Home » » ထိုင်း ဒုက္ခသည်စခန်း ရေကြီး ...

ထိုင်း ဒုက္ခသည်စခန်း ရေကြီး ...

Written By မောင်စေတနာ on Sunday, August 7, 2011 | 4:43:00 AM

http://www.irrawaddy.org/bur/images/stories/5_8_2011_NEWs_THOO_1.jpg
ရေကြီးနေသော မယ်ရာမို ဒုက္ခသည်စခန်း (ဓာတ်ပုံ - စောပန်းနု)

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းမြန်မာနယ်စပ်ရှိ မယ်ရာမို ဒုက္ခသည်စခန်းမှ ဆန်ဂိုဒေါင် ၃ ခု နှင့် နေအိမ် ၄၀၆ လုံး ရေနစ်မြုပ်သွားသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် မယ့်စရီယမ်မြို့နယ်တွင် တည်ရှိသော ထိုစခန်းရှိ ရေဘေးသင့်မိသားစုဝင်များကို ရေလွတ်ရာ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတို့တွင် ယာယီ နေထိုင်ခွင့် ပေးထားသည်ဟု သိရသည်။

“(ကူညီကယ်ဆယ်ရေး) အဖွဲ့တွေကို အရေးပေါ် အစည်းအဝေး ခေါ်ထားတယ်၊ အဲဒီ အဖွဲ့တွေကို အရင်ဆုံး လိုအပ်တဲ့ ပစ္စည်းတွေ လုပ်ဆောင်ပေးနိုင်ဖို့ အတွက် စီစဉ်ထားတယ်” ဟု ကရင်ဒုက္ခသည် ကော်မတီ (KRC) တာဝန်ခံ စောတူးတူးက ဧရာဝတီသို့ ပြောသည်။

ဆုံးရှုံးမှုများထဲတွင် ဆန်အိတ် ၂၉၇၀ အိတ်၊ မူလတန်းကျောင်း နှင့် စာကြည့်တိုက်ရှိ ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။

မယ်ရာမို အနီးရှိ မယ်လဦး ဒုက္ခသည် စခန်းတွင်လည်း ရေကြီးသဖြင့် အိမ်ခြေ ၃၀၊ စာသင်ကျောင်း တကျောင်းနှင့် သီးနှံ စိုက်ခင်းများ ရေနစ်မြုပ်သွားခဲ့ကြောင်း ထိုစခန်းတွင် နေထိုင်သူ တဦးက ပြောသည်။

မယ်စရီယမ်မြို့နှင့် ထိုဒုက္ခသည် စခန်းများကို ဆက်သွယ်ထားသော ကားလမ်းများလည်း ပျက်စီးသွားသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့တခု၏ ယာဉ်မောင်းသူတဦးက ပြောသည်။

http://www.irrawaddy.org/bur/images/stories/5_8_2011_NEWs_THOO_2.jpg
မယ်ရာမို ဒုက္ခသည်စခန်း တနေရာမှ အပျက်အစီးများ (ဓာတ်ပုံ - စောပန်းနု)

“လုံးဝ သွားလို့ မရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သစ်ပင်ကြီးတွေ ကျိုးတယ်၊ တောင်တွေ ပြိုပြီးတော့ လမ်းတွေ ပိတ်နေတယ်” ဟု သူက ရှင်းပြသည်။

ထိုစခန်းတွင် နေထိုင်သူ ဒုက္ခသည်များသည် ၁၉၈၃ နောက်ပိုင်း ကရင်ပြည်နယ်နှင့် အနီးတ၀ိုက်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကြသူများ ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း တသိန်း ခြောက်သောင်း ခန့် ရှိကြောင်း သိရသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။