Home » » မေသက်ခိုင် နှင့် တွေ့ဆုံခြင်း ...

မေသက်ခိုင် နှင့် တွေ့ဆုံခြင်း ...

Written By မောင်စေတနာ on Monday, May 30, 2011 | 4:53:00 AM

‘ကိုယ့်ကြိုးစားမှု ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး တက်လာသူဖြစ်တဲ့အတွက် အနုပညာနဲ့ ပတ်သက်ရင် မာနရှိပါတယ်’ ၊ မေသက်ခိုင် နှင့်တွေ့ဆုံခြင်း ....
e477

အနုပညာသက်တမ်း လေးနှစ်ဝန်းကျင်ရှိပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ ပရိသတ် အသိအမှတ်ပြုမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးနဲ့ ဒီတစ်ပတ်မှာ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူက အနုပညာခရီးကို သူ့ရဲ့အနုပညာပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှု၊ ကလေးဆန်တဲ့ မျက်နှာလေးနဲ့ နှစ်လိုဖွယ်သရုပ်ဆောင်ချက် တွေကို အရင်းတည်ပြီး သူ့ပရိသတ်ကို တည်ဆောက်ရယူခဲ့သူပါ။ ၂၀၁၁ ခုနှစ်မှာ သူပါဝင်တဲ့ ဇာတ်ကားအများစု ပရိသတ်ရှေ့ရောက်ရှိလာခဲ့ပြီး သူမရဲ့အနုပညာ စွမ်းရည်ကိုလည်း ပရိသတ်တွေ ပိုမိုသတိပြုမိလာခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားကြီးအပြင် မင်းသားအများစုနဲ့ တွဲဖက်ညီစွာ လှုပ်ရှားလာတာကိုလည်း တွေ့မြင်ရတာကြောင့် မေသက်ခိုင်ဆိုတဲ့ အနုပညာရှင်ရဲ့ အနုပညာခရီးနဲ့ ခံယူချက် သဘောထားတွေအပေါ် မေးမြန်းဖြစ်တာတွေ ကတော့ . . . .

မေး ။ လတ်တလော အနုပညာလှုပ်ရှားမှု ဘယ်လိုရှိနေလဲ။

ဖြေ ။ ကားရိုက်၊ ပြက္ခဒိန်နဲ့ နယ်ပွဲတွေမှာ သီချင်းသွားဆိုဖြစ်တယ်။ ဒီနှစ်ပိုင်းမှာ ထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိပါဘူး။ တစ်လကို ဗီဒီယိုလေးကားလောက် ရိုက်ဖြစ်တယ်။ ထူးခြားတာကတော့ အရင်တုန်းက ရိုက်ထားတဲ့ကားတွေက ဒီနှစ်ပိုင်းမှ စုထွက်လာတယ်။

မေး ။ ဒီနှစ်ထဲမှာ ညီမကို ပရိသတ်တွေမမြင်ဖူးတဲ့ ဇာတ်ရုပ်လေးတွေနဲ့ တွေ့မြင်ရသလို မင်းသားအစုံနဲ့လည်း လက်တွဲလာတယ်နော်။

ဖြေ ။ ဟုတ်တယ်အစ်မ။ ဒီနှစ်ပိုင်း မှာရိုက်ဖြစ်တဲ့ ဇာတ်ကားတွေက ဇာတ်လမ်းလေးတွေ ကောင်းတယ်။ သမီး ကိုယ်တိုင်ကလည်း ဇာတ်လမ်းနဲ့ ကိုယ်ပါရမယ့် ဇာတ်ရုပ်လေးတွေကို သေချာရွေးဖြစ်တယ်။ ပြီးတော့ ကိုယ် မရိုက်ဖူးသေးတဲ့ သရုပ်ဆောင်တွေ နဲ့လည်း ဦးစားပေးရိုက်ဖြစ်တယ်။

မေး ။ ကားရိုက်တွေ ပုံမှန်ရှိနေတော့ တစ်ကား နဲ့တစ်ကား ထပ်မသွားအောင် ပြင်ဆင်ဖြစ်လား။

ဖြေ ။ သမီးက အရမ်းဆန်းလို့မရဘူးလေ။ အဲဒီတော့ အ၀တ်အစားဘက်မှာ အရောင်စုံအောင် ၀တ်တယ်။ အထူးသဖြင့်တော့ ဆံပင်ပုံစံကို နည်းနည်းဆန်းအောင်လုပ် ရတယ်။ ပါရတဲ့ ကာရိုက်တာပေါ် မူတည်ပြီး လိုက် ဖက်အောင် ပြင်ဆင်ရတာပေါ့။

မေး ။ ဇာတ်ကားရိုက်ဖို့ လက်ခံတဲ့အခါ ဘယ်လို ပုံစံနဲ့ ရွေးချယ်လေ့ရှိလဲ။

ဖြေ ။ ရှုတင်ကအမြဲရှိနေတာဆိုတော့ ကိုယ်လုပ်ရတဲ့အလုပ်မှာ ပျော်နေဖို့က အရေးကြီးတဲ့အတွက် ပျော်ရွှင်စွာ နဲ့လုပ်ရမယ့် အလုပ်ကိုပဲရွေးတယ်။

မေး ။ ဒရာမာ အသားပေး ဇာတ်ကားဖြစ်တဲ့ အမုန်းမီးတောက် ရုပ်ရှင်ကားမှာ ညီမအနေနဲ့ အနုပညာမှတ်တိုင်အတွက် မျှော်လင့်ချက်ရှိလား။

ဖြေ ။ အဲဒီကားမှာ သမီးက တစ်မိသားစုလုံးက အလိုလိုက်ခံထားတဲ့ ဗိုလ်ကျ တတ်တဲ့ ရောဂါသည်ကောင်မလေး အဖြစ်ပါရတယ်။ အဲဒီလောက်ပါပဲ။ ဒီကား မှာသမီးရဲ့လုပ်ကွက်က မျှော်လင့်ချက် သိပ်ထားလို့ရတဲ့နေရာ မဟုတ်ပါဘူး။ အနုပညာပိုင်းမှာ အရမ်းတော်တဲ့ လူကြီးတွေပါတဲ့အပြင် လူကြီးတွေကို အသားပေးထားတဲ့ ဇာတ်ကားပါ။

မေး ။ နယ်မှာ မကြာခဏ သီချင်းသွားဆိုလေ့ရှိတော့ နောက်ပိုင်းမှာ ဂီတဘက်မှာပါ တွေ့ရမှာလား။

ဖြေ ။ သီချင်းဆိုတယ်ဆိုတာ သရုပ်ဆောင်တစ်ယောက် အနေနဲ့ပဲ ဆိုတတ်တာပါ။ ဂီတဘက်မှာ မကျွမ်းကျင်ပါဘူး။ နယ်တွေမှာ သီချင်းသွားဆိုတယ် ဆိုတာက ပရိသတ်တွေနဲ့ ထိတွေ့မှု ရချင်တာရယ်၊ ကိုယ်မရောက်ဘူးသေးတဲ့ဒေသကို ရောက်ဖူးချင်တာရယ်ကြောင့်ပါ။ ဂီတကို တကယ်ကျွမ်းကျင်တဲ့ သူတွေရှေ့မှာ ဆိုပြရလောက်အောင် ပညာမရှိပါဘူး။

မေး ။ ကြော်ငြာတွေမှာ တွေ့မြင်ရမှုနည်းတယ်နော်။ ကြော်ငြာရိုက်ကူးရမှုဘယ်လိုရှိလဲ။

ဖြေ ။ သမီးက ကြော်ငြာမင်းသမီး မဟုတ်ပါဘူး။ ရိုက်ရတဲ့ ကြော်ငြာလေးမှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြစ်တယ်။ ကြော်ငြာ နည်းပေမယ့် ပါရတဲ့ကြော်ငြာလေးတွေကို ပရိသတ်က သိကြတယ်။

မေး ။ အနုပညာရပ်ဝန်းမှာ ကိုယ့်ပရိသတ်အဖြစ် ရယူနိုင်ဖို့ ကြိုးစားရတဲ့အပိုင်းမှာ ဘယ်လိုရှိလဲ။

ဖြေ ။ ကိုယ့်လုပ်ရမယ့် အလုပ်ကိုပဲ စိတ်ဝင်စားတယ်။ သမီးအနေနဲ့ ရရှိတဲ့ ဇာတ်ရုပ်မှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့ပဲ ကြိုးစားပါတယ်။

မေး ။ ဇာတ်ကားရိုက်တဲ့အခါမှာ အ၀တ်အစားပိုင်းကို ဒီဇိုင်နာ သီးသန့်ထားလား။

ဖြေ ။ အ၀တ်အစားပိုင်းမှာ မထပ်အောင်လို့ ဒီဇိုင်နာထားပါတယ်။ အရင်တုန်းကတော့ မမေသက်လွင် တစ်ယောက်တည်းပေါ့။ အခုနောက်ပိုင်းမှာ တော့ မမေသက်လွင် တစ်ယောက်တည်း မနိုင်တဲ့အတွက် မသွင်စုထွေးတို့ မလတ်တို့ စသဖြင့်ပေါ့၊ ဒီဇိုင်နာ အများစုထံမှာ အပ်ဖြစ်တယ်။

မေး ။ အနုပညာနဲ့ ပတ်သက်ပြီး ညီမရဲ့မျှော်လင့်ချက်က ဘယ်လိုရှိလဲ။

ဖြေ ။ မျှော်လင့်ချက်ရယ်လို့တော့ မဟုတ်ပါဘူး။ လက်ရှိ အနေအထားအရ ပြောရရင် သမီးအခုအသက် ၂၁ နှစ်မှာ ပရိသတ်အထိုက်အလျောက် ရှိထားတယ်။ အခုလို ပရိသတ်ရရှိတယ် ဆိုတာကလည်း သမီးလုပ်နေတဲ့ အလုပ်ကြောင့်ပေါ့။ ဒါကြောင့် ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ်၊ ကိုယ့်ရပ်တည်မှု အပေါ် စိတ်ချမ်းသာပါတယ်။ ဒီထက် တိုးတက်ကောင်းမွန်ဖို့တော့ လူတိုင်း မက်မောကြပါတယ်။ အဲဒီအတွက် ရှေ့ဆက် ကြိုးစားမယ်။ သမီးကြိုးစား သလောက်လည်း ပရိသတ်ရချင်ပါတယ်။

မေး ။ ညီမရဲ့ အနုပညာခံယူချက် ဆိုရင်ရော။

ဖြေ ။ သမီးအနေနဲ့ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ ခံယူချက်မျိုးမရှိပေမယ့် ကိုယ်လုပ်နိုင်တဲ့အပေါ်မှာ အကောင်းဆုံး လုပ်ပြချင်ပါတယ်။

မေး ။ ပရိသတ်တွေ ချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တွေ အနေနဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးတာ ရှိသလို ကောလာဟလတွေလည်း ရှိတတ်တော့ ညီမအနေနဲ့ အဲဒီအပေါ် ခံစားမှုဘယ်လိုရှိလဲ။

ဖြေ ။ သမီးက ၁၀တန်းအောင်စာရင်း ထွက်ပြီးတာနဲ့ ဒီလောကထဲ တန်းရောက်လာတာပါ။ လွတ်လပ်ချိန်ဆိုတာမျိုး မရှိဘဲနေခဲ့ရတာဆိုတော့ သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့အတွက် လွတ်လပ်မှု ဆုံးရှုံးသွားတာမျိုး မရှိပါဘူး။ ဒါ ကြောင့် အထူးတလည် ခံစားမှုမျိုးလည်း မရှိပါဘူး။

မေး ။ မေသက်ခိုင်က အနုပညာလောကမှာ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည် လျှောက်လှမ်းနေသူလဲ။

ဖြေ ။ သမီးကအနုပညာနဲ့ ပတ်သက်ရင် နည်းနည်းတော့ မာနကြီးတယ်။ သမီး ဒီလောကထဲကို တီဇာကြီး(မေသဉ္ဇာဦး)ရဲ့ တူမဆိုပြီး စ၀င်လာတာ ဖြစ်ပေမယ့် သမီးကားရိုက်ရဖို့၊ အနုပညာအလုပ် လုပ်ခွင့်ရဖို့အတွက် ဘယ် ဒါရိုက်တာ၊ ဘယ်မင်းသား၊ ဘယ်ထုတ်လုပ်ရေးကိုမှ ကပ်ပေါင်းတာမျိုး မရှိခဲ့ဘူး။ ရှုတင်ရောက်လာရင် အားလုံးနဲ့တည့်အောင် နေတယ်။ ဘယ်သူ့ကိုမှမှီခိုပြီး တက်လာတာမျိုး မဟုတ်ဘဲ ကိုယ့်ကြိုးစားမှု ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး တက်လာသူဖြစ်တဲ့အတွက် အနုပညာနဲ့ ပတ်သက်ရင် မာနရှိပါတယ်။ သူများတွေနဲ့ရောပြီး ကိုယ့်ကိုအပြောခံရရင်တော့ သမီးမာနက ငြိမ်မနေဘူး။ သမီးငယ်ငယ်ကတည်းက အမေနဲ့သမီး နှစ်ယောက်တည်း နေလာခဲ့တာဖြစ်တဲ့အပြင် အမေက လည်း သူမရှိရင်လည်း ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ရပ်တည်ဖို့ လမ်းညွှန်ထားတယ်။ ဒါကြောင့် ခိုင်ခိုင်အနေနဲ့ ကိုယ်လုပ်လိုက်တဲ့ အလုပ်နဲ့ ကိုယ်ရပ်တည်နေတဲ့ ကိုယ့်ဘ၀ကိုယ် လိပ်ပြာလုံတယ်။ ကိုယ့်ရပ်တည်မှုနဲ့ ပတ်သက်ပြီး ထိပါးလာရင်တော့ ဘယ်တော့မှ သည်းမခံတတ်ပါဘူး။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။