာတိုးမြှင့်မှု မြန်မာများအတွက် မျှော်လင့်ချက်နည်းပါး

Written By မောင်စေတနာ on Sunday, May 8, 2011 | 5:13:00 AM



စင်ကာပူနိုင်ငံတွင် လာမည့်ဇူလိုင်လမှ စတင်ခါ နိုင်ငံခြားကျွမ်းကျင်လုပ်သား များနှင့် ပြည်တွင်းလုပ်သားများ၏ အခြေခံလစာများကို တိုးမြှင့်ပေးအပ်ရန် သတ်မှတ်လိုက်ကြောင်း သိရသည်။

လုပ်သားအမျိုးအစားများအလိုက် အခြေခံလစာများအတွက် စင်ကာပူ ဒေါ်လာ ၆၅၀ မှ ၈၅၀၊ S-pass များ အတွက် မူလအခြေခံ လစာ ၁,၈၀၀ မှ ၂,၀၀၀၊ Employment Pass များ အတွက် အမျိုးအစားများအလိုက် Q1 အတွက် ၂,၅၀၀ မှ ၂,၈၀၀၊ P2 အတွက် ၃,၅၀၀ မှ ၄,၀၀၀ နှင့် P1 အတွက် ၇,၀၀၀ မှ ၈,၀၀၀ သို့ အသီးသီးတိုးမြှင့် လိုက်ခြင်းဖြစ်သည်။

စင်ကာပူတွင် S-pass ဖြင့် အလုပ် လုပ်ကိုင်နေသည့် မမေစင်ဒီက "ရုတ်တရက်ကြည့်ရင် ဒီသတင်းက ပျော်စရာပေါ့။ ဒါပေမယ့် အားမနာတမ်းပြောရရင် အစိုးရက ပေးရမယ်ဆိုတဲ့အတိုင်း အလုပ်ရှင်တွေက လိုက်ပေးလိမ့်မယ်လို့ မထင်နဲ့၊ အရင်တုန်းကရော အခုရော အလုပ်သမားတွေကို အစိုးရက ၁,၈၀၀ ပေးရမယ်လို့ သတ်မှတ်ထားတာကို ဘယ်မှာ အားလုံးရကြလို့လဲ။ "ဒါက သူတို့ ကြောင့်ပဲတော့မဟုတ်ဘူး။ ဒီမှာ နိုင်ငံခြားသားလုပ်သားတွေက အပြိုင်အလုပ်ရှာနေကြတာ၊ လူတွေ ရဲ့ အရည်အသွေးကလည်း မတိမ်းမယိမ်းတွေဆိုတော့ သူတို့တွေက လခကို အနည်းဆုံးလျှော့ပေးရတဲ့ လုပ်သားကိုပဲ ရွေးချယ်လို့ရနေသ၍ ခန့်နေမှာပဲလေ။ အဲတော့ သေချာစဉ်းစားကြည့်ရင် မျှော်လင့်ထားသလောက်တော့ သိပ်ပျော်စရာကောင်းလာမှာ မဟုတ်ပါဘူး"ဟု အွန်လိုင်းမှတစ်ဆင့် ပြောသည်။

သင်္ကြန်အတွင်း ခေတ္တပြန်လာသည့် မြန်မာလူငယ်တစ်ဦးက"ဒီလစာကို ဘယ်သူတွေရမလဲဆိုရင် မန်နေဂျာအဆင့် အနောက်နိုင်ငံ သားတွေ၊ စီမံ ခန့်ခွဲမှုအပိုင်းမှာရှိတဲ့သူတွေလောက်ပဲ အဲဒီတိုးမြှင့်လိုက်တဲ့လစာကို ခံစားခွင့် ရကြလိမ့်မယ်။ သူ့နိုင်ငံသားတွေကတော့ မဖြစ်မနေပါကြမှာပေါ့။ "မြန်မာလုပ်သားတွေနဲ့ အောက်ခြေက လူတွေအတွက်ကတော့ မင်း ဒီလောက်နဲ့မလုပ်ဘူးလား၊ သွား၊ ငါ့မှာ ဒီလောက်နဲ့လုပ်မယ့်သူတွေ တန်းစီနေတယ်ဆိုတာမျိုးဖြစ်နေတာ"ဟု ပြော သည်။

CROWN Education ၏ပညာရေး အကြံပေးအရာရှိချုပ် ဦးအောင်ကျော်ဆန်းက "အခုလို S-pass အခြေခံ လစာတွေ တိုးမြှင့်လိုက် တယ်ဆိုပေမယ့် Supply နဲ့ Demand သဘောတရားအရ လက်တွေ့မှာ လစာနှိမ့်ပြီးရနေကြတဲ့ အဖြစ်အပျက်တွေကတော့ ရှိနေနိုင်ပါ သေးတယ်။ ဥပမာ S-pass လစာ ၁,၈၀၀ တုန်းကလည်း အလုပ်ရှင်အနေ နဲ့ အရည်အချင်းတူလစာ ၁,၅၀၀ နဲ့ လုပ်နိုင်တဲ့သူတွေက တန်းစီနေတော့ Contract ကို ၁,၈၀၀ နဲ့ ထိုးပြီး ပေးတော့ ၁,၅၀၀၊ ၁,၆၀၀ ပေးတာမျိုးတွေ ရှိနေပါတယ်"ဟု ပြောသည်။

စင်ကာပူသို့ သွားရောက်အလုပ်လုပ် ကိုင်သည့် မြန်မာလုပ်သားအများစု သည် WP နှင့် S-pass လုပ်သား အများစုဖြစ်ပြီး စင်ကာပူ အစိုးရက သတ်မှတ်ထားသော အခြေခံလစာအတိုင်း အပြည့်အ၀ရရှိမှုမှာ တစ်နှစ် ထက်တစ်နှစ် ပိုမိုလျော့နည်းလာလျက် ရှိကြောင်း သိရသည်။ ယခုကဲ့သို့ လစာများတိုးမြှင့်လိုက် ခြင်းသည် စင်ကာပူလုပ်ငန်းရှင်များအား နိုင်ငံခြားသားလုပ်သားများကို ရှာဖွေ အလုပ်ခန့်ထားရာတွင် အရည်အသွေး မြင့်မားသော ကျွမ်းကျင်လုပ်သားများကို ခန့်ထားရန် တွန်းအားပေးခြင်းတစ်ရပ် ဖြစ်ကြောင်း သိရသည်။

စင်ကာပူတွင် မြန်မာလုပ်သားများ၏ အနိမ့်ဆုံးအဆင့်မှာ စက်မှုလက်မှု အသက်မွေးဝမ်းကျောင်းအတတ်ဖြင့် လုပ်ကိုင်ရသော လုပ်ငန်းခွင်အများစုဖြစ် ခဲ့သော်လည်း ယခုနောက်ပိုင်းတွင်မူ ဟိုတယ်လုပ်ငန်းခွင်များ၊ နည်းပညာလုပ်ငန်းများ၊ စာရင်းအင်းအလုပ် အကိုင်များ၊ ကွန်ပျူတာ အော်တိုကတ်များဖြင့် သွားရောက်လုပ်ကိုင်လာကြသည်။

Source by :http://www.myanmar.mmtimes.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။